“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး သားများ ပြည်နယ်ကို ဖွဲ့စည်း တည်ထောင်ရန် ရည်ရွယ်ထားတဲ့အလျောက် ကြားကာလ ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းပါ နိုင်ငံရေး စစ်ရေး လုပ်ငန်းတွေကို စနစ်တကျ သေနင်္ဂဗျူဟာ နည်းဗျူဟာတွေ ရေးဆွဲကာ တိုင်းရင်းသား အင်အားစုတွေနဲ့အတူ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်မှာဖြစ်တယ်။” IDNSC ဥက္ကဋ္ဌ မန်းဖန်းရှောင်း
အဝေးရောက် ဧရာဝတီနိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူများက ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများပြည်နယ်ကောင်စီ(IDNSC)ကို ဖွဲ့စည်းလိုက်ကြောင်း ယခုလ ဩဂုတ်လ ၁ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေးနှင့် ညှိနှိုင်းမှုကော်မတီ(FCDCC)၏ ဖက်ဒရယ်ပြည်ထောင် စု သမ္မတ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ (ဒုတိယမူကြမ်း)ပါ အခန်း (၃)၏ ပုဒ်မ (၄၆) ဖက်ဒရယ်ပြည် ထောင်စုအဖွဲ့ဝင် ပြည်နယ်များဆိုင်ရာအခြေခံမူ (က) နှင့် (ခ)အရ ယခုလို ပြည်နယ်ကောင်စီကို ဖွဲ့စည်းလိုက် ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ထို့အပြင် (FCDCC)၏ ဖက်ဒရယ်ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံ ဥပဒေ (ဒုတိယ မူကြမ်း) ကို လည်း တရားဝင်ကြားကာလဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအဖြစ် သတ်မှတ်ကျင့်သုံးသွားမည် ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ထို့ကြောင့် ယခုလို ဖွဲ့စည်းလိုက်သည့် IDNSC ၏ ရည်ရွယ်ချက်၊ နိုင်ငံရေး ဦးတည်ချက် နှင့် ၎င်းတို့ ဖော်ဆောင် သွားမည့် ရှေ့လုပ်ငန်းစဉ်တွေအပြင် ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် ပြည်နယ်တစ်ခု ပေါ်ပေါက် ရေးသည် မည်မျှ အရေးကြီးကြောင်းကို ကောင်စီ ဥက္ကဌဖြစ်သူ မန်းဖန်းရှောင်းအား အီးမေးလ်မှတဆင့် ဆက်သွယ် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
မေး- IDNSC ကို ဖွဲ့စည်းဖြစ်လိုက်ရတဲ့ အဓိက ရည်ရွယ်ချက် နဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်ဆောင်ရွက်ခဲ့ရတာတွေကို သိပါရစေ။
အဓိက ရည်မှန်းချက် ၃ ရပ်ရှိပါတယ်။ မဟာလူမျိုးကြီးဝါဒ ကိုလည်းကောင်း၊ ဖက်ဆစ်အာဏာရှင်စနစ်ကို လည်းကောင်း ကျင့်သုံးနေတဲ့ စစ်အစိုးရ စစ်ဗျူရိုကရေစီ ယန္တရားအားလုံးကို အကုန်အစင်တိုက်ဖျက်ဖယ်ရှားဖို့၊ ဧရာဝတီ မြစ်ဝကျွန်းပေါ် အမျိုးသားများ ပြည်နယ်ထူထောင်ဖို့ နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ဖို့ ဖြစ်ပါတယ်။
IDNSC ကို ဖွဲ့စည်းဖို့ မိတ်ဖက်တိုင်းရင်းသားပါတီတွေ မိတ်ဖက်တိုင်းရင်းသားလူမျိုးစုတွေ မိတ်ဖက် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ အဝေးရောက်ဧရာဝတီမျိုးဆက်တွေ CDM တွေ အစဉ်အလာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ နဲ့ အစည်းအဝေးအကြိမ်ကြိမ်ပြုလုပ်ပြီးတော့ ဧရာဝတီ နိုင်ငံရေးစုဖွဲ့မှုတစ်ရပ် ပေါ်ပေါက်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီနိုင်ငံရေးစုဖွဲ့မှုကနေ ဩဂုတ်လ ၁ ရက်နေ့မှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်အမျိုးသားများ ပြည်နယ်ကောင်စီ IDNSC ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပါတယ်။
