လွိုင်ကော်ထောင်တွင် ရောဂါ ဖြစ်ပွားသူ ဦးရေ မြင့်တက်

လွိုင်ကော်ထောင်တွင် ရောဂါ ဖြစ်ပွားသူ ဦးရေ မြင့်တက်

ကရင်နီပြည်၊ လွိုင်ကော်မြို့ အကျဉ်းထောင်တွင် စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာနမှ ရိက္ခာ လျှော့ချ လိုက်ပြီးနောက် ရောဂါဖြစ်ပွားသူ အရေအတွက် အယောက် ၂၀ ကျော်ရှိလာသည်ဟု ထောင်နှင့်နီးစပ်သူများက ပြောသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လကတည်းက ထောင်ဝင်စာ ပိတ်ခံထားရသည့်အပြင် ထောင်တွင်း ရိက္ခာလည်း လျှော့ချ လိုက်သည်ဖြစ်ရာ အာဟာရချို့တဲ့ပြီး ဝမ်းရောဂါ၊ လေဖြတ်ရောဂါ၊ နာတာရှည်ရောဂါများ ဖြစ်ပွားနေကြသည်ဟု ဆိုသည်။

ကရင်နီနိုင်ငံရေး အကျဉ်းသား အစည်းအရုံး (KPPA) ပြန်ကြားရေး တာဝန်ခံ ကိုထားဖိုးက “သာမန်ဆိုရင်တော့ မနက်ပိုင်းကို ဆီနဲ့ဆနွင်းနဲ့ ကြော်ပေးတယ်ပေါ့နော်။ မနက်တိုင်း ထမင်းကြော်ပုံစံ။ နေ့လည်ပိုင်း ဆိုရင် ထမင်း ကို ပဲဟင်းပျစ်ပျစ်နှစ်နှစ်လေး ကျွေးတယ်‌ပေါ့နော်။ ညနေပိုင်းဆိုရင်လည်း ဟင်းရည်လေးတွေပါမယ်၊ ငပိရည် လေးတွေပါမယ်၊ လုံလောက်တဲ့ ထမင်းတွေကိုပေးတယ်။ ပြီးရင် တစ်ပတ်ကို ၃ - ၄ ကြိမ်လောက် အသား ဘယ် လောက်ရာခိုင်နှုန်း ကျွေးရမယ်ဆိုတာ ရှိတယ်ပေါ့နော်။ အသားက စကေးလို့ခေါ်တယ်။ သာမန်ဆိုရင်တော့ လူ ၁ ယောက် စားမကုန်နိုင်တဲ့ အရွယ်အစားရှိတယ်”  ဟု ပြောသည်။

သို့သော် နောက်ပိုင်းတွင် အသားမှာ လုံးဝမကျွေးတော့သည့် အဆင့်ရောက်သွားသည်ဟု ကိုထားဖိုးက ဆက်ပြောသည်။

“နောက်ပိုင်း တဖြည်းဖြည်း သေး သေး သွားတယ်ပေါ့။ နောက်ပိုင်း မရှိတော့တဲ့အထိ ဖြစ်သွားတယ်။ အခုချိန် မှာ ဒါတွေက လုံးဝလုပ်ပေးလို့မရတဲ့ အခြေအနေပေါ့ နော်။ ၁၀ ယောက် ၁ ဖွဲ့မှာ ငပိရည် ၁ ဇွန်းလောက်ရရင် တောင်မှ ဟင်းကောင်းပြီလို့ ပြောကြတဲ့အခြေအနေ ရှိတာပေါ့နော်။”

အကျဉ်းသားများမှာ အာဟာရချို့တဲ့မှုကြောင့် ရောဂါဖြစ်ပွားနေကြသည့်အပြင် ဆေးပစ္စည်း မလုံလောက်မှုနှင့် ဆရာဝန်မှလည်း ကျန်းမာရေး စောင့်ရှောက်မှု မပေးသောကြောင့် ထောင်ဝင်စာဖြတ်ထားသည့် ၆ လကျော် အတွင်း ကိုယ့်ကိုယ် အဆုံးစီရင်သူနှင့် ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၆ ဦးခန့်ရှိပြီဟု ဆိုသည်။

ယခင် ထောင်ဝင်စာ မပိတ်ခင် ကာလများတွင်လည်း နိုင်ငံရေး အကျည်းသား (နိုင်ကျဉ်း) မိသားစုဝင်များမှ ပို့ဆောင်သည့် ထောင်ဝင်စာများအား စစ်ကောင်စီနှင့် အကျဉ်းဦးစီးဌာနက ကြားဖြတ်ယူခဲ့သောကြောင့် အကျဉ်း သားများထံ ရိက္ခာမရောက်ခဲ့ဘူးဟုလည်း ဆိုသည်။

လတ်တလောတွင် ထောင်တွင်း အကျဉ်းသားများ အားလုံး နီးပါးမှာ လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ်ကို ခံနေရသော်လည်း နိုင်ကျဉ်းများအပေါ် ပြုမူဆက်ဆံပုံမှာ ပိုမိုဆိုးရွားနိုင်သည်ဟု နိုင်ကျဉ်းဟောင်း ကိုထားဖိုးက ဆက်ပြောသည်။

“လက်ရှိ အခြေအနေကတော့ အကျဥ်းသားတိုင်း ပါဝင်တယ်လို့ သုံးလို့ရတယ်။ သို့ပေမဲ့ နည်းနည်း ကွဲပြားတဲ့ အခြေအနေ တစ်ခုတော့ ရှိနိုင်တယ်။ ဘယ်လိုလဲဆိုတော့ နိုင်ငံရေးအကျဥ်းသားအများစုက သူတို့ ဆီမှာ ခံယူ ချက်ရှိတယ်။ ယုံကြည်ချက်ရှိတဲ့အတွက် သူတို့ရတာပဲသူတို့ ယူတာပေါ့နော်. သူတို့ အကျဥ်းသားတွေက တချို့ သော နည်းလမ်းတွေနဲ့ သူတို့ အခွင့်အရေးပိုပြီးတော့ ပိုယူတတ်ကြတယ်။ အဲ့လိုမျိုး အကျဥ်းသား ၂ ခုကြားမှာ တော့ ကွဲပြားလိမ့်မယ်။ တချို့သောပုဒ်မ အကျဥ်းသားတွေက ဘယ်လိုနည်းလမ်းတွေနဲ့ သူတို့မှာ အခွင့်အရေး တွေ ပိုရနိုင်လဲဆိုတာ အမြဲတမ်း ရှာဖွေပြီးတော့ အသုံးပြုနေလိမ့်မယ်။ သို့ပေမယ့် နိုင်ငံရေး အကျဥ်းသားတွေ က ဒါမျိုး မလုပ်ဘူး။ သူတို့ကို ပေးသလောက်သာ သူတို့ယူတယ်။ ဥပဒေအတိုင်းပဲ သူတို့ နေထိုင်ကြတယ်။ အဲ့ဒီ အတွက် အကျဥ်းသား အများစုက အနေဆင်းရဲ အစားဆင်းရဲကြတယ်။”

စစ်အာဏာသိမ်းကာလ အစပိုင်းကတည်းက စတင်ပြီး လက်ရှိအချိန်အထိ လွိုင်ကော် နိုင်ကျဉ်းများအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)တို့မှ တစ်စုံ တစ်ရာ ကူညီထောက်ပံ့ခြင်းမျိုး မရှိခဲ့ဖူးဘူးဟု ဆိုသည်။

ထို့ကြောင့် နိုင်ငံရေး ဦးဆောင်သည့် အဖွဲ့အစည်းများမှ ဦးဆောင်ဖြေရှင်းပေးစေလိုပြီး ယခုကဲသို့ စစ်ရေး အကဲ ဆတ်သည့် ကာလတွင်လည်း နှစ်ဖက်အဖွဲ့အစည်းများအတွက် ကြားခံညှိနှိုင်းမည့် နိုင်ငံတကာ အဖွဲ့အစည်းများ ပေါ်လာမှသာ အကျဉ်းသားများအတွက် အဆင်ပြေမည်ဟု KPPA တာဝန်ရှိသူများက ပြောသည်။

လွိုင်ကော်ထောင်တွင် အကျဉ်းသားပေါင်း အယောက် ၄၀၀ ကျော်ရှိပြီး လွတ်ရက်စေ့ရန် ကျန်ရှိနေသေးသည့် နိုင်ကျဉ်းပေါင်း ၁၁၀ ကျော် ပါဝင်သည်ဟု အကျဉ်းဦးစီးဌာနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

October 3, 2024
ကချင်အထူးဒေသ ၁ ၊ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ တိုက်ခိုက်သိမ်းပိုက်...
October 3, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက်။ထိုင်း - မြန်မာနယ်စပ်က မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း...
October 2, 2024
ကရင်နီပြည်နယ်တွင် ကုန်းစျေးနှုန်းများ အဆမတန် မြင့်လာသောကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံများ...
September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...