ကျိုက်ထိုမြို့တွင် PDF တို့ကို ထောက်ပံ့နေသည်ဟုဆိုကာ ဒေသခံရှစ်ဦးကိုဖမ်းဆီးထား

ကျိုက်ထိုမြို့တွင် PDF တို့ကို ထောက်ပံ့နေသည်ဟုဆိုကာ ဒေသခံရှစ်ဦးကိုဖမ်းဆီးထား

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တို့ကို ထောက်ပံနေသည်ဟုဆိုကာ ကော့စံနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၄ ဦးနှင့်ကျိုက်ထိုမြို့မှ ဒေသခံ ၄ ဦးတို့ကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးထားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ ညပိုင်းအချိန်တွင် ကော့စံနိုင်လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်ဖြစ်သည့် ဦးမြအောင်၊ ဦးချမ်းသာအောင်၊ ဦးစိုးလှိုင်နှင့်မချစ်စုရတနာတို့ကို ဖမ်းဆီးခဲ့ပြီး  ဇွန်လ ၁၄ ရက်နေ့တွင် ကျိုက်ထိုမြို့မှ အမျိုးသား ၄ ဦးထပ်မံဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံထားရသည့် ဒေသခံရှစ်ဦးတို့သည် ယနေ့အထိ မိသားစုဝင်တို့နှင့် အဆက်အသွယ်မရရှိသေးသည့်အပြင် မည်သည့်နေရာတွင်ဖမ်းဆီးခံထားသည်ကို အတိကျမသိရသေးကြောင်း မိသားစုဝင်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

“ ၁၃ ရက်နေ့ညက သူတို့တွေထောက်ပို့နဲ့ညှိလို့ ဖမ်းသွားတယ်။ ဘာအဆက်အသွယ်မှမရနေဘူး။ ဘယ်နေရာထားတာဆိုကိုလည်း ကျွန်တော်တို့ အတိကျမသိရသေးဘူး။ စုံးစမ်းနေဆဲပဲရှိနေတယ်၊ တစ်ချို့က ကျိုက်ထိုရဲစခန်းမှာရှိနေတာကြားလို့ ပစ္စည်းသွားပို့လည်းလက်မခံဘူး ” ဟုဆိုသည်။

၄င်းအပြင် ယခုဖမ်းဆီးခံရမှုသည် ပုဂ္ဂိုလ်ရေးသာဖြစ်ပြီး အသင်းအဖွဲ့နှင့် မသက်ဆိုင်ကြောင်း ကော့စံနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“သူတို့က ကျွန်တော်တို့နဲ့အတူအသင်းဝင်ဖြစ်တယ် ဒါ့မယ့်ပုဂ္ဂိုလ်ရေးနဲ့ပဲ ဖမ်းသွားတာပါ။ ကျွန်တော်တို့အသင်းနေနဲ့လည်း သူတို့ဘယ်နေရာရှိနေတာကို စုံစမ်းနေဆဲနေပါပဲ ” ဟု ဆိုသည်။

ကော့စံနိုင်လူမှုကယ်ဆယ်ရေးအဖွဲ့အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းတို့ကို ပုံမှန်အတိုင်းလည်ပတ်ဆောင်ရွက်နေဆဲဖြစ်သည်ဟုလည်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ဒေသခံနှင့် လူမှုအဖွဲ့အစည်းတို့အပါအဝင် စီးပွားရေးလုပ်ငန်းရှင်တို့ကို စစ်ကောင်စီတပ်တို့က မကြာခဏ ခေါ်ယူစစ်ဆေးမှုလုပ်ဆောင်လျှက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူတို့ရှိသကဲ့သို့ အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းခံနေရသူတို့လည်း ရှိနေဆဲဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဇွန်လ(၁၇)ရက်နေ့ထုတ်ပြန်ထား သည့်စာရင်းအရ အာဏာသိမ်းကာလတွင် နိုင်ငံရေးနှင့်ဆက်စပ်သူ ၂၆,၈၇၇ ဦးဖမ်းဆီးခဲ့ရာမှ ၂၀၆၀၇ ဦးက ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်သည်။

ဓာတ်ပုံ - ပုံဟောင်း
December 23, 2024
မွန်ပြည်နယ်အတွင်းရှိ  အသင်းအဖွဲ့မှတ်ပုံတင်သက်တမ်းကုန်နေသည့် ပရဟိတအသင်းအကြီးအပါအဝင်...
December 19, 2024
တနင်္သာရီတိုင်းတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ် တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်...
December 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း၊ ရဲတံခွန်၊ လွတ်ရှမ်း၊ သံပုရာ၊ ခုံခံကျေးရွာမှ...
December 13, 2024
ထိုင်း - မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့အတွင်း အသက် ၁၀ နှစ်အောက်ကလေးပျောက်ဆုံးမှု ယနေ့အထိ...