စစ်ကောင်စီရဲ့လက်နက်ကြီးကျည်ကျကြောင့် တစ်ရက်တည်း ဆိပ်မူကျေးရွာဒေသခံ(၁၀)ဦးထိခိုက်ဒဏ်ရာရ

စစ်ကောင်စီရဲ့လက်နက်ကြီးကျည်ကျကြောင့် တစ်ရက်တည်း ဆိပ်မူကျေးရွာဒေသခံ(၁၀)ဦးထိခိုက်ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာမှာ ဒီနေ့ဇွန်လ(၂၆)ရက်နေ့တစ်ရက်တည်းမှာပင်  ကျေးရွာတွင်းကို စစ်ကောင်စီရဲ့လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံ(၁၀)ဦးထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေ့မနက်ပိုင်း (၁၀)နာရီ(၁၅)မိနစ်ဝန်းကျင်အချိန်မှာ ဖားကန့်မြို့စစ်ကောင်စီဗျူဟာကုန်းကနေ ဆိပ်မူကျေးရွာဘက်ကို လက်နက်ကြီးကျည်ပစ်ခတ်ခဲ့ရာ  မှော်ရှန်ကျေးရွာရှိ ကျေးရွာဆိုင်းဘုတ်အကျော်နားက အိမ်ဝင်းတစ်ခုအတွင်းနဲ့ ဆိပ်မူရွာလည်ဘုန်းတော်ကြီးကျောင်းနားတို့မှာ  ကျည်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံများက ဆိုကြပါတယ်။

အိမ်ဝင်းအတွင်းကျတဲ့လက်နက်ကြီးကျည်ကြောင့် အမျိုးသမီး(၃)ဦးနဲ့ အမျိုးသား(၁)ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြပြီး အမျိုးသမီး(၃)ဦးထဲမှ တစ်ဦးမှာ မျက်လုံးထိမှန်ပေါက်ထွက်ခဲ့တာအပြင် အမျိုးသားကတော့ ဦးခေါင်းထိမှန်ခဲ့ကာ  သူတို့နှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသောအခြေအနေမှာ ရှိနေကြတယ်လို့  ဒေသခံများထံမှ သိရပါတယ်။

‘လောလောဆယ်တော့အသေအပျောက်တော့မကြားသေးဘူး လေးယောက်ထဲက ခေါင်းထိတဲ့ဟာနဲ့ မျက်လုံးထိတဲ့ဟာတော့ အသက်အန္တရာယ်များတယ်လို့တော့ ပြောတယ်’ဟုဆိပ်မူ ကျေးရွာသားတစ်ဦးက ပြောပြပါတယ်။

ကျန်တဲ့အမျိုးသမီး(၂)ဦးမှာ အသက်အန္တရာယ်မရှိပေမယ့်  တစ်ဦးမှာ ဗိုက်ထိမှန်ပြီး တစ်ဦးက ခန္တာကိုယ်တစ်ခုလုံးတွင်  ကျည်စအမှုန်အမွှားတွေစင်ကာ ဒဏ်ရာအသီးသီးရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးနောက်မိနစ်အနည်းငယ်ပဲခြားပြီး ဆိပ်မူရွာလယ်ဘုန်းတော်ကြီးကျောင်းအနီးမှာ လက်နက်ကြီးကျည်ထပ်မံကျရောက်ခဲ့ပြီး   နောက်ထပ်ဒေသခံ(၆)ဦးထိမှန်ခဲ့တာကြောင့် တစ်ရက်တည်းမှာဒဏ်ရာရရှိသူ စုစုပေါင်း(၁၀)ဦးရှိခဲ့တာပါ။

‘ မနေ့ကစစ်ကောင်စီဘက်က စစ်ကြောင်းထိုးပြီးတော့ ဆိုင်းတောင်ကနေကျောက်ဝိုင်း ကျောက်ဝိုင်းကနေမှော်ရှန် အဲ့ကနေဘုရားကုန်းပေါ်တက်ပြီး ပြန်ဆင်းတဲ့အခါကို  PDFနဲ့KIAတို့ကဝိုင်းလိုက်တာ  အေ့ဒါကို သူတို့(စစ်ကောင်စီတပ်)က ဖားကန့်ကိုစစ်ကူတောင်း ရွာထဲပတ်လမ်းကနေ ညသန်းခေါင်ကျော်မှထွက်ကြတာ  မနက်ကျတော့ဖားကန့်ကနေ လက်နက်ကြီးနဲ့လှမ်းထုပစ်ခဲ့တာ ဒီဘက်မှာတော့ လူတွေပိတ်မှန်ကုန်တာပေါ့ လူနေအိမ်တွေပေါ်ထုတာကို’ဟု ကျေးရွာတွင်းနေထိုင်သူက ဆိုပါတယ်။

မနေ့ကဇွန်လ(၂၅)ရက်နေ့မှာ  စစ်ကောင်စီစစ်ကြောင်းကို  KIA+PDFပူးပေါင်းတပ်ဖွဲ့များက ဆိပ်မူကျေးရွာမှာ ပိတ်ဆို့ပစ်ခတ်ခဲ့မှုကြောင့်   ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီဘက်မှ ယခုလိုလက်နက်ကြီးပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

June 29, 2024
စစ်ကိုင်းတိုင်းဒေသကြီအထက်ပိုင်း အင်းတော်မြို့နယ် နန့်သာကျေးရွာမှာ တပ်စွဲထားတဲ့ ...
June 28, 2024
စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ် နဲ့ KIA+PDF...
June 27, 2024
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသအတွင်းမှာ  တိုက်ပွဲများဖြစ်ပွားခဲ့ပြီး...
June 12, 2024
ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာမှာ  ဇွန်လ ၁၀ ရက်နေ့ည ၇ ခွဲကျော်အချိန်က...