မေး- IDNSC မှာ ပါဝင်တဲ့ လူပုဂ္ဂိုလ်တွေက ဘယ်နိုင်ငံရေး အစုအဖွဲ့ အသီးသီးကို အခြေခံထားပြီး တော့ စုဖွဲ့ထားတာမျိုးဖြစ်လဲဆိုတာလေးလည်း ရှင်းပြပေးပါ။
IDNSC မှာ ပါဝင်နေတဲ့ လူပုဂ္ဂိုလ်အများစုက ဧရာဝတီမြစ်ဝကျွန်းပေါ်မှာရှိတဲ့ တိုင်းရင်းသားတွေ ဖြစ်တဲ့ ကရင်၊ ရခိုင်၊ မွန်၊ ချင်း(အရှို) နဲ့ ဗမာ တို့ကို ကိုယ်စားပြုတဲ့ လူမျိုးစု ကိုယ်စားပြု ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားပါတီ တွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ဖြတ်သန်းမှု အစဉ်အလာရှိတဲ့ မျိုးဆက်အသီးသီးက ပုဂ္ဂိုလ် တွေ၊ အဝေးရောက်ဧရာဝတီသားတွေ CDM အမျိုးသမီး စတဲ့ယုံကြည်စိတ်ချရတဲ့ အင်အားစုတွေကို ကျစ်လစ် ခိုင်မာစွာစုစည်းဖွဲ့စည်းပြီး ခြေလှမ်းစခဲ့တာဖြစ်ပြီးတော့ ထပ်မံတိုးချဲ့တာ ပြင်ဆင်ဖြည့်စွက်တာတွေကို စနစ် တကျတွေ့ဆုံဆွေးနွေးတိုင်ပင်ပြီး ဖြည့်စွက်သွားမှာဖြစ်ပါတယ်။
ဧရာဝတီ မြစ်ဝကျွန်းပေါ် အင်အားစုတွေသာမက တစ်နိုင်ငံလုံးအင်အားစုတွေ ထောက်ခံမှု ပူးပေါင်း ဆောင်ရွက် ရအောင် IDNSC က အလေးအနက် မူဝါဒတစ်ရပ် အနေနဲ့ လက်ခံ ကျင့်သုံး ဆက်သွယ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး- လက်ရှိ ပေါ်ပေါက်လာတဲ့ ပြည်နယ်ကောင်စီက အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ ချိတ် ဆက်ပူးပေါင်းဆောင်ရွက်မှုအခြေအနေကော ဘယ်လိုရှိနေလဲ။
ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများ ပြည်နယ်ကောင်စီ မပေါ်ပေါက်မီ ဧရာဝတီလွှတ်တော် ကိုယ်စားပြု ကော်မတီ နဲ့ တွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပါတယ်။ IDNSC အနေနဲ့ CRPH နဲ့ NUG နဲ့ အခြား နိုင်ငံရေး အင်အားစုတွေနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ် အခိုင်အမာရှိပါတယ်။
မိမိတို့ ခံယူထားတဲ့ မူဝါဒလမ်းစဉ် သဘောထား ရပ်တည်ချက်တွေမှာဆိုရင် (၁)အချက်အနေနဲ့ ပြည်သူသာ အမိ ပြည်သူသာ အဖဆိုတဲ့ ဆောင်ပုဒ်ကို မူဝါဒအဖြစ် ကျင့်သုံးမယ်။ (၂)အချက်အနေနဲ့ အခြေခံမူပါ အချက် ၁၂ ချက် ကို မူဝါဒအဖြစ် ကျင့်သုံးမယ်။ (၃)အချက်အနေနဲ့ တပ်ပေါင်းစု နဲ့ အောင်ပွဲခံမယ်ဆိုတဲ့ သဘောတရားကို မူဝါဒ အဖြစ် ကျင့်သုံးမယ်။ (၄)အချက် အနေနဲ့ တန်းတူရေး နဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံပြီး တိုင်းရင်းသား လူမျိုးပေါင်းစုပါဝင်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးကို မူဝါဒ လမ်းစဉ် သေဘာထားအဖြစ် ကျင့်သုံးမည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဧရာဝတီအမျိုးသားများ ပြည်နယ်အဖြစ် ထူထောင်ရေးကို မူဝါဒလမ်းစဉ် သဘောထားအဖြစ် အခိုင်အမာကျင့်သုံးမယ်။
နောက်ဆုံးအနေနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ တော်လှန်စစ်တွေကို အခိုင်အမာထောက်ခံပြီးတော့ စစ်အုပ်စုနဲ့ ၎င်း စစ်အုပ်စု နဲ့ ပတ်သက်တဲ့ အကျိုးစီးပွားအားလုံးကိုလည်း ရန်ဘက် ပဋိပက္ခအဖြစ် သတ်မှတ်တယ်။ ထို့အတူ နွေဦးတော်လှန်ရေးမှာ ဖက်ဆစ်စစ်အုပ်စုကို တော်လှန်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူ လူထုကြီး နဲ့ အတူ ပူးပေါင်းဆောင်ရွက်ကာ တစ်စုံတစ်ရာဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေကို ပြည်သူတွင်း ပဋိပက္ခအဖြစ် ညှိနှိုင်းတိုင်ပင် ဆွေးနွေးအဖြေရှာခြင်းကို မူဝါဒ လမ်းစဉ် သေဘာထားအနေနဲ့ ခံယူ ကျင့်သုံးမှာ ဖြစ်ပါတယ်။
မေး- IDNSC အနေနဲ့ မဟာလူမျိုးကြီး ဝါဒ၊ ဖက်ဆစ်အာဏာရှင် စနစ် နဲ့ စစ်အစိုးရ စစ်ဗျူရိုကရေစီ ယန္တရားကို တိုက်ဖျက်ဖယ်ရှားမည် ဆိုသည်မှာ မည်သည့် နည်းလမ်း ပုံစံတွေနဲ့ တိုက်ဖျက်သွား မှာလဲ။ လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းထားတာမျိုးကောရှိသလား။
IDNSC အနေနဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေး နဲ့ ညှိနှိုင်းမှုကော်မတီ FCDDC ရဲ့ ဖက်ဒရယ်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံ ဥပဒေ (ဒုတိယ မူကြမ်း) အခန်း ၃ ဖက်ဒရယ် ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များ ပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များဆိုင်ရာ အခြေခံမူ တွေဖြစ်တဲ့ (က) ဖက်ဒရယ် ပြည်ထောင်စုရဲ့ အဖွဲ့ဝင် ပြည်နယ်တွေသည် ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ အညီ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေး အပြည့်အဝ ရှိစေရမယ်။
(ခ) ဖက်ဒရယ် ပြည်ထောင်စုကို အမျိုးသား ပြည်နယ်တွေ အမျိုးသားများ ပြည်နယ် နဲ့ ဖက်ဒရယ် ပြည်ထောင်စု နယ်မြေတွေနဲ့ ဖွဲ့စည်းစေရမယ်။ ဒီ ပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုးသားများ ပြည်နယ်ကို ဖွဲ့စည်း တည်ထောင်ရန် ရည်ရွယ်ထားတဲ့အလျောက်ကြား ကာလ ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းပါ နိုင်ငံရေး စစ်ရေး လုပ်ငန်းတွေကို စနစ်တကျ သေနင်္ဂဗျူဟာ နည်းဗျူဟာ တွေ ရေးဆွဲကာ တိုင်းရင်းသား အင်အားစုတွေနဲ့အတူ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်မှာဖြစ်တယ်။
မေး- ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလအတွင်းက ဧရာဝတီပြည်နယ် ဖက်ဒရယ်ကောင်စီ (AYYSFC) ဆိုပြီး ဖွဲ့စည်း ခဲ့ပြီးတော့ ပြန်လည် ဖျက်သိမ်းလိုက်တာမျိုးလည်း ရှိတော့ အခု IDNSC ဖွဲ့စည်းခြင်း နဲ့ AYYSFC ဖွဲ့စည်းမှုပုံစံက ဘယ်လို ကွာခြားလဲ။
၂၃ ရက် တစ်လပိုင်း ၂၀၂၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ဧရာဝတီပြည်နယ် ဖက်ဒရယ်ကောင်စီ(AYYSFC) ကို ၃၀ ရက် ၁၁ လပိုင်း ၂၀၂၃ ခုနှစ်မှာ တရားဝင် ဖျက်သိမ်းလိုက်ပြီး တိုင်းရင်းသား ပါတီတွေ တိုင်းရင်းသား ကိုယ်စားပြု ပုဂ္ဂိုလ် တွေ အဝေးရောက် ဧရာဝတီမျိုးဆက်တွေ CDM အပါအဝင် အစဉ်အလာရှိတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ အတူ ကျစ်လစ်ခိုင်မာတဲ့သဘောထားအမြင်တူညီတဲ့ နိုင်ငံရေးအရ စိတ်ချယုံကြည်ရသူတွေနဲ့ ကနဦး စုဖွဲ့မှု တစ်ခုအဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ် အမျိုးသားများပြည် နယ်ကောင်စီ IDNSC ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပါ တယ်။
