စစ်ကောင်စီစစ်သင်္ဘောနှင့် အမြှောက်တပ်များက ကော့ကရိတ်၊ ကျုံဒိုး၊ ကော့ဘိန်းကျေးရွာများဘက် ပစ်ခတ် တိုက်ခိုက်နေ

စစ်ကောင်စီစစ်သင်္ဘောနှင့် အမြှောက်တပ်များက ကော့ကရိတ်၊ ကျုံဒိုး၊ ကော့ဘိန်းကျေးရွာများဘက် ပစ်ခတ် တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကော့ကရိတ်ကျေးနယ်၊ ကျုံဒိုးကျေးနယ် နှင့် ကော့ဘိန်းကျေးနယ် အတွင်းရှိ ကျေးရွာများဘက်ကို ဇူလိုင်လ ၈ ရက်မှ ဇူလိုင်လ ၁၁ ရက် ယနေ့အထိ စစ်ကောင်စီတပ်က စစ်သင်္ဘော၊ လက်နက်ကြီး၊ အတွဲလိုက်ဒုံးနှင့် ဒရုန်းဗုံးသီးများဖြင့်တိုက်ခိုက်မှုလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

“ အခုကြာအင်း၊ ကိုးတိုင်လမ်းကိုပိတ်လိုက်တယ်။ ကော့ဘိန်းဘက်မှာလည်း စစ်သင်္ဘောက ရွာတွေကို အလုံးကြီး ပစ်ထုတ်နေတယ်။ တရနာရွာထဲလူမရှိတော့ဘူး။ ကျွန်းရွာဘက်က လူတွေတောင် ကော့ဂိုးဘက်ရောက်နေကြပြီ ၊ ကျိုက်မရော မြို့နယ် ဂွင်ဘက်မှာလည်း စစ်တပ်ရာ၊ ကရင်အဖွဲ့တွေရော ပြင်ဆင်နေတယ်တိုက်ဖို့”ဟု ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့တောင်ပိုင်းရှိ အံဖကြီး၊ အံဖလေး၊ ကော့ကရိတ်မြို့အရှေ့ပိုင်းရှိ ရေလည်ကုန်းရွာများဘက်တွင်လည်း စစ်တပ်က အတွဲလိုက် ဒုံးများ ပစ်ခတ်တိုက်ခိုက်နေသလို ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ နဘူး၊ မြပတိုင်ဘက်တွင်လည်း တော်လှန်ရေးတပ်ပေါင်းစုနှင့် စစ်တပ်တို့ နှစ်ဖက်ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း မဟာမိတ်တပ်ဘက်က ထိခိုက်ကျဆုံးမှုရှိပြီး ကော့ဘိန်း ရွာဘက်တွင်လည်း စစ်တပ် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ဈေးသည်အမျိုးသမီးတစ်ဦးသေဆုံးကာ မြပတိုင် ကျေးရွာဘက်တွင်အရပ်သားလက်နက်ကြီးထိမှန် ဒဏ်ရာရမှုရှိကြောင်း သိရှိရသည်။

လတ်တလော ကော့ကရိတ်၊ ကျုံဒိုးဒေသအတွင်း လှုပ်ရှားနေသော စစ်ကောင်စီတပ်များသည် KNLA မဟာမိတ် ပူးပေါင်းတပ်များ စစ်ရေးလှုပ်ရှားသည့်နေရာများအား ပစ်ခတ်တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ ကျေးရွာ များ ပျက်စီးသွားရန် ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် နေ့ရော၊ ညပါ ပစ်ခတ်မှုလုပ်ဆောင်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “သူတို့ စစ်တပ်က စစ်ကြောင်းဝင်ပြီး နယ်မြေရှင်းတာမျိုးမဟုတ်ဘူး။ ရွာတွေ ပျက်စီးအောင် ရွာသားသေအောင်၊ ထိခိုက်အောင် လုပ်နေတာမျိုး၊ အဲ့လိုလုပ်ရင် ရွာသားက တော်လှန်ရေး အဖွဲ့ တွေကို သူတို့ကြောင့် ရွာပျက်တယ်။ လူသေတယ် ထင်မြင်မှားအောင် လုပ်နေတယ်။ တကယ် နှစ်ဘက် တိုက်ချင်ရင် နေရာသိတာပဲလေ။ အခုက အဲ့လိုမဟုတ်ဘူး။ ရွာတွေထဲကိုပဲ စစ်တပ်က လက်နက်ကြီး၊ အတွဲလိုက် ဒုံးတွေ ပစ်ပစ်ချလာတယ်”  ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်း၊ ကော့ကရိတ်၊ ကျုံဒိုး၊ စကခ ၁၂ ကွပ်ကဲမှုလက်အောက်ခံတပ်များနှင့်မြဝတီခြေလျင်တပ် ရင်း (ခလရ -၂၇၅)နှင့်  KNLA မဟာမိတ် ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF )တို့ကြား  တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရသည်။

Most read this week

September 18, 2024
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာအတွင်းရှိ နေအိမ်အများစုကို...
September 18, 2024
မြန်မာပြည်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေဘေးကြုံတွေ့နေရသည့် မြန်မာပြည်သူများကို နိုင်ငံ...
September 17, 2024
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ ရွှေ့ပြောင်းစာသင်ကျောင်းများကို ထိုင်းအစိုးရ...
September 16, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်...