မြဝတီမြို့ရှိ ငါးဂိမ်းနှင့် အွန်လိုင်းလောင်းကစား ဂိမ်းရုံများကို BGF ဝင်ရောက်ဖမ်းဆီး

မြဝတီမြို့ရှိ ငါးဂိမ်းနှင့် အွန်လိုင်းလောင်းကစား ဂိမ်းရုံများကို BGF ဝင်ရောက်ဖမ်းဆီး

ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ ငါးပစ်ဂိမ်းနှင့် အွန်လိုင်းလောင်းကစားဂိမ်းရုံများအား ပြီးခဲ့သည့် ဇွန်လ ၂၇ ရက် နေ့က နယ်ခြားစောင့်တပ်-BGF မှ ဝင်ရောက်ဖမ်းဆီးမှု စတင်လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ဖမ်းဆီးမှု များ ဆက်လက်လုပ်ဆောင်နေကြောင်း မြဝတီ မြို့ခံများက ပြောသည်။

ဇွန်လ(၂၆)ရက်နေ့က အဆိုပါလောင်းကစားဂိမ်းရုံများပိတ်သိမ်းကြရန် BGF က အသိပေးမှုပြုလုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက် အချို့ရှိဆိုင်များကို တပ်ဖွဲ့ဝင်အင်အား (၁၀၀) ကျော်နှင့် ကားအစီးရေ (၃၀) ကျော် အသုံးပြု၍ ဝင်ရောက်စီးနင်းဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း မြို့ခံများက ပြောဆိုသည်။

မြဝတီမြို့ခံ အမျိုးသားတစ်ဦးက “အခု မြို့တွင်းထဲက အကုန်လုံးကို BGF ကပိတ်ခိုင်းတာ။ ကိုယ့်ရပ်ကွက်ထဲမှာ တော့ အကောက်ခွန်ပေးရတဲ့ ရုံအသေးတွေပဲ ပိတ်ရတယ်။ ငါးဂိမ်းရုံဖွင့်ဖို့ တစ်လ သိန်း ၃၀ပေးရတယ်။ အကောက်ခွန်ယူတာလည်း သူတို့ပဲ။ ရုတ်တရက်ကြီး ပိတ်ချခိုင်းတာ ဘာဖြစ်လဲ မသိဘူး။ ဒီကနေ အကောက်ခွန် အများကြီးရထားတော့ တစ်ခါထဲ အပြီးမပိတ်လောက်ဘူး။ ပြန်ညှိနှိုင်းပြီး လုပ်မယ်ထင်တာပဲ။“ဟု ကေအိုင်စီ သို့ ပြောသည်။

၎င်း လောင်းကစားရုံများကို BGF အဖွဲ့အပါအဝင် အချို့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကိုယ်တိုင် လုံခြုံရေး ရယူပေးထားပြီး ရုံပိုင်ရှင်များထံမှ လစဥ် ဆက်ကြေးငွေ အများအပြားကောက်ခံ၍ ဖွင့်လှစ်ခွင့်ပြု ထားခြင်းဖြစ်သော်လည်း ယခုလို တရားမဝင် ဂိမ်းရုံများ ရုတ်တရတ် ပိတ်သိမ်းခိုင်းရသည့် အကြောင်းအရင်းကိုမူ မသိရှိရကြောင်းလည်း အဆိုပါ မြို့ခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

လောင်းကစားဂိမ်းရုံများမှ ရရှိသော ငွေကြေးများဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများအတွက် အကျိုးစီးပွားဖြစ်ထွန်းနေသော်လည်း ယခုလိုရုတ်တရက် ပိတ်သိမ်းခိုင်းခြင်းနှင့်ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်ခြင်းကြောင့် မကြာသေးမီကမှ ဖွင့်လှစ်လုပ်ကိုင်နေသော လောင်းကစားရုံများအတွက်မူ ငွေကြေးပိုင်းအရ နစ်နာမှုရှိသည့်အပြင် ဝန်ထမ်းအချို့ လည်း အလုပ်မှ ရပ်နားလိုက်ရသည်ဟု ရုံပိုင်ရှင်များက ဆိုသည်။

ဂိမ်းရုံပိုင်ရှင်နှင့်နီးစပ်သူတစ်ဦးက “ ငါးဂိမ်းရုံတွေက အများကြီးပဲ။ ဖွင့်တာလည်း ကြာပြီး။ အစောပိုင်း ရုံဖွင့်ထား တဲ့လူတွေက ကိုက်ပေမဲ့ အခုမှ လုပ်တဲ့လူတွေက မကိုက်ဘူး။ လာထိုးတဲ့လူမရှိရင် သူတို့လည်း မရဘူးလေ။ ပေးရတဲ့ အကောက်ကများ၊ မီးကလည်း မလာတော့ ဆီတွေလည်း စျေးတက်။ မီးစက်မောင်းပြီး လုပ်ရတော့ တစ်ည တစ်ည ကုန်တာပေါ့။” ဟု ကေအိုင်စီ သို့သည်။