မေး- ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသအတွက် ပြည်နယ်တစ်ခု ဖွဲ့စည်းနိုင်ဖို့က ဘယ်လောက်အထိ အရေးကြီးလဲ။ ဘာကြောင့်လဲ။
ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို အမျိုးသားများ ပြည်နယ်တစ်ခုအဖြစ်ဖွဲ့စည်းရန် အလွန်အရေးကြီးတယ်လို့ ကျနော် တို့ IDNSC မှ အလေးအနက်ယုံကြည်ပါတယ်။ လတ်တလောမြေပြင်အခြေအနေအရ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှာရှိတဲ့ လူမျိုးပေါင်းစုံပြည်သူ လူထုတစ်ရပ်လုံးမှာ အကာအကွယ်မဲ့ ဖြစ်နေမှာ ထင်ရှားပါတယ်။ စစ်အုပ်စု ရဲ့ အနိုင်အထက်ကျင့်မှုတွေကို အပြင်းအထန် ခံနေရတယ်။ စစ်သားစုဆောင်တာ ဓနဥစ္စာငွေကြေးတွေကို ခြိမ်း ခြောက် လုယက်တာ အကြောင်းအမျိုးမျိုးပြပြီး ဆက်ကြေးတောင်းခံတာ ဆန်စပါးရေထွက်ကုန် ထုတ်လုပ်ငန်း အားလုံးကို ချုပ်ကိုင်ကာ စျေးနှိမ်ပြီးဝယ်ယူတာမျိုး စစ်တပ်အတွက် ရိက္ခာတောင်းတာမျိုး စတဲ့ လုယက်မှုမျိုးစုံ ကို သဏ္ဍာန်အမျိုးမျိုး နဲ့ ဆောင်ရွက်နေသည်မှာ ဧရာဝတီသားတွေ နေ့စဉ် ကြုံတွေ့နေရတဲ့ ဒုက္ခဆင်းရဲတွေပဲ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်မှာရှိတဲ့ လူမျိုးပေါင်းစုံပြည်သူလူထုတွေရဲ့ လူ့အခွင့်အရေးတွေကိုလည်း လက်နက် အားကိုး နဲ့ အပြင်းအထန် အနိုင်ကျင့် ပိတ်ပင်တားဆီးနေတာမျိုးလည်း တွေ့ရမှာဖြစ်ပါတယ်။
IDNSC အနေနဲ့ ဧရာဝတီအမျိုးသားများ ပြည်နယ်ရဲ့ ဝိသေသလက္ခဏာတွေဖြစ်တဲ့ ဧရာဝတီအမျိုး သားများ ပြည်နယ်မှာ မတူကွဲပြားတဲ့ တိုင်းရင်းသားတွေ ကရင်၊ ဗမာ၊ ရခိုင်၊ ချင်း နဲ့ မွန် အတူတကွ ကာလရှည်ကြာ ပူးပေါင်းနေထိုင်ဖို့၊ တိုင်းရင်းသားတွေအားလုံးမှာ မတူညီတဲ့ သမိုင်းကြောင်း မတူညီ တဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေ ကိုယ်စီရှိကြတဲ့အလျောက် ဒီယဉ်ကျေးမှု ဓလေ့ ထုံးစံတွေကို ကာကွယ်ဖို့ နဲ့ ဆက်လက်ပြီး ဖွံ့ဖြိုးမှု လုပ်ငန်းတွေကို အစီအစဉ်ရှိရှိ အကောင်အထည်ဖော်ဖို့။ အနာဂတ်မှာ ဖက်ဆစ်စစ်အာဏာရှင်တွေကို အပြီးတိုင် တိုက်ထုတ်ဖယ်ရှားပြီး ငြိမ်းချမ်းသာယာဝပြောတဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွင်း ဖက်ဒရယ်အမျိုးသားများ ပြည်နယ်တစ်ခုအဖြစ် တိုင်းရင်းသားလူမျိုးတိုင်း တန်းတူရေး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့် ရရေး စတဲ့ တန်းတူအခွင့်အရေးများဖြင့် ဂုဏ်သိက္ခာရှိတဲ့ အမျိုးသားပြည်နယ်တစ်ရပ် ထူထောင်ရန်မှာ အရေးတကြီး လို အပ်ချက်ဖြစ်သကဲ့သို့ IDNSC ဖွဲ့စည်းတည်ထောင်ရခြင်းမှာလည်း ဧရာဝတီမျိုးဆက်တွေရဲ့ မွေးရာပါ အခွင့် အရေးဖြစ်သကဲ့သို့ မွေးရာပါတာဝန်လည်း ဖြစ်တယ်လို့ အလေးအနက် ခံယူပါတယ်။