ဒီးမော့ဆိုတွင် တုတ်ကွေးနှင့် ငှက်ဖျား အဖြစ်များနေ

ဒီးမော့ဆိုတွင် တုတ်ကွေးနှင့် ငှက်ဖျား အဖြစ်များနေ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းရှိ ကျေးရွာတိုင်းနီးပါး၌ တုပ်ကွေးနှင့် ငှက်ဖျား ရောဂါအဖြစ် များနေပြီး ဆေးဝါးအကူအညီများလည်း လိုအပ်နေသည်ဟု ကျန်းမာရေး ဝန်ထမ်းများက ပြောသည်။

ဒီးမော့ဆိုအနောက်ဘက် လွိုင်နန်းဖဇုန်ထဲတွင် ရှိသည့် ကျေးရွာတစ်ရွာတွင် ရောဂါ ဖြစ်ပွားနေသော အခြေအနေ နှင့် ပတ်သက်ပြီး ကျေးရွာဆေးပေးခန်းက CDM သူနာပြု ဆရာမ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာတော့ တုပ်ကွေးတွေ အဖြစ်များတယ်။ လူဦးရေကတော့ ရာကျော် လောက် ရှိ မယ်။ လူလတ်ပိုင်းတွေမှာ အဖြစ်များတာပေါ့နော။ ချောင်းဆိုး၊ နှာစေးတာတွေတော့ ပိုပြီးတော့ အဖြစ်များ တာပေါ့။ ကိုယ်ပူချောင်းဆိုး နှာစေး အဲ့ဒါတွေ အဖြစ်များတယ်။”

တုပ်ကွေးရောဂါ ခံစားနေရသူ ဒေသခံ တစ်ဦးကလည်း ခံစားရပုံကို ယခုကဲ့သို့ ပြောသည်။

“ဒီဖက်မှာဆို လူတွေက တအားဖျားကြတယ်။ ဖျားတာ ဒီတစ်ခေါက် ဖျားတာ ဘယ်လိုလဲမသိဘူး နေရတာ ချောင်းလည်း ဆိုးတယ်၊ နှာစေးတယ်၊ ကိုက်ခဲတယ်၊ ပြီးခေါင်းတွေလည်းမူးဝေ အဲ့လိုမျိုးတွေ ဖြစ်တယ်လေ။ နောက်ပြီးတော့မှ လည်ချောင်းလည်းနား အဲ့လိုမျိုးတွေ လူက အားမရှိသလိုလို အဲ့လိုမျိုးဖြစ်တယ်။ ငှက်ဖျား လိုလို တုပ်ကွေးလိုလို အဲ့လိုမျိုးဖြစ်တယ်။ ချမ်းစိမ့် ချမ်းစိမ့်လည်း ဖြစ်တယ်။”

တော်လှန်ရေး အဖွဲ့ အစည်းများမှ ရဲဘော်များလည်း တုတ်ကွေးနှင့် ငှက်ဖျားရောဂါ ခံစားနေရသည်ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

“ဖားဆောင်း ဘက်ပေါ့ ဒီတော်လှန်ရေးတပ်ဖွဲ့တွေ သွားတိုက်တယ် အခုမိုးရာသီဆိုတော့ ဒီဦးနှောက်ထဲထိ ဝင်နိုင် တဲ့ ငှက်ဖျားပိုးတွေက တစ်ယောက်စ နှစ်ယောက်စ တွေ့ရတယ်ပေါ့နော်။ အဓိက ကတော့ စဖြစ်တာက ဒီဖား ဆောင်းဖက်သွားရင်းနဲ့ အဲ့မှာ ငှက်ဖျားပိုးတွေတွေ့ တွေ့ပြီးတော့ ပြန်လာနားကြတယ်။ ငှက်ဖျားပိုး ကူးတာ ထက် ခြင်တွေလည်းကိုက် အဲ့ဒါနဲ့ ကူးကုန်ကြတယ်။ တစ်ကိုယ်လုံး ကိုက်ခဲပြီးတော့ လည်ချောင်းနာ၊ နှာစေး၊ ကိုက်ခဲ အဲ့လိုမျိုးတွေ ဖြစ်ပြီးတော့ သုံးလေးရက်လောက် ခံလိုက်ရတာက တော်တော်များတယ်ပေါ့။ အဲ့ရော ဂါက တော်တော် ဖြစ်များနေတယ် လောလောဆယ်မှာ။ အခုဆို ကိုယ့်ရဲဘော်တွေလည်း တစ်ရုံးလုံး ဖြစ်တယ်။”

လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများကြောင့် ဆေးဝါးများ ဝယ်ယူရန်နှင့် သယ်ယူပို့ဆောင်ရန် ခက်ခဲခြင်း၊ ငွေကြေး မလုံလောက်သည့်အတွက် ဆေးခန်းမသွားနိုင်ခြင်း၊ ဆေးမဝယ်စားနိုင်ခြင်း စသည့် အခြေအနေများ ကြောင့် ဆေးမီးတိုနှင့် ကုသနေကြရသည်ဟု ဒေသခံများက ပြောသည်။

ဆေးဝါးလိုအပ်မှု အခြေအနေများနှင့် ပတ်သက်၍လည်း ကျေးရွာဆေးပေးခန်းမှ CDM သူနာပြု ဆရာမက ယခုကဲ့သို့ ပြောသည်။

“ဆေးဝါးလုံလောက်မှုက ဘယ်ရှိပါ့မလဲ။ လူဦးရေကများတဲ့ အခါကျတော့လေ။ ဆေးဝါးကတော့ တစ်ချို့ တစ်လေပဲ ရှိတယ်။ လုံလောက်မှုတော့ မရှိတဲ့အတွက်ကြောင့်လို့မို့ အပြင်မှာ ဝယ်ယူသုံးစွဲရတယ်။ လိုအပ်တဲ့ ဆေးလည်းမှာလို့ မရတဲ့အခါ ကျတော့လည်း ပိုအခက်အခဲ ရှိပါတယ်။ ဆေးဝါးတွေ ရရှိမယ်ဆိုရင်တော့ ဆေး ဝါးတွေ လုံလောက်အောင် ဖြည့်စွက်ပေးစေချင်တယ်ပေါ့။”

လိုအပ်နေသော ဆေးဝါးများကို ကူညီထောက်ပံ့ပေးရန် အလှူရှင်များ၊ အကူအညီပေးရေး အဖွဲ့များနှင့် တာဝန်ရှိ သူများကို တောင်းဆိုသည်ဟု ကျန်းမာရေး ဝန်ထမ်းများက ဆိုသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ပြီးခဲ့သည့် နှစ်ကထက် ယခုနှစ်တွင် တုပ်ကွေးရောဂါ ပိုအဖြစ်များနေပြီး ဆေး ဝါး လိုအပ်မှုများအပြင် ကြိုတင်ကာကွယ်ရန်နှင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက်လည်း အကူအညီများ ပိုမိုလိုအပ်နေသည်ဟု ကျေးရွာဆေးပေးခန်းမှ CDM သူနာပြု  ဆရာမက ပြော သည်။

Most read this week

September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...