ရွှေကုက္ကိုလ်မြို့ခံ နှင့် BGF မိသားစုဝင်များ ထိုင်းဘက်ခြမ်းတွင် မြေနေရာများ ဝယ်ယူမှုများလာနေ

ရွှေကုက္ကိုလ်မြို့ခံ နှင့် BGF မိသားစုဝင်များ ထိုင်းဘက်ခြမ်းတွင် မြေနေရာများ ဝယ်ယူမှုများလာနေ

ကရင်ပြည်နယ် မြ၀တီမြို့အနီး နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်ရာ ရွှေကုက္ကိုလ်မြို့ရှိ မြို့ခံများ နှင့် BGF ၏ မိသားစုဝင်များသည် ၎င်းမြို့တစ်ဖက်ကမ်း ထိုင်းဘက်ခြမ်းဖြစ်သည့် ဟွေးကလုတ်ကျေးရွာတွင် မြေနေရာများဝယ်ယူမှုများ လာကြောင်းအမည်မဖော်လိုသူ ဟွေးကလုတ်ကျေးရွာသားတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

မြို့သစ်စီမံကိန်းကို အကြောင်းပြ၍ ကာစီနိုလောင်ကစား နှင့် ကျားဖြန့်ငွေလိမ်လုပ်ငန်းများ အကြီးအကျယ်လုပ်ကိုင်နေသည့် ရွှေကုက္ကိုလ်မြို့တွင် နောက်ဆက်တွဲ ပဋိပက္ခများဖြစ်ပွားလာနိုင်မည့် အခြေအနေများကို ရှောင်ရှားပြီး ထိုင်းနိုင်ငံဘက်သို့ ကူးပြောင်းနိုင်ရန် ထိုင်းနိုင်ငံသားများ၏ အမည်ဖြင့် ခြံမြေများ ဝယ်ယူကာ တိုက်ခန်းအဆောက်အဦးများပါ ဆောက်လုပ်နေသည်ဟု အမည်မဖော်လိုသူ ကျေးရွာသားက ယခုလို ပြောသည်။

၎င်းက “ပြီးခဲ့တဲ့လပိုင်းက မြ၀တီတစ်ကြောမှာ တိုက်ပွဲဖြစ်ပြီးတော့ ဒီမှာဝယ်တဲ့သူများလာတယ်။ အိမ်နားမှာလည်း လာ ဝယ် တိုက်ဆောက်ကြတာပြည့်နေပြီး။ BGF မိသားစု သားသမီးတွေဝယ်ကြတာပိုများတယ်။ အရင်က လယ်ကွက် တွေပဲ ရှိတာ ဘာမှမရှိဘူး။ အခုဆိုကုက္ကိုလ်ကလူတွေရော လာဝယ်တယ်။ ပြီးရင်တိုက်ဆောက်တယ်။ ပြောရရင် ဟိုဘက်မှာ အခြေအနေမကောင်းရင် ဒီဘက်ကူးလာပြီးနေဖို့ ကြိုပြီးနေရာလျာထားတာပေါ့။ ထိုင်းနိုင်ငံသားကဒ်ရှိတဲ့နာမည်နဲ့ ငှားပြီးဝယ်ကြတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ မြေနေရာဝယ်ယူသူများသည် ရွှေကုက္ကိုလ်မြို့ခံများသာမက မြ၀တီမြို့ခံအများစုလည်း ဝယ်ယူနေကြပြီး မြေကွက် အကျယ်အဝန်းအပေါ်မူတည်ပြီး ဘတ်ငွေ ၁ သိန်းမှ ၃ သိန်းအထိပေါက်စျေးရှိကြောင်း ၎င်းကျေးရွာသားက ဖြည့်စွက်ပြောဆို သည်။

အဆိုပါ နယ်စပ်ဒေသတစ်လျှောက်တွင် ဒေသတွင်းလက်နက်ကိုင် ပဋိပက္ခများအပြင် အွန်လိုင်းလောင်ကစားများ၊ငွေလိမ် လုပ်ငန်းများနှင့် ရာဇဝတ်မြောက် တရားမဝင် လူကုန်ကူးမှုများ၊ မှောင်ခိုလုပ်ငန်းများ အကြီးအကျယ်လုပ်ကိုင်နေကြခြင်း ကြောင့် နိုင်ငံတကာ၏ အထူးစိတ်ဝင်စား စောင့်ကြည့်မှုကို ခံနေရပြီး ၎င်းလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှု ရှိသည့် လက်နက်ကိုင်မိသားစုဝင်များအနေဖြင့် ယခုလို ထိုင်းဘက်ခြမ်းတွင် မြေနေရာများ ပိုမိုဝယ်ယူလာကြခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် မေလ(၃)ရက်နေ့ကလည်း ရွှေကုက္ကိုလ်အပါအဝင် မြဝတီမြို့နယ်ဒေသတဝိုက်ရှိ အွန်လိုင်း (Online) ကျားဖြန့် လုပ်ငန်းလုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများအနေဖြင့်  ပြီးခဲ့သည့် မေလမှ စတင်ကာ အောက်တိုဘာလကုန်အထိ နောက်ဆုံးထားပြီး မိမိလာရာလမ်းအတိုင်း ထွက်ခွာပေးကြရန် BGF က သတိပေး စာထုတ်ပြန်ခဲ့သေးသည်။

ထို့အတူ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က ထိုင်း−မြန်မာနယ်စပ်တလျှောက်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း နှင့် ကာစီနိုလောင်း ကစားရုံများ အများဆုံးရှိသည့် ရွှေကုက္ကိုလ်နှင့် အင်ကြင်းမြိုင်စသည့် နေရာများကို ထိုင်းနိုင်ငံ ဘက်ခြမ်းမှ လျှပ်စစ် ဓာတ် အားဖြတ်တောက်လိုက်ခြင်းကြောင့် ထိုနေရာတွင် အလုပ်အကိုင် နည်းပါးလာပြီး လုပ်ငန်းတချို့လည်း ရပ်တန့်ခဲ့ရသည်။

အလားတူ အဆိုပါ ရွှေကုက္ကိုလ်ဒေသတွင်လည်း (BGF)တပ်များ၏ အကူအညီဖြင့် ပြည်ပမှလာရောက်သည့် တရုတ်လူမျိုးများက မြေယာ၊ ခြံမြေများကို ဘတ်သိန်းနှင့်ချီပေး၍ စျေးကောင်းပေးဝယ်နေကြောင်း ဒေသခံရွာ သားတစ်ဦးက ပြောဆိုသည်။

Most read this week

October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...
October 1, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက အသက် (၁၈)...
September 30, 2024
နိုင်ငံအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်အချိန် ဖြစ်နေသည့်အတွက်...