ကရင်နီတွင် ၆ လအတွင်း အရပ်သား ၅၀ နီးပါး သေဆုံး

ကရင်နီတွင် ၆ လအတွင်း အရပ်သား ၅၀ နီးပါး သေဆုံး

စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ကရင်နီပြည်နယ်တွင် ၆ လတာ ကာလအတွင်း အရပ်သား ၄၈ ဦး သေဆုံးပြီး ၁၄၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC က ပြောသည်။

၂၀၂၄  ဇန္နဝါရီလ မှ ဇွန်လအထိ ၆ လတာ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီး ပစ်ခတ်မှု များကြောင့် အရပ်သား ထိခိုက်သေဆုံး ဒဏ်ရာရရှိမှု အများဆုံး ဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် သေဆုံးခြင်း၊ လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရခြင်း၊ လက်နက် မတော်တဆ ထိခိုက်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းနှင့် မြေမြပ်မိုင်းတို့ကြောင့် ထိခိုက်သေဆုံးမှုများ ရှိသည်ဟု IEC က ဆိုသည်။

အလားတူး ယခု ဇူလိုင်လအတွင်း၌ပင် လွိုင်ကော်မြို့ပေါ် ရှိ ရပ်ကွက်အချို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အရပ်သား ထိခိုက် သေဆုံးမှုများလည်း ရှိခဲ့သည်ဟု (IEC) အတွင်းရေးမှူး (၂) ဦးဗညားက ပြောသည်။ ဇူလိုင်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဦးဗညားက “ဇူလိုင်လ ကတော့ လောလောဆယ် ကတော့ ၄ ရက်နေ့မှာ အရပ်သား ၃ ဦး သေဆုံးတယ်လို့ သိရ တယ်ပေါ့နော်။ လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီး ကျရောက်ထိမှန် သေဆုံးတာလို့ အကြမ်း ဖျင်း သိရတယ်နော်” ဟု ပြောသည်။

၆ လတာကာလအတွင်း စစ်ကောင်တပ်၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၉ ဦး၊ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၄ ဦးနှင့် အချက်လက် မသိရှိသူ ၁ ဦး တို့ သေဆုံးခဲ့ပြီး ကလေး ၉ ဦး၊ အမျိုးသမီး ၁၄ ဦး နှင့် အမျိုးသား ၁၂ ဦး တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု IEC က ဆိုသည်။

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး ၅ ဦး၊ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး သေးဆုံးခဲ့ပြီး ကလေး ၄၅ ဦး အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၅ ဦး တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ် ရေးကောင်စီ ( IEC) က ပြုစုထားသည့် စာရင်းများအရ သိရသည်။

လက်ရှိ ဇူလိုင်လ ပထမပတ်အတွင်း၌ပင် ကရင်နီပြည်နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တို့အကြား စစ်ရေး တင်းမာမှုများနှင့်အတူ တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသည်။

စစ်ရေးတင်းမာပြီး တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် အရပ်သား ပြည်သူများအနေဖြင့် နေရပ်ပြန်ရန် မသင့်သေးသော်လည်း လွိုင်ကော်မြို့ပေါ် ရှိ ရပ်ကွက်များတွင် ပြန်နေထိုင်သူများလည်း ရှိနေသည်ဟု ကရင်နီ တပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင် က ပြောသည်။

ဗိုလ်မှူးကြီး ဘုန်းနိုင်က ”အမှန်ကတော့ သူတို့ စစ်မြေပြင် မပြန်လာကောင်းဘူးလေး။ တချို့တလေ မှိုင်းလုံး တို့ဘာတို့၊ ရွာတန်းရှည်တို့၊ မြကလပ်တောင်တို့ ဘာတို့ပေါ့။ ဒါပေမဲ့ များတာကတော့ နန့်ဘော်ဝမ်မှာတော့ များတယ်။ နန့်ဘော်ဝမ်က ရန်သူလည်း ပိုရှိတယ်လေ။ လူထုလည်း ရှိတယ်လေ။ ရွာသားတွေက ဘယ်လောက် ရှိလဲ၊ ဘယ်လောက်သေလဲ ဆိုရင် ကျနော်လည်း မသိဘူးလေးနော်။ အဲ့ဒါက အခြေအနေ ဆက်ပြီးတော့မှ နား ထောင် ရမယ်ပေါ့နော်“ ဟု ပြောသည်။

ပြည်သူများကို နေရပ်၌ ပြန်မနေကြသေးရန် အကြိမ်ကြိမ် အသိပေး ပြောဆိုထားသော်လည်း ရပ်ရွာနှင့် နေအိမ် များကို စိတ်မချ၍ ပြန်လာသူများ ရှိနေသောကြောင့် တိုက်ပွဲများထဲ အရပ်သားပြည်သူများ မထိခိုက်အောင် သတိထားနေရသည်ဟု ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

သို့သော် စစ်အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း ကရင်နီပြည်နယ်ထဲတွင် သတ်ဖြတ်ခံရသူ ၅၄၃ ဦး၊ ဖမ်း ဆီးခံရသူ ၃၇၄ ဦးနှင့် ထိခိုက်ဒဏ်ရာရှိသူ ၆၃၃ ဦးရှိသည်ဟု ကရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ရက် (KCSN) ၏ နှစ်ပတ်တစ်ကြိမ် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖမ်းဆီး သတ်ဖြတ်ခံရသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ အားလုံးသည် အရပ်သားများ ဖြစ်သည်ဟု KCSN က ဆို သည်။

September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...
September 24, 2024
စစ်မှုထမ်းရန် စုဆောင်းခြင်း ခံထားရသည့် အမျိုးသမီးများသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စားသောက်...
September 23, 2024
ရေကြီး တောင်ပြိုသည့် အချို့သော ပအိုဝ်းဒေသများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီများ...
September 19, 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။အိန္ဒိယနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် နာဂဒေသရှိ ပန်ဆောင်မြို့က...