ကျောက်မဲ တိုက်ပွဲပြင်းထန်၊ ၃ရက်အတွင်းလေကြောင်း ဗုံးဒဏ် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံး

ကျောက်မဲ တိုက်ပွဲပြင်းထန်၊ ၃ရက်အတွင်းလေကြောင်း ဗုံးဒဏ် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံး

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၃ ရက်အတွင်း အရပ်သား ၁၅ ဦးထက်မနည်း ထပ်မံသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့ပေါ် ရပ်ကွက်များသို့ ဇူလိုင် ၂၀ရက်မှစတင်ပြီးစစ်ကောင်စီ ဘက်မှ စစ်အင်အားဖြည့်တင်းလာသဖြင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူပစ်ခတ်သဖြင့် ဇူလိုင် ၂၀ရက်မှ ဇူလိုင် ၂၂ရက် အထိ သုံးရက်အတွင်း အရပ်သား (၁၅) ဦးထက်မနည်း ထပ်မံသေဆုံးခဲ့ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“ လူထိခိုက်သေဆုံးတာလည်း စနေနေ့ကနေ ဒီနေ့အထိ ၁၀ ယောက်ကျော် ရှိတယ်။ မနေ့က တိုက်ပွဲအရမ်းပြင်းတော့ အပြင်မထွက်ရဲကြဘူး၊ ဒီမနက် မိုးရွာထဲ အလောင်းသယ်တာ ၈ လောင်းရှိပြီ၊ မသယ်ထုတ်နိုင်သေးတာ ၄ လောင်းကျန်သေးတယ်။ ထိခိုက်ဒဏ်ရာရတာတော့ များတယ်။ မြို့ထဲကလည်း တော်တော်များများ ပြန်ထွက်နေကြတယ်”ဟု ကျောက်မဲမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့ပေါ် ရပ်ကွက်(၈) လွယ်ပေါင်း၊ ပတ္တမြားတောင်၊ ရပ်ကွက်(၂) နမ့်စလင်း၊ ငြိမ်းချမ်းရေးကုန်း၊ နမ့်ဟူးတောင်း အပေါ်ရွာနှင့် ကျွဲကုန်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူထိခိုက်သေဆုံးမှု များပြားပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းဘက်တွင်လည်း နေအိမ်အတွင်း သေဆုံးနေသူများကို အလောင်းကောက်ယူနိုင်ခြင်း မရှိသေးဘဲ ထိခိုက်သေဆုံးသူများထဲတွင် လတ်တလော တိုက်ပွဲပြန်လည်ပြင်းထန်ချိန် စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားရာမှ လက်နက်ကြီးနှင့် လေကြောင်းဗုံးထိမှန်၍ သေဆုံးသူ များပြားကြောင်း အလောင်းကောက်ယူပေးနေသည့် လူမှုကူညီသူများက ပြောသည်။

“ အကုန်လုံးက အရပ်သားတွေကြီးပဲ။ တချို့လည်း သေနတ်ဒဏ်ရာနဲ့၊ တချို့လည်း တိုက်ပွဲကြား ကြောက်လှန့်ပြီးတော့ အပြင်ထွက်တဲ့အချိန် လက်နက်ကြီးစ မှန်ပြီး ဆုံးတာမျိုးလဲ ရှိတယ်။ ဒီမနက်တော့ သေနတ်ပစ်ခတ်ကြတာ မရှိသေးဘူး၊ လေယာဉ်နဲ့ လာပစ်တာ ၄ ခါရှိပြီ။ ဒီမနက် ၃ နာရီကတည်းက လေယာဉ်လာဝဲနေတာ”ဟု ကျောက်မဲမြို့မှ လူမှုကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် နောင်ပိန်လေးဘက်မှ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူဖြင့် ပြန်လည်ခုခံတိုက်ခိုက်နေကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှင့် Y-12 ထောက်ပို့ရဟတ်ယာဉ်ဖြင့် လေကြောင်းဗုံး ရာနှင့်ချီ ကြဲချတိုက်ခိုက်ခဲ့ရာ တိုက်ပွဲတစ်လနီးပါးအတွင်း အရပ်သားသေဆုံးမှု (၈၀) ဦးထက်မနည်း မြှင့်တက်လာကြောင်း လူမှုကူညီရေးအသင်းများက ပြောသည်။

လက်ရှိတွင် ကျောက်မဲမြို့ပေါ် တိုက်ပွဲများကြောင့် နမ့်ဟူးတောင်းနှင့် ကျောက်တောင်ရပ်နေ ပြည်သူများမှာ မြို့အနီးအနားရှိ နားပြိန်း၊ ခိုအုံ၊ ခိုမုန်းနှင့် နောင်ပိန်၊ ပုံဝိုး စသည့် ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင် နေရပြီး စစ်ဘေးရှောင် ၁၂,၀၀၀ ကျော် အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

Most read this week

September 30, 2024
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က...
September 27, 2024
သျှမ်းမြောက် မြို့တော် လားရှိုးကို ယနေ့ (စက်တင်ဘာလ ၂၇ ရက်) နံနက် အစောပိုင်း ၃ နာရီခွဲခန့်...
September 26, 2024
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသအတွင်းရှိ အလှူရှင်မရောက်သည့်...
September 25, 2024
သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများထံသို့...