မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသအတွင်းမှာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မငြိမ်မသက်မှုတွေရှိနေတာကြောင့် ဒေသတွင်းကစာသင်ကျောင်းအားလုံး ပိတ်ထားရတာ ရက်သတ္တပတ်ရှိလာပြီဖြစ်တယ်လို့ ဆရာ/ဆရာမများထံကနေ သိရပါတယ်။
“ ငါတို့ရွာက နှစ်ကျောင်းလုံးပိတ်ထားတယ် ဟိုဘက်ညောင်ပင်ဘက်တို့အင်းအနောက်ကမ်းကတွေလည်း အကုန်ပိတ်ထားတယ်ကြားတယ် ဘယ်သူဖွင့်ရဲကြမလဲအေး ဆရာဆရာမတွေလည်း အကုန်ပြန်သွားကြပြီ မနေ့တစ်နေ့က” လို့ အင်းတော်ကြီးဒေသတွင် တာဝန်ကျသူ ဆရာမတစ်ဦးက ပြောပြပါတယ်။
မပြင်ကျေးရွာမှာက အခြေခံပညာ စာသင်ကျောင်း(၁)ကျောင်းနဲ့ မူလတန်းကျောင်း(၁)ကျောင်းဖွင့်လှစ်ထားရှိထားတာဖြစ်ပြီး ယခုလက်နက်ကိုင်တိုက်ပွဲတွေကြောင့် မပြင်ကျေးရွာတစ်ရွာတည်းမှာပင် ကျောင်းသား/သူဦးရေစုစုပေါင်း (၇၀၀)ခန့်က စာသင်ကြားခွင့်ရပ်နားထားရတာဖြစ်ပါတယ်။
တိုက်ပွဲများကြောင့်လည်း အဝေးမှ လာရောက်သင်ကြားနေကြတဲ့ ဆရာ/မတွေဟာ စစ်ဘေးတိမ်းရှောင်ထွက်သွားကြတယ်လို့ စုံစမ်းသိရပါတယ် ။
ပြီးခဲ့တဲ့သီတင်းပတ် ဇွန်လ(၂၁)ရက်နေ့ သောကြောနေ့ကနေစတင်ပြီး အင်းတော်ကြီးဒေသအတွင်းက စာသင်ကျောင်းအချို့ စတင်ပိတ်ထားခဲ့ကြတာဖြစ်ပြီး အခုရက်ပိုင်းတွေမှာတော့ ကျေးရွာအားလုံးကစာသင်ကျောင်းများ ရပ်နားပိတ်ထားကြပြီဖြစ်ကာ ပြန်လည်ဖွင့်လှစ်နိုင်မယ့်ရက်ကိုလည်း ကြားသိရခြင်းမရှိသေးဘူးလို့ ဆိုကြပါတယ်။
“ ပိတ်ထားတယ်။ စာသင်ကျောင်းကတော့ တနင်္လာနေ့ကစပိတ်တာ။ တိုက်ပွဲကတော့ မဖြစ်သေးဘူး။ ရှုပ်မှာစိုးလို့နေမှာပေါ့ ။ နန့်မီးလောင်လည်း ပိတ်ထားတယ်” လို့ နန့်မွန်းမြို့ခံ ရပ်မိရပ်ဖ တစ်ဦးက ပြောပါတယ်။
ယခုလ ဇွန်လ(၃)ရက်နေ့ကမှ စာသင်ကျောင်းများစတင်ဖွင့်လှစ်ခဲ့ကြတာဖြစ်တာကြောင့် ပိတ်ရက်များမပါရှိပါက ကလေးတွေရဲ့စာသင်ရက်က (၁၀)ရက်ကျော်သာ ရှိပါသေးတယ်။
အင်းတော်ကြီးဒေသမှာ အထကကျောင်း (၁၀) ကျောင်း ၊ အလကကျောင်း (၉) ကျောင်း နှင့် မူလတန်း နှင့် မူကြိုကျောင်း ၁၀ ကျောင်းနီးပါးရှိတယ်လို့ သိရပါတယ်။
အင်းတော်ကြီးဒေသအတွင်းမှာ အခု ဇွန်လ (၂၃)ရက်နေ့ကနေစတင်ပြီး KIA+PDF ပူးပေါင်းတပ်ဖွဲ့များက ကျေးရွာပြည်သူ့စစ်တပ်ဖွဲ့များရဲ့ ကာကင်းတွေကို အင်အားအလုံးအရင်းဖြင့်တိုက်ခိုက်သိမ်းပိုက်မှုတွေ ပြုလုပ်နေတာကြောင့် ဒေသတွင်းမငြိမ်မသက်မှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။