ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၁၃ရက်အတွင်း အရပ်သားပြည်သူ ၈ ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၁၃ရက်အတွင်း အရပ်သားပြည်သူ ၈ ဦးသေဆုံး

ရှမ်းပြည်တောင်ပိုင်းမှာ ဇွန်လ ၉ ရက် ကနေ ၂၂ ရက်နေ့အတွင်း ပဋိပက္ခဖြစ်စဉ်တွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၈ ဦးအထိရှိတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း(PYO) က ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါ သေဆုံးခဲ့ရတဲ့ပြည်သူ ၈ဦးဟာ ဆီဆိုင်၊ ပင်လောင်း နဲ့ ဟိုပုံးမြို့နယ်က ပြည်သူတွေဖြစ်တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း(PYO) ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အဲ့ထုတ်ပြန်ချက် စာရင်းက ဆီဆိုင်မြို့နယ်တစ်ခုထဲ စာရင်း မဟုတ်ဘူး‌ပေါ့နော။ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံး မြို့နယ် (၃)ခုလုံးရဲ့ စာရင်း ဖြစ်ပါတယ်။ ဒရုန်းနဲ့ လက်နက်ကြီးက ပင်လောင်းမြို့နယ် ဖြစ်ပြီးတော့ လက်နက်ကြွင်းကျန်ပစ္စည်းကြောင့် သေဆုံးတာက ဆီဆိုင်ဖြစ်တယ်။ နောက်ပြီး ဖမ်းဆီးသတ်ဖြတ်ခံရသူက ဟိုပုံးမြို့နယ် နဲ့ ဆီဆိုင်မြို့နယ် ဖြစ်တယ်။”လို့ PYO တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ၄ ဦး ၊ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၃ ဦး နဲ့ မြေမြုပ်မိုင်းနင်းသူ ၁ဦး စုစုပေါင်း ၈ဦးဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးအပါဝင် အမျိုးသား ၅ဦး၊ အမျိုးသမီးတစ်ဦး ၊ ကျား /မ အတည်မပြုနိုင်သူ တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ပထမ အပတ်ကစပြီး စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ် (PNO) ပူးပေါင်းတပ်တွေဟာ ပင်လောင်း- ဖယ်ခုံမြို့ နယ်စပ်၊ ဆီဆိုင်- ညောင်ရွှေမြို့နယ်စပ် နဲ့ ဆီဆိုင်- လွိုင်ကော်မြို့နယ်စပ်ဖက်မှာ ထိုးစစ်ဆင်မှုတွေ၊ အင်အားအလုံးအရင်း ဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့ PYO က ဆိုပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်းက ကျေးရွာအများစုဟာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် စားနပ်ရိက္ခာအပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း(PYO)ရဲ့ တာဝန်ရှိသူက အခုလို ဆက်ပြောပါတယ်။

“လက်ရှိမှာက ဒီပင်လောင်းမြို့ရဲ့ တောင်ဘက် ကျေးရွာတွေမှာ (၁၀)ရွာထက်မက ပြန်လည်တိမ်းရှောင်ခြင်း ပြုလုပ်ကြတာရှိသလို ဒီ ဆီဆိုင်မြို့နယ် တောင်ဘက်အုပ်စု ကျေးရွာအချို့လည်း ပြန်လည်တိမ်းရှောင်ခြင်းတွေ လုပ်ရတာပေ့ါနော်။ ဆိုတော့ ဒီစစ်ရှောင်တွေရဲ့ ကျန်းမာရေးဆိုင်ရာ အပါအဝင် စားနပ်ရိက္ခာ ကိစ္စရပ်တွေက ဆက်လက်လိုအပ်နေဆဲ ပဲပေါ့နော်”လို့ သူကဆိုပါတယ်။

ဆီဆိုင်၊ ဟိုပုံး နဲ့ ပင်လောင်းမြို့နယ်တွေမှာ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဗုံးကြဲမှုတွေကြောင့် အရပ်သားထိခိုက်မှုလည်း များပြားလာတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ကနေ ဇွန်လ ၂၂ ရက်နေ့အထိ တိုက်ပွဲကြောင့် တိမ်းရှောင်တဲ့ စစ်ရှောင်ဦးရေ စုစုပေါင်း ၆၆၈၀၀ ဦးရှိတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း(PYO)ရဲ့ ဇွန်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

Most read this week

July 1, 2024
ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ ဇွန်လနောက်ဆုံးအပတ်ကစပြီး ကလေးအပါအဝင်...
June 28, 2024
ကရင်နီပြည်၊ ရှားတောမြို့နယ်ထဲက စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့...
June 27, 2024
ဒီးမော့ဆိုမြို့နယ်အနာက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူသတ်မှုကျူးလွန်သူ...
June 26, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့ ဌာနဆိုင်ရာအလိုက်...