ပြီးခဲ့သည့် နှစ်ကတည်းက မြဝတီမြို့တွင် ပြည်တွင်းလျှပ်စစ်မီးမရရှိတော့သည့်အတွက် ထိုင်းနိုင်ငံဘက်မှ လျှပ် စစ်မီးများကို ဈေးကြီးပေးသုံးစွဲနေရခြင်းဖြစ်ပြီး မီးမမှန်သည့်ရက်များတွင်လည်း ဆီဈေးကြီးသည့်အကြား မီးစက်မောင်းလည်ပတ်နေရသဖြင့် လျှပ်စစ်မီးအားထားလုပ်ကိုင်နေရသည့် လုပ်ငန်းများဖြစ်သောကြောင့်  အဆင်ပြေမှုမရှိကြကြောင်းလည်း လုပ်ငန်းပိုင်ရှင်များကဆိုသည်။

BGF က အွန်လိုင်းဂိမ်း လောင်းကစားရုံများအပြင် ရုံအတွင်း မူးယစ်ဆေးဝါးရောင်းချသုံးစွဲနေသည်ကိုပါ ဖမ်းဆီး မှုများ ပြုလုပ်ခဲ့သလို ဝင်ရောက်ဖမ်းဆီးစဥ်မှုတွင် BGF တပ်ဖွဲ့ဝင်များအပါအဝင် အပစ်ရပ် လက်နက်ကိုင် အဖွဲ့ငယ်အချို့လည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် မြို့ခံများကပြောသည်။

အဆိုပါ ငါးဂိမ်းနှင့် အွန်လိုင်းလောင်းကစားရုံများတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းဝယ်ဖောက်ကားမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်ဟု ရပ်ကွက်နေပြည်သူများက တိုင်ကြားလာသည့်အတွက် ယခုလို ရှင်းလင်းမှုများ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း BGF တပ်နယ် (၂) ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝိုင်းက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အဲဒီဂိမ်းရုံတွေမှာ ဂိမ်းအပြင် မြင်းဆေး( စိတ်ကြွဆေး)ပါ ရောင်းတာရှိတယ်။ ရွာသူရွာသားတွေရဲ့ မိဘတွေ လာတိုင်ကြားကြတယ်။ သူတို့ကလေးတွေကို ထိန်းလို့မရတော့ဘူးပေါ့။ အဲဒါကြောင့် အခုအကုန်လုံးကို လိုက်ပိတ်တယ်။ လိုက်ဖမ်းလိုက်တယ်။ ပိုင်ရှင်ကိုတော့ မဖမ်းဘူး။ ဆက်မလုပ်ဖို့ သတိပေးပြောဆိုတာတွေ လုပ်တယ်။ ဆက်လက်ရင်တော့ ထိထိရောက်ရောက် အရေးယူမယ် လို့ သတိပေးထားတယ်။  ”ဟု ပြောသည်။

ကရင်ပြည်နယ်၊ နယ်စပ်မြို့တစ်မြို့ဖြစ်သော မြဝတီမြို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းနှင့် အရပ် သားစီးပွားရေးလုပ်ငန်းရှင်တို့ ဖွင့်လှစ်ထားသော ငါးပစ်ဂိမ်းနှင့် အွန်လိုင်းလောင်းကစားဂိမ်းရုံပေါင်း ၈၀ နီးပါးရှိသည်ဟု သိရသည်။

ယခုလို ဖမ်းဆီးမှုများကြောင့် မြဝတီမြို့ပေါ် ရှိ အချို့သောဂိမ်းရုံအသေးများမှာ ယာယီပိတ်ထားကြသလို လက်နက်ကိုင်အဖွဲ့အစည်းများက လုံခြုံရေး ရယူပေးထားသော တရားမဝင်ကာစီနိုရုံကြီးများ နှင့် အချို့ဂိမ်းရုံငယ်များကိုပါ အပြင်ဘက်တွင် အပိတ်ပြကာ အတွင်းပိုင်းတွင် ဆက်လက်ဖွင့် လှစ်လုပ်ကိုင်နေကြသည်ဟု ဒေသခံများက ဆိုသည်။

Most read this week

July 6, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) နယ်မြေ၊ မူတြော်ခရိုင်၊ ဖာပွန်ခရိုင်တွင် ပြီးခဲ့သည့်...
July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...
July 2, 2024
နိုင်ငံကာမြန်မာသတင်း-BNI နှင့် အဖွဲ့ဝင်သတင်းမီဒီယာဌာနများက Development Media Group-DMG ၏...