လေယာဉ်ပျံဝဲမှုကြောင့် ကရင်နီ ကျောင်းများ ပိတ်ထားရ

လေယာဉ်ပျံဝဲမှုကြောင့် ကရင်နီ ကျောင်းများ ပိတ်ထားရ

ကရင်နီပြည်၊ ဒီးမော့ဆို မြို့နယ် အနောက်ဘက်ခြမ်းတွင် ယခုရက်ပိုင်းအတွင် စစ်ကောင်စီတပ်၏ လေယာဉ်များ ဆက်တိုက်ပျံဝဲလျှက်ရှိရာ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်မည်ကို စိုးရိမ်နေရသောကြောင့် အခြေခံ စာသင်ကျောင်းများ ပိတ်ထားရသည်။

စစ်ကောင်စီတပ်သည် စစ်ရေး ပစ်မှတ်၊ အရပ်သား ပစ်မှတ် မခွဲခြားဘဲ စာသင်ကျောင်းများနှင့် စစ်ရှောင်စခန်း များကိုပါ ဦးတည်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် စာသင်ကြားနေသည့် ကလေးငယ်များအတွက် စိုးရိမ်နေရသည်ဟု ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားမိဘများက ပြောသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ရှောင် စာသင်ကျောင်းတစ်ကျောင်းမှ CDM ဆရာမ တစ်ဦးက “အဓိက စိုးရိမ် တာကတော့ ကျမတို့ကျောင်း လေယာဉ် အန္တရာယ်ပေါ့။ လေယာဉ်လာတယ်။ ဒါဆို ကျမတို့က ကြောက်လို့ရှင့်။ ကျမတို့ ကျောင်းပိတ်လိုက်ရတယ်။ ကျောင်းပိတ်လို့ရှိရင် ကလေးတွေက စာပြတ်တိပြတ်တောက် ဖြစ်သွားတာ။ အပြင်ကို စိတ်ပိုရောက်သွားတယ်။ အဲ့ခါကျလို့ရှိရင် ကျမတို့က ကလေးတွေ ပညာဆက် သင်ယူဖို့ အတွက် စိတ်မပါတော့မှာ ကျမတို့ စိုးရိမ်တယ်။ ပြီးခါကြတော့ စာကောင်းကောင်း မသင်ရမှာ ကျမ စိုးရိမ် တယ်။ အဓိက ကတော့ အဲ့ဒီတစ်ခုပေါ့။ လေယာဉ် အန္တရာယ်ပေါ့ အဓိက စိုးရိမ်ခြင်းပဲ ဖြစ်တယ်ပေါ့နော်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ကရင်နီပြည်နယ်၏ မြို့တော်လွိုင်ကော်တွင် တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ ဒီးမော့ဆို မြို့နယ်ထဲတွင်လည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိနေသည်ဟု ဒေသခံများနှင့် စစ်ဘေး ရှောင်များက ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုများနှင့်အတူ လေယာဉ်ပျံဝဲမှုများကြောင့် ကျောင်းတိုင်းတွင် ကလေးငယ်များမှာ စာသင် ချိန်ပုံမှန်မရှိဘဲ လေယာဉ်သံ ကြားလျှင် ကျောင်းဆင်း ပေးကြရသည်ဟု စစ်ရှောင်များနှင့် စာသင်ကျောင်းများကို ကူညီပေးနေသော ကျေးလက်မြေအဖွဲ့မှ ဦးဇော်မင်းထိုက် က ပြောသည်။

၎င်းက “လေယာဉ်ကတော့ ဖြတ်သွားဖြတ်လာပဲ။ အခုရက်ပိုင်းတော့ လေယာဉ်သံကြားလို့ လေယာဉ်လာလို့ရှင် ကျောင်းပိတ်ပေးရတာတော့ ရှိတယ်။ ဒါကတော့ ကျောင်းတိုင်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုရင် လေယာဉ်သံ ကြား လို့ရှိရင် ကလေးသူငယ်တွေအတွက် အသက်က အရေးကြီးတယ်နော်။ သူတို့ အထိခိုက် မခံရအောင် လေယာဉ် သံ ကြားတာနဲ့ ကျောင်းတန်း ပြန်ဆင်းတာတွေ ရှိပါတယ်နော်” ဟု ပြောသည်။

မိဘများကလည်း လေကြောင်း အန္တရာယ်ကြောင့် ကလေးများ၏ လုံခြုံရေး၊ အသက်ဘေးအန္တရာယ်ကို စိုးရိမ်ပူ ပန် နေကြသည်။

စစ်ရှောင် ကျောင်းသား မိဘတစ်ဦးက “လေယာဉ် အန္တရာယ်ပေါ့ အဓိက စိုးရိမ်ခြင်း ဖြစ်တယ်ပေါ့နော်။ တချို့ မိဘတွေလည်း ကြောက်တယ်ပေါ့။ ပို့လည်းတစ်မျိုး မပို့လည်းတစ်မျိုး အဲ့လိုပုံစံမျိုး ဖြစ်နေတယ်ပေါ့နော်” ဟု ပြောသည်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စာသင်ကျောင်း ၂ ကျောင်းကို ယခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် ကျောင်းသား ၄ ဦး သေ ဆုံးခဲ့ရပြီး ဆရာ၊ ဆရာမများ အပါအဝင် ကျောင်းသားအယောက် ၂၀ ကျော်ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...