ဂါလိုင်(Galeng)စာသင်ကျောင်းဖွင့်ဖို့ ကျောင်းကော်မတီနဲ့ TNLA တို့ညှိနှိုင်းနေဆဲ

ဂါလိုင်(Galeng)စာသင်ကျောင်းဖွင့်ဖို့ ကျောင်းကော်မတီနဲ့ TNLA တို့ညှိနှိုင်းနေဆဲ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာရှိတဲ့ အလယ်တန်းကျောင်းဖွင့်ဖို့ ဒေသခံကျောင်းသားမိဘတွေ နဲ့ TNLA ဆက်ပြီးဆွေးနွေးနေဆဲဖြစ်တယ်လို့ ကျောင်းတာဝန်ရှိသူတွေထံကနေ သိရပါတယ်။

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က ဇွန်လ ၂၃ ကျောင်းကိုအတင်းပိတ်ပေးလိုက်ပြီးနောက်  ဇွန်လ ၂၆ ရက်နေ့မှာတော့ TNLA အထက်အရာရှိတွေနဲ့ ကျောင်းတာဝန်ခံတွေ တွေ့ဆုံဆွေးနွေးရာ ဂါလိုင်ကျောင်းဖွင့်ဖို့ TNLA ရဲ့ပညာရေးကောင်စီ TLEC ထံခွင့်တောင်းစာတင်ပြီး TLEC ချပေးတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာနိုင်မှ ကျောင်းဖွင့်ခွင့်ပေးမယ်လို့ ပြောဆိုခဲ့တာကြောင့် ကျောင်းတာဝန်ခံတွေနဲ့ KIO ဘက်က ဆက်လက်ညှိနှိုင်းဖို့လိုအပ်နေသေးတာဖြစ်တယ်လို့ ပြောပါတယ်။  

နောက်ဆုံးညှိနှိုင်းထားတဲ့အခြေနေမှာတော့ နမ့်ဖတ်ကာမှာ KIA ရဲ့ခွင့်ပြုချက်နဲ့ TNLA ကျောင်း ၂ ကျောင်းဖွင့်ထားတာကြောင့် ကွတ်ခိုင်မြို့နယ် ဂါလိုင်မှာလည်း ပညာရေးကျောင်းဖွင့်ချင်ပါက TNLA ရဲ့ ပညာရေးဌာနဖြစ်တဲ့  TELC ကနေ ခွင့်ပြုမှဖွင့်ရမယ်ဆိုတဲ့အကြောင်း ပြောဆိုထားတယ်လို့ ဂါလိုင်အလယ်တန်းကျောင်းတာဝန်ခံတစ်ဦးက Kachin News Group ( KNG) ကို ပြောပါတယ်။

“ကျနော်တို့အတွက်က ဒီကျောင်းကအရင်ကတည်းက KIO အစိုးရအောက်သင်ကြားနေပြီးသားကျောင်းဖြစ်တာကြောင့် ဟိုကကျောင်းနဲ့ နှိုင်းယှဉ်လို့မရနေတာနဲ့ ကျနော်တို့လည်းအခု ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ ညှိနေရတုန်းဖြစ်တယ်။ ပုဂ္ဂလိကကျောင်းဆိုရင်တော့ တစ်မျိုးပေါ့။ ဒါကြောင့် ဒီဟာနဲ့ပတ်သက်ပြီး ညှိနှိုင်းရအုံးမယ်။ သူတို့ပြောသလို စာတင်တာတွေတော့ မလုပ်သေးဘူး” လို့ ပြောပါတယ်။

ဂါလိုင်ကျေးရွာ အလယ်တန်းကျောင်းကို ဇွန်လ ၂၃ ရက်နေ့ညက TNLA ဘက်က အင်အား ၄၀ ဝန်းကျင်နဲ့ကျောင်းကိုရောက်လာပြီး ကျောင်းတံခါးအားလုံးကို သစ်ပြား နဲ့ ရိုက်ပြီးပိတ်လိုက်တဲ့အပြင် ကျောင်းဝင်းထဲက ဆရာ၊ ဆရာမိသားစုတွေကိုလည်း အပြင်ကို မောင်းထုတ်ကာ ကျောင်းရှေ့မှာလည်း လွှင့်ထူထားတဲ့ ကချင်အမျိုးသားအလံကိုလည်း ဖြုတ်သိမ်းပေးလိုက်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဂါလိုင်၊ဇွပ်အောင်ကျေးရွာက ကလေးတွေဟာ ဒီတစ်ပတ်လုံး ကျောင်းမတက်ခဲ့ရသလို ကျောင်းလည်းပိတ်ထားရဆဲဖြစ်ပါတယ်။

TNLA ဟာ ကွတ်ခိုင်မြို့နယ်ထဲ KIO က ကျောင်းဖွင့်ချင်ပါက TNLA ဆီမှာ ခွင့်တောင်းစာတင်ရမယ်ဖြစ်ကြောင်း အတင်းအဓ္ဓမလိုက်လံတားဆီးပိတ်ပင်နေတာဟာ မဖြစ်သင့်ကြောင်းနဲ့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါစေ ကျောင်းဖွင့်ခွင့်၊ကလေးတွေပညာသင်ယူခွင့်ကို လွတ်လွတ်လပ်လပ်ဖွင့်ခိုင်းဖို့ လိုအပ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“KIO ကတိုက်ရိုက်ကိုင်နေတဲ့ကျောင်း၊ TNLA ကတိုက်ရိုက်ကိုင်တဲ့ကျောင်း ဘယ်ကျောင်းကိုမဆို ကျောင်းဖွင့်ခွင့်ပေးထားတဲ့နေရာတွေကိုတော့ အချိန်ကန့်သတ်ပြီး ဖွင့်ခိုင်းတာမျိုးမလုပ်ပဲ ကျောင်းကိုလွတ်လွတ်လပ်လပ်ဖွင့်ခိုင်းတာမျိုး၊ ကိုယ်ဖွင့်နိုင်ရင် ဖွင့်နိုင်သလောက် ဘယ်အတိုင်းအတာထိပဲဖွင့်ဖွင့် ပွင့်ပွင်းလင်းလင်း အခွင့်အရေးတွေ ပေးကြရင်ကောင်းမယ်။ ပုဂ္ဂလိကကျောင်းတွေနဲ့ ကျနော်တို့အစိုးရအောက်ဖွင့်နေပြီးသားကျောင်းတွေကိုတော့ နှိုင်းယှဉ်လို့မရဘူးလေ။”လို့ဂါလိုင်အလယ်တန်းကျောင်းတာဝန်ခံက ဆက်ပြောပါတယ်။

KIO/KIO အုပ်ချူပ်နေတဲ့ နမ့်ဖတ်ကာကျေးရွာထဲမှာ KIA ရဲ့ခွင့်ပြုချက်နဲ့ TNLA ရဲ့ပညာရေးကောင်စီ TLEC ရဲ့ ကျောင်း ၂ ကျောင်းဖွင့်လှစ်နေတာဖြစ်ပါတယ်။

ဒါကြောင့် TNLA က ကွတ်ခိုင်မှာလည်း KIO ဟာ TNLA ရဲ့ ခွင့်ပြုချက်၊ စည်းမျဉ်းစည်းကမ်းအောက်မှာပဲ ကျောင်းဖွင့်ရမယ်ဆိုပြီး လိုက်လံတားမြစ်နေတာလို့ ဆိုပါတယ်။

ဒါပေမယ့် ကွတ်ခိုင်မြို့အပြင်ဘက်ရှိတဲ့ ဂါလိုင်ကျေးရွာအလယ်တန်းကျောင်းဟာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းကစပြီး KIO အစိုးရအောက် ဖွင့်လှစ်သင်ကြားနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပြီး ဒီကျောင်းမှာတော့ ကျောင်းသားပေါင်း ၂၀၀ ကျော်နဲ့ ဆရာ၊ဆရာမ ၂၀ ဦးနဲ့ ကျောင်းဖွင့်နေတာဖြစ်ပါတယ်။

Most read this week

June 27, 2024
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှု(ဆိုင်းတောင်) ကျေးရွာထဲက...
June 25, 2024
ဝိုင်းမော်မြို့နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဝူယန်၊ လမြန် နဲ့ မုတ်ကျိတ်...
June 24, 2024
ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာဖွင့်ထားတဲ့ စာသင်ကျောင်းကို TNLA လက်နက်ကိုင်တပ်ဖွဲ့က...
June 21, 2024
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နမ့်ဝါရွာမှာ မနေ့ကည ၁၀ နာရီခွဲဝန်းကျင် ဒရုန်းဗုံးသီး...