အမ်း နပခတိုင်းဌာနချုပ်ကို အာရက္ခတပ်တော်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်

အမ်း နပခတိုင်းဌာနချုပ်ကို အာရက္ခတပ်တော်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်

ရခိုင်ပြည်၊အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော်(AA)မှ စတင် တိုက်ခိုက်နေပြီဖြစ်ကြောင်း ဒေသခံများအမှ တဆင့် သတင်းရရှိသည်။

အမ်းမြို့၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဇူလိုင် ၆ ရက်နေ့က စတင်ပြီး အာရက္ခတပ်တော်မှ တိုက်ခိုက်လျက်ရှိကြောင်း အမ်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာ သတင်းဌာန ကိုပြောသည်။

" နပခကို အာရက္ခတပ်တော်က စလို့တိုက်နေပြီ။ တစ်ရက်နှစ်ရက်ရှိနေပြီ။ တစ်ဖက်နဲ့တစ်ဖက် လက်နက်ငယ်တွေနဲ့လည်းအပြန်အလှန်ပစ်ကြတယ်။ မြို့ခံတွေလည်း လူတွေ ပိတ်မိနေကြပါပြီ။ ဘယ်မှ ထွက်လို့မရပါဘူး" ဟုပြောသည်။

အမ်းမြို့တွင် တည်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ရခိုင်ပြည်ထဲမှ အကြီးဆုံး စစ်ကောင်စီ တပ်စခန်းတစ်ခုဖြစ်ပြီး တိုင်းမှူးကိုယ်တိုင် ရခိုင်စစ်ပွဲများကို ကြီးကြပ် ညွှန်ကြားချက်ပေးနေသော နေရာဖြစ်ပြီး လက်ရှိတွင် တိုင်းစစ်ဌာနချုပ်ကိုယ်တိုင် အာရက္ခတပ်တော်၏ ထိုးစစ်ကို ရင်ဆိုင်နေရပြီ ဖြစ်သည်။

အမ်းမြို့တွင်  စစ်တပ်အင်အား ထောင်နှင့်ချီချထားပြီး ဒုံးကျည်များအပါအဝင် လက်နက်ကြီး အသစ်အဆန်းများကို အခိုင်အမာပြုလုပ်တပ်ဆင်ထားပြီး အာရက္ခတပ်တော်၏ ထိုးစစ်ကို အသည်းအသန်  ခုခံကာကွယ်နေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်များကပြောသည်။

စစ်ကောင်စီသည် အမ်းမြို့နယ်အတွင်း တိုက်ပွဲများတွင် လေကြောင်းကို အဓိက အသုံးပြုတိုက်ခိုက်နေပြီး တောဟိန်းတောင်တိုက်ပွဲ၊ မဲတောင်တိုက်ပွဲများတွင် ဗုံးအလုံးပေါင်း ထောင်နှင့်ချီပြီး အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အမ်းမြို့နယ်ထဲက အရေးပါဆုံး တောဟိန်းတောင် ဗျူဟာကုန်းကို  ဇွန်လ (၂၃) ရက်နေ့၊ သိမ်းပိုက် ရရှိပြီးနောက် တစ်ပြိုင်နက်တည်းမှာ၎င်းဗျူဟာကုန်းမှ  ထွက်ပြေး လွတ်မြောက်နေသူသည့် စစ်‌သားများကို လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိနေပြီး  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (အမ်း) ကိုလည်း  ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်မှုများနှင့်  အတူ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေ ကြောင်း အာရက္ခတပ်တော်မှ ယမန်နေ့ ဇူလိုင် ၇ ရက်နေ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် အာရက္ခတပ်တော်မှ ထိုးစင်ဆင်တိုက်ခိုက်လျက်ရှိနေသည့် မဲတောကြောတစ်လျှောက်ရှိ ကာကင်းစခန်း (၅)ခုအနက် (၂)ခုကို အာရက္ခတပ်တော် (AA)မှ သိမ်းပိုက်ထားပြီး ကာကင်းစခန်း(၁)မှ စစ်ကောင်စီစစ်သားများမှာ ထွက်‌ ပြေးလျက်ရှိ‌ နေသည့် သတင်းများကို လည်း ကြားနေရ သည်ဟု အမ်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" လက်ရှိ အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်‌ နေတဲ့ မဲတောင်က ကာကင်းစခန်း ၂ ခုလောက် ရထားပြီလို့ သတင်းတွေတော့ကြားရတယ်။ စစ်ကောင်စီတပ်သားတချို့လည်း ထွက်ပြေးနေတယ် " ဟုပြောသည်။

စစ်ကောင်စီ၏ စစ်‌ ရေး အရ အရေးကြီးဆုံးမြို့တမြို့ဖြစ်သည့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်  အပါအဝင် ၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် - စကခ (၅) တောင်ကုတ်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) စစ်တွေနှင့် ဓညဝတီရေတပ်ဌာနချုပ် - ကျောက်ဖြူ တို့ကိုလည်း အာရက္ခတပ်တော် (AA)မှ  ဖြတ်တောက် ပိတ်ဆို့ထားပြီးဟု AA ၏ ထုတ်ပြန်ချက်အရသိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရခိုင်ပြည်မြို့တော် စစ်တွေတွင် ၁၉၇၂ ခုနှစ်တွင် စတင် အခြေစိုက်ခဲ့သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်တွေမြို့မှ အမ်းမြို့ သို့ ၂၀၀၀ ပြည့်နှစ်တွင် ပြောင်းရွှေ့ အခြေစိုက်ခဲ့သည်။

ယခင် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးပြောင်းရွှေ့သွားပြီး လက်ရှိတွင် ဗိုလ်ချုပ် ကျော်စွာဦးသည် ၂၀၂၄ ခုနှစ် မတ်လကစပြီး တာဝန်ထမ်းဆောင်နေသည်ဟု သိရသည်။

October 1, 2024
ရခိုင်ပြည်တွင် တစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားများအပါအဝင်...
October 1, 2024
ရခိုင်ပြည်မှလူငယ်များသည် ယခုနောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာနေကြောင်း စုံစမ်းသိရသည်...
September 30, 2024
အိန္ဒိယနိုင်ငံသည် သူ့အကျိုးစီးပွားများအားကာကွယ်ရန် အာရက္ခတပ်တော်(AA)အား အသိအမှတ်ပြုပြီး...
September 27, 2024
မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့အား စက်တင်ဘာလ  (၂၅)  ရက်နေ့က အကြမ်းဖက် စစ်ကောင်စီက...