ဂျိုင်းမြစ်ဒေသတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု ဆိုးရွားစွာကျူးလွန်နေဟုဆို

ဂျိုင်းမြစ်ဒေသတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု ဆိုးရွားစွာကျူးလွန်နေဟုဆို

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အစပ် ဂျိုင်းမြစ်ဒေသတလျှောက်တွင် စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှု ဆိုးရွားစွာကျူးလွန်နေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

ဂျိုင်းမြစ်ဒေသရှိ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မတ်လ ၂၄ ရက်နေ့နောက်ပိုင်း ဂျိုင်းမြစ်ဒေသတလျှောက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ကျေးရွာများထဲကို ဝင်ရောက်တပ်စွဲထားခဲ့သည်။

ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့သည် နေအိမ်မီးရှို့မှုများ ၊ အဖိုးတန်ပစ္စည်းများကို ယူဆောင်မှုများအပြင် အပြစ်မဲ့ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို အဓမ္မပြုကျင့်သတ်ဖြတ်ခြင်း အစရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်နေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်းဒေးရှင်းမှ စီမံကိန်းဒါရိုက်တာ နိုင်အဲမွန်က ပြောသည်။

“ အရင်တုန်းကတော့ ရေးမြို့နယ်က လူ့အခွင့်အရေး ချိုးဖောက်မှု အခံရဆုံးဖြစ်တယ်၊ ဒါပေမဲ့ အခုကျတော့ ကျိုက်မရောမြို့နယ်က အများဆုံး ဖြစ်လာတယ်။ တစ်ချို့က မီဒီယာတွေ မသိဘဲနဲ့ သတ်ဖြတ်ခံထားရတဲ့သူတွေ အများကြီးပဲ။ နောက်ပြီး ကျိုက်မရောဒေသကို သူတို့(စစ်ကောင်စီတပ်) သိမ်းပိုက်ထားစဉ် တစ်ခဏအတွင်းမှာ ဘယ်ပစ္စည်းက တန်းဖိုးကြီးသလဲ၊ တန်းဖိုးကြီးတဲ့ ပစ္စည်းတွေကို ဘာတစ်ခုမှ မကျန်အောင် သူတို့ ခိုးယူနေတယ်။ မကြာခင်ရက်အတွင်းမှာပဲ ကော့ဘိန်းမှာ မိန်းခလေးငယ်တွေကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်သွားတာရှိခဲ့တယ်။ ပြီးတော့ အတင်းအဓမ္မနည်းနဲ့ လူငယ်တွေကို ဖမ်းဆီးမယ်။ ဘုန်းကြီးပါမကျန် ပစ်သတ်တယ်။ ပဋိပက္ခဖြစ်နေချိန်အတွင်းမှာ ကြိုက်သလို သူတို့(စစ်ကောင်စီတပ်) လုပ်လို့ရနေတယ်ဆိုတာကို ပြည်သူတွေ သိထားရမယ်” ဟု နိုင်အဲမွန်က ပြောသည်။

မွန်လူမျိုးစုအများစုနေထိုင်သည့် ဂျိုင်းမြစ်ဒေသကို စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာလုပ်ဆောင်နေခြင်းသည် မွန်ပြည်သူလူထုများနှင့် မွန်တော်လှန်ရေးအင်အားစုများ ကြောက်ရွံ့အောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း နိုင်အဲမွန်က ဆက်ပြောသည်။

စစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးသည် ကလေးနှင့် အမျိုးသမီးများဖြစ်သည်ဟု ကလေးနှင့် အမျိုးသမီးအရေးလှုပ်ရှားသူ မိသုတဂျော်က လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

မိသုတဂျော်က “လောလောဆယ်ကတော့ ဂျိုင်းမြစ်ဒေသမှာ ကျိုက်မရောမြို့နယ်က အများဆုံး ခံနေရတယ်။ သူတို့(စစ်ကောင်စီတပ်) တပ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် ကလေးတွေနဲ့ အမျိုးသမီးတွေ သေဆုံး၊ ဒဏ်ရာရသွားတာတွေ ရှိတယ်။ စစ်ရေးပဋိပက္ခဖြစ်တိုင်း စစ်ဘေးရှောင်ရတဲ့သူတွေအထဲမှာလည်း ကလေးတွေနဲ့ အမျိုးသမီးတွေက အများဆုံးဖြစ်နေတယ်။ စစ်ပွဲတွေကလည်း ပြည်သူလူထုတွေရှိရာ ကျေးရွာတွေထဲမှာပဲ ဖြစ်နေကြတယ်။ တခါတလေ ရွာအပြင်ဘက်မှာ ဖြစ်ပွားပြီးရင်လည်း ကျေးရွာထဲကိုပဲ လက်နက်ကြီးတွေ ပစ်ချနေကြတာ။ အရင်ကနဲ့ နှိုင်းယှဉ်းကြည့်ရင် ရက်စက်ကြမ်းကြုတ်မှုတွေက ပိုများလာတယ်။ သေဆုံးမှုတွေ ပျက်စီးဆုံးရှုံးတွေလည်း ဆယ်ဆလောက် ပိုများလာတယ်” ဟု ဆိုသည်။

ကော့ဘိန်းရဲစခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ဂျိုင်းမြစ်ဒေသအတွင်း  စစ်ကောင်စီမှ ရေကြောင်း၊ လေကြောင်းအပြင် လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီဘက် ပစ်ခတ်မှုကြောင့် တစ်လကျော်ကာလအတွင်း ဂျိုင်းမြစ်ဒေသက အရပ်သားပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိခဲ့သည်။

၎င်းပြင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဘုန်ကြီးကျောင်းအပါအဝင် လူနေအိမ် ၄၀၀ ကျော် မီးလောင်ပျက်စီးသွားသည်လည်း ရှိခဲ့သည်။

ဒေသတွင်းတိုက်ပွဲနှင့် စစ်ကောင်စီဘက်မှ လေကြောင်း၊ ရေကြောင်းဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေခြင်းကြောင့် ဂျိုးမြစ်ဒေသတလျှောက်က ဒေသခံပြည်သူ ၃၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဓာတ်ပုံ - ပုံဟောင်း
December 23, 2024
မွန်ပြည်နယ်အတွင်းရှိ  အသင်းအဖွဲ့မှတ်ပုံတင်သက်တမ်းကုန်နေသည့် ပရဟိတအသင်းအကြီးအပါအဝင်...
December 19, 2024
တနင်္သာရီတိုင်းတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ် တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်...
December 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း၊ ရဲတံခွန်၊ လွတ်ရှမ်း၊ သံပုရာ၊ ခုံခံကျေးