စစ်ရှောင်တစ်သိန်းကျော်အတွက် ရေရှည်ထောက်ပံ့မှုများ လွန်စွာခက်ခဲလာ

စစ်ရှောင်တစ်သိန်းကျော်အတွက် ရေရှည်ထောက်ပံ့မှုများ လွန်စွာခက်ခဲလာ

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ချွတ်ခြုံလာမှုကြောင့် သျှမ်းပြည်တောင်ပိုင်းက စစ်ဘေးရှောင် တစ်သိန်းကျော်အတွက် ရေရှည်ထောက်ပံ့မှုများ ခက်ခဲသည့် အခြေအနေရောက်ရှိနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ကထုတ်ပြန်သည့် သုတေသနစာတမ်းတွင်ဖော်ပြထားသည်။

စစ်ဘေးရှောင်အခြေအနေများသည် အာဏာသိမ်းပြီးကာလနှင့် ယခုကာလနှိုင်းယှဉ်ပါက အခြေအနေများ မတူညီတော့ဘဲ တိုက်ပွဲများကြောင့် သျှမ်းပြည်တောင်ပိုင်းတွင် စစ်ဘေးရှောင် ဦးရေ တစ်သိန်းနီးပါးအထိ မြင့်တက်လာနေသည်ဟု  ဇူလိုင် ၂၉ ရက်တွင် ပအိုဝ်းလူငယ်အစည်းအရုံး PYO မှ ထုတ်ပြန်သော စစ်အာဏာရှင်စနစ်ဆိုး၏မြေစာပင် သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

စစ်ဘေးရှောင် သုံးပုံ နှစ်ပုံခန့် အခြေခံစားဝတ်နေရေး လက်လှမ်းမီနိုင်ရန် အခက်အခဲ၊ စိန်ခေါ်ချက်များစွာဖြင့် အရေးပေါ်လိုအပ်မှု ပမာဏပိုပိုမြှင့်မားလာနေဆဲဖြစ်ပြီး၊ နီးစပ်ရာ တောတောင်နှင့် ဒေသများတွင် စစ်ဘေးတိမ်းရှောင်နေရသောပြည်သူများလည်း အများအပြားရှိနေဆဲဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO မှဝာာဝန်ခံ လီလီကပြောသည်။

“ အခုလောလောဆယ်က တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် သုံးပုံနှစ်ပုံက စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး အခက်ခဲဖြစ်နေဆဲ၊ စိတ်ခေါ်မှုတွေဖြစ်နေဆဲဖြစ်တယ်။ အရေးပေါ်လိုအပ်ချက်တွေ မြင့်မားနေဆဲဖြစ်တယ်။ အခုဒီလထဲမှာဘဲ ပင်လောင်းမှာ စစ်ဘေးရှောင်လာတဲ့ စစ်ဘေးရှောင်သက်ကြီးရွယ်အိုတွေ သုံးရက်ဆက်တိုက် သေဆုံးမှုဖြစ်တယ်။ အဓိကတော့ မိုးအဆက်မပြတ်ရွာသွန်းတာတွေ၊ အအေးဒဏ်မခံနိုင်တာတွေ၊ အမိုးအကာ၊ အခင်း၊ စောင်တွေမလုံလောက်တာ ” ဟု လီလီက ပြောသည်။

လက်ရှိ စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့မှုများတွင် တချို့သော အကူအညီများမှာ ဟန့်တားခံရခြင်း အထူးသဖြင့်ဆေးဝါးများကို ဟန့်တားခြင်းကြောင့် စစ်ဘေးရှောင်ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ထိခိုက်လာကြောင်း ဆိုသည်။

ကူညီထောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းလာခြင်းကြောင့် ပြီးခဲ့သည့် ဇူလိုင် ၂၅၊ ၂၆ ၊ ၂၇ ရက်နေ့တွင် ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတစ်နေရာတွင် စစ်ဘေးရှောင် သက်ကြီးရွယ်အို ၄ ဦးသေဆုံးမှု ဆက်တိုက်ဖြစ်စဉ်ဖြစ်ခဲ့သည်ဟု သိရသည်။

ယခု ၂၀၂၄ ခုနှစ်အတွင်း စားနပ်ရိက္ခာ၊ ဆေးဝါး အခက်ခဲအမျိုးမျိုးကြောင့် စစ်ဘေးရှောင်များ စစ်ရှောင်နေစဉ် ကာလအတွင်း မသေသင့်ဘဲ သေဆုံးရသူ ၁၀ ရာခိုင်နှုန်းရှိသည်ဟု ပအိုဝ်းလူငယ်အစည်းရုံးကပြောသည်။

ထို့အပြင် စစ်ဘေးရှောင်နေရသည့် ပြည်သူများကို စစ်ကောင်စီတပ်က ဖိအားပေးနေရပ်ပြန်ခိုင်းပြီးနောက် နေရပ်သို့ ပြန်လာကြရသည့်တိုင် မလုံခြုံမှုများက နေ့တိုင်း၊ အချိန်တိုင်းတွင် ဖြစ်ပေါ်ကြောင်း ဆိုသည်။

မလုံခြုံသည့်အခြေအနေများကြောင့် သေဆုံးခဲ့ရသော အသက်အရွယ်ပေါင်းစုံ အရပ်သား ၉၆ ဦးရှိသည့်အပြင် ကိုယ်ခန္ဓာထိခိုက်ဒဏ်ရာသွားသည့် အရပ်သား ၁၄၂  ဦး နှင့် စိတ်ပိုင်းဆိုင်ရာထိခိုက် ဒဏ်ရာရသည့် အရပ်သား အမြောက်အများမရေမတွက်နိုင်အောင်ရှိခဲ့ပြီဟုလည်း စာတမ်းတွင် ဖော်ပြထားသည်။

အလားတူ မှတ်ပုံတင်ထားခြင်းမရှိသော အရပ်ဖက်အဖွဲ့အစည်းများအား စစ်ကောင်စီက ဖမ်းဆီးခြင်း၊ ဆီဆိုင်မြို့ တိုက်ပွဲဖြစ်ပွားခြင်းတို့ကြောင့် လမ်းကြောင်းများအားလုံခြုံစိတ်ချစွာ အသုံးပြုသွားလာ၍မရသဖြင့် စစ်ဘေးရှောင်များထံ အကူညီများရောက်မလာနိုင်ကြောင်း သိရသည်။

စစ်ဘေးရှောင်များကို လူသားချင်းစာနာအကူညီပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်းများလည်း အာဏာရှိသည့် စစ်ကောင်စီထံမှတစ်ဆင့် ထောက်ပံ့မှုများပေးနေသောကြောင့် တကယ်မြေပြင်တွင် လိုအပ်နေသော စစ်ဘေးရှောင်များထံသို့ ရောက်မလာနိုင်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO တာဝန်ခံ ခွန်ဦးကပြောသည်။

“နိုင်ငံတကာကအကူအညီတွေကို အာဏာရှိတဲ့သူတွေက ကိုင်ထားပြီးတော့ ဒီကနေမှ တစ်ဆင့်လူထုကို ပြန်ပြီးတော့မှပေးတယ်ဆိုတဲ့ဟာ။ နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုဆိုတဲ့ခေါင်းစဉ်ကတော့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူငယ်တွေ၊ လူမှုအသင်းအဖွဲ့ကနေတစ်ဆင့် သွားဖို့လိုတယ်” ဟု ခွန်ဦးက ပြောသည်။

ထို့ကြောင့် စစ်အာဏာရှင် စစ်ကောင်စီကို အသိအမှတ်မပြုရန်နှင့် ပူးပေါင်းကူညီဆောင်ရွက်မှုများ ရပ်တန့်ရန်၊ လူသားချင်းဆိုင်ရာ ကူညီမှုများအား စစ်ကောင်စီကင်းလွတ်သည့် နေရာဒေသများတွင် ထိရောက်စွာ ကူညီရန်၊ လူသားချင်းစာနာမှုများအား နယ်စပ်ဖြတ်ကျော်ခြင်းနှင့် ပြည်တွင်းအရပ်ဖက်များနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်သွားရန် စသည့် တောင်းဆိုချက် ၁၀ ချက်ကို ပအိုဝ်းလူငယ်အစည်းအရုံး PYO ကတောင်းဆိုထားသည်။

November 14, 2024
သျှမ်းပြည် မိုင်းရယ် – လားရှိုးသွားသည့်လမ်းကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း...
November 12, 2024
မိုးကုတ်မြို့ကို ယမန်နေ့ နိုဝင်ဘာလ (၁၁ ) ရက်၊ ညပိုင်းက စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ...
November 12, 2024
သျှမ်းပြည်၊ ပင်လောင်းမြို့နယ်  ပအိုဝ်းပြည်သူ့စစ် PNO က စစ်ဘေးရှောင်များကို ခြိမ်းခြောက်ပြီး...
November 11, 2024
သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌...