ရှမ်းတောင်ရောက် လွိုင်ကော် စစ်ရှောင်များ နေရပ်ပြန်ရန် ဖိအားပေးခံနေရ

ရှမ်းတောင်ရောက် လွိုင်ကော် စစ်ရှောင်များ နေရပ်ပြန်ရန် ဖိအားပေးခံနေရ

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရောက်ရှိနေသော လွိုင်ကော်စစ်ရှောင်များအား စစ်ကောင်စီမှ နေရပ်သို့ ပြန်လည်နေထိုင်ကြရန် အတင်းအကျပ် ဖိအားပေးခံရနေသည်ဟု ပြောသည်။

ကရင်နီပြည်မြို့တော် လွိုင်ကော်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများ ပြန်လည် လည်ပတ်နိုင်ရန် စစ် ကောင်စီမှ အပြင်းအထန် ကြိုးပမ်းနေပြီး ရှမ်းပြည်တောင်ပိုင်းသို့ စစ်ဘေးတိမ်းရှောင်နေကြသော လွိုင်ကော် ဒေသခံ စစ်ရှောင်များအား နေရပ်သို့ ပြန်လည်နေထိုင်ကြရန် ဖိအားပေးနေခြင်း ဖြစ်သည်။

ထိုကဲ့သို့နေရပ်သို့ ပြန်လည်နေထိုင်ကြရန် ဖိအားပေးခံရသူများထဲတွင် ညောင်ရွှေမြို့နယ်ထဲက ဘုန်းကြီးကျောင်း များတွင် စစ်ရှောင်နေကြသော လွိုင်ကော်ဒေသခံများလည်း ပါသည်ဟု စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြော သည်။

“ဒီလအစောပိုင်းတုန်းက တစ်ရက် နှစ်ရက်နေ့တုန်းက သူတို့ စာထုတ်တာကတော့ ၁၆ ရက်နေ့ မဟုတ်ရင် ၂၀ ရက်နေ့ အကုန်ပြန်ရမယ်ဆိုပြီး ပြောတဲ့ ကျောင်းတွေလည်းရှိတယ်။ တကယ်လည်း ထွက်ရတဲ့ ကျောင်းတွေ လည်း ရှိတယ်ပေါ့နော်။ တချို့ကျောင်းတွေကျတော့ တည်းနေတဲ့ ဘုန်းကြီးကျောင်းတွေကို အကူညီတောင်း တာမျိုးတို့ ဆက်နေခွင့်ပေးပါဆိုပြီး ပြန် အကူအညီတောင်းတာမျိုး ရှိနေကျတော့လည်း မပြန်ပဲနဲ့ နေခဲ့ရတဲ့ ကျောင်းတွေလည်း ရှိတယ်။ တစ်ကယ်ပြန်ရတဲ့ ကျောင်းတွေလည်း ရှိတယ်။”

စစ်ကောင်စီ၏ နေရပ်သို့ ပြန်လည်နေထိုင်ရန် စာထုတ်ပြန်ပြီးနောက် လွိုင်ကော်မြို့အတွင်းရှိ စစ်ကောင်စီ ထိန်း ချုပ်ထားသော ရပ်ကွက်များဖြစ်သည့် ဧက ၅၀၀၊ ကြည်သာယာ၊ လောဓမ ဘက်တို့တွင် ပြန်လည် နေထိုင်ကြသူ များ အနည်းငယ်ရှိနေသည်။

သို့သော် ချန်ထားခဲ့သော ပစ္စည်းများသယ်ယူ၍ ပြန်လာကြသူမှာ ပို၍များသည်ဟု အဆိုပါ စစ်ရှောင် အမျိုးသမီးက ဆက် ပြော သည်။

လက်ရှိတွင် လွိုင်ကော်မြို့တွင်း၌ အခြေအနေများ မတည်ငြိမ်သေးသဖြင့် စစ်ရှောင်အများစုမှာ နေရပ်သို့ မပြန်ရဲ ကြသေးသောကြောင့် စစ်ကောင်စီက လွိုင်ကော်ဒေသခံ အစိုးရဝန်ထမ်းမျာအား အဓိက ပြန်လည်ခေါ်ယူနေ သည်။

နေရပ်သို့ ပြန်လည် တာဝန် မထမ်းဆောင်ကြသော Non CDM ဝန်ထမ်းများအား လစာဖြတ်တောက်မှုများ လည်း ရှိနေသည်ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“လွိုင်ကော်မြို့နယ်ဆိုရင် မပြန်မဖြစ် ပြန်ရမယ်ဆိုပြီး အမိန့်တော့ ထုတ်ထားတယ်။ မပြန်ရဲတဲ့သူတွေက များ ပါတယ်။ မပြန်ချင်တဲ့ သူကလည်းများတယ်။ ဟိုဘက်မှာကျတော့ ဝန်ထမ်းတစ်ယောက်အတွက် အဆင် မပြေ ဘူးပေါ့နော်၊ လွိုင်ကော်မြို့နယ်က မပြန်မဖြစ် ပြန်ရမယ်ဆိုတော့ မပြန်ဘဲနဲ့ နေခဲ့တဲ့ သူတွေဆိုရင် လုပ်ငန်းခွင် မဝင်လို့ အလုပ်ဝင် မလုပ်လို့ဆိုပြီး လစာဖြတ်တာတို့ ပြစ်ဒဏ်ပေးတာတွေရှိတယ်ပေါ့နော်။”

နေရပ်ပြန်လိုသည့် လွိုင်ကော်ဒေသခံ Non CDM ဝန်ထမ်းများ အတွက်လည်း စစ်ကောင်စီဘက်က ကား အခမဲ့ စီစဉ်ပေးခြင်းများ ရှိပြီး နေရပ်ကို ပြန်လိုသော ဒေသခံများ အနေဖြင့်လည်း စာရင်းပေးသွင်း၍ ပြန်လည် နေထိုင် နိုင်သည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများက ပြောသည်။

စစ်ကောင်စီက လွိုင်ကော်မြို့အတွင်း ပြန်လည်နေထိုင်ကြရန် ပြောနေသော်လည်း မြေပြင်တွင် စစ်တပ်၏ စစ် ကြောင်းများ ဆက်တိုက်ထိုးနေသောကြောင့် နှစ်ဖက်တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားလာနိုင်၍ ပြန်လည် နေ ထိုင်ခြင်း မလုပ်ကြသေးရန် ကရင်နီတောင်လှန်ရေး အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ စောတာအယ်စိုးက “လွိုင်ကော်မြို့ရဲ့ မြို့ပေါ် ရပ်ကွက်တွေမှာက တော့ စစ်ကောင်စီက စစ်ကြောင်းနဲ့ လှုပ်ရှားနေတာ ရှိတယ်ပေါ့နော်။ ဘယ်ရပ်ကွက်တွေကတော့ ပြန်လို့ရတယ် မရဘူးဆိုတာကိုတော့ ကျနော်တို့ အတိအကျ မပြောလိုပါဘူး။ ခဏနေပြန်လို့ရတယ် ပြောပြီး ထိခိုက်တာတွေ ဘာတွေဖြစ်ရင် အဆင်မပြေဘူးပေါ့နော်။ ဆိုလိုချင်တာကတော့ မြို့တစ်ခုလုံးမှာ ပြန်နေတာကတော့ လုံခြုံစိတ် ချမှု မရှိသေးဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်” ဟု ပြောသည်။

တစ်လေးလုံး စစ်ဆင်ရေးနောက်ပိုင်း ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွေမြို့နယ်ရှိ ဘုန်းကြီးကျောင်းများတွင် ဖွင့်ထားသော စစ်ဘေးရှောင်စခန်း ၁၆ ခု နှင့် အနီးဝန်းကျင်က ကျေးရွာများထဲတွင် ခိုလှုံနေကြသော ကရင်နီ စစ်ဘေးရှောင်ဦးရေ ၂၀,၀၀၀ ခန့်ရှိသည်ဟု အကူအညီပေးနေသူများက ပြောသည်။

တစ်လေးလုံး စစ်ဆင်ရေး စတင်လိုက်သော ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့မှစတင်၍ လွိုင်ကော်ဒေသခံ ၅၀,၀၀၀ ခန့်မှာ နေရပ်ကနေ စွန့်ခွာ စစ်ဘေးရှောင်ကြရပြီး တိုက်ပွဲနှင့် မြေမြုပ်မိုင်း အန္တရာယ်များကြောင့် လက် ရှိအချိန်ထိ နေရပ်သို့ ပြန်နေထိုင်ရန် အခက်အခဲများ ရှိနေသည်ဟု ဒေသတွင်း စစ်ဘေးရှောင်အရေး ကူညီပေးနေ သူများက ပြောသည်။

Most read this week

July 3, 2024
အမျိုးသား ညီညွတ်ရေး အစိုးရ NUG ၏ အိန္ဒိယ-မြန်မာ ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဆလိုင်းအိုက်ဇက်ခင်က...
July 3, 2024
နယ်မြေအငြင်းပွားမှုဆိုင်ရာ ကိစ္စရပ်များကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA အပြင် မဟာမိတ်များ...
June 27, 2024
စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA က ရှမ်းတပ်နှင့် ‘ဝ’တပ်ကို သိန်း ၆,၀၀၀ လာဘ်ထိုးပြီး...
June 27, 2024
စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော် ကာလအတွင်း ကရင်နီပြည်တွင် မည်သည့် အာဏာရှင် အဖွဲ့အစည်းမှ ဝင်...