မြဝတီသွားတောလမ်းများ ပျက်စီးသဖြင့် ကုန်နှင့်ခရီးသည်တင်ယာဥ်အများစု ယာယီရပ်နားထားရ

မြဝတီသွားတောလမ်းများ ပျက်စီးသဖြင့် ကုန်နှင့်ခရီးသည်တင်ယာဥ်အများစု ယာယီရပ်နားထားရ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့သို့သွားသည့် ထို့ကော်ကိုးလမ်းအပါအဝင် တောလမ်းများ ရာသီဥတုဒဏ်ကြောင့် လမ်းပျက်စီးသဖြင့် ကုန်တင်နှင့်ခရီးသည်တင် မော်တော်ယာဥ်အများစု ယခု မေလ(၂၅)ရက်မှစ၍ ယာယီရပ်နားထားရကြောင်း ယာဥ်မောင်းနှင်သူများထံမှ သိရသည်။

ယခု မေလ တတိယအပတ်မှစ၍ မြန်မာနိုင်ငံတိုင်းနှင့်ပြည်နယ်အများစုတွင် မိုးရေချိန်များပြားခဲ့ရာ မြဝ  တီမြို့သို့ အတက်အဆင်းပြုလုပ်အသုံးပြုသည့် ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းများပေါ်တွင် မြေပြိုခြင်း၊ ရွံ့နွံထူခြင်း အစရှိသဖြင့် လမ်းပျက်စီးလာခြင်းဖြစ်သည်။

ထို့ကြောင့် လမ်းပိုင်းပေါ် ယာဥ်တိမ်းမှောက်မူအပြင် ကုန်နှင့်မော်တော်ယာဥ် ထိခိုက်ပျက်စီးမှုတို့ကြောင့် ယာဥ်အသွားအလာ ရပ်နားထားလိုက်ရကြောင်း ရန်ကုန်-မြဝတီ-မဲဆောက် ယာဥ်မောင်းနှင်သူ တစ်ဦးက ပြောသည်။

“ကားတအားနာလို့ ကျနော်တို့မသွားတော့တာ ကားတွေတော်တော်များများ နားကြတယ်။ လမ်း တအားကြမ်း ဗွက်ကြားထဲမှာဆိုတော့ သွားလို့မနိုင်ဘူး။ ဒေါနတောင်ကြောမှာတင် သုံးရက်ကြာတယ်။ မြဝတီကနေ ရန်ကုန်အထိကိုဆို လေးရက်ပဲ ထို့ကော်ကိုးလမ်းရော တခြားနှစ်လမ်းရော မြေသား လမ်းပဲဆိုတော့ ပျက်စီးတာအတူတူပဲ။ ကျနော့်အသိကားတွေ သွားလို့ကားမှောက်တာရှိတယ် တခုခုဖြစ်လာရင် လျော်ရတဲ့နှုန်းကများတယ်လေ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အတူ ရာသီဥတုနှင့်လမ်းပိုင်းဆိုးဝါးမှုကြောင့် ထိုင်းဘက်မှကုန်ပစ္စည်းသူမှာယူသူ ကုန်သည်များ မှာလည်း ပစ္စည်း အထိအခိုက်မရှိ ရောက်ရှိလာရေး စိတ်မချရသည့်အခြေအနေအပြင် လတ်တလော ထိုင်းဘတ်ငွေလဲလှယ်နှုန်း တက်သဖြင့် ကုန်ပစ္စည်းမှာယူ ပို့ဆောင်မှုများပါ ရပ်နားထားလိုက်ရကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်သူများထံမှ သိရသည်။

မြဝတီတောလမ်းများပျက်စီးမှုအပြင် ယခုမေလအတွင်း မွန်ပြည်နယ်ဘက်မှ တံတားနှစ်စင်းပျက်စီးမှုကြောင့်လည်း ကုန်တင်နှင့်ခရီးသည်ယာဥ်များ အသွားအလာခက်ခဲပြီး လမ်းခရီးကြန့်ကြာမှုနှင့် ကုန်နှင့်စက်သုံးဆီပြတ်လပ်မှုများ တွေ့ကြုံနေရသည်။

အထက်ပါ ယာဥ်မောင်းကဆက်လက်၍ “မွန်ပြည်နယ်ဘက်ကတံတားတွေက တော့ မြေသား လမ်းဖို့ထားတော့ အခုသွားလို့ရတယ်။ ကုန်သည်တွေကတော့ ပစ္စည်းအဝယ်နားထားကြပြီ ထိုင်းပစ္စည်းတွေပဲစီးဆင်းတာဆိုတော့ လက်ရှိငွေဈေးနဲ့လည်းမကိုက်ဘူး။ ကျနော်တို့လည်းကားခကိုထပ်တိုးကောက်လို့မရဘူးလေ။ ဆီဈေးကလည်းဈေးတအားကြီးသေးတယ်။” ဟု ပြောသည်။

ပြီးခဲ့သည့် မေလ(၂၈)ရက်နေ့မှစ၍ ထို့ကော်ကိုးလမ်းပိုင်းကို ယာဥ်အသွားအလာပိတ်ထားပြီဖြစ်ကြောင်း သတင်းများပေါ်ထွက်လာသော်လည်း KNU/KNLA PC ငြိမ်းချမ်းရေးကောင်စီဘက်ကမူ ၎င်းတို့ ထုတ်ပြန်ထားခြင်းမရှိဘဲ ဆိုးဆိုးရွားရွား လမ်းပျက်စီးမှုကြောင့်သာ သွားလာမရတော့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းဌာနအချို့ကို ပြောပြချက်အရ သိရသည်။

လက်ရှိတွင်မူ ကုန်သွယ်ရေးခက်ခဲသည့်အပြင် ထိုင်းဘတ်ငွေအပါအဝင် နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်ပြီး မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေသောကြောင့် မြန်မာပြည်တွင်းတွင်လည်း ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာနေသည်။

October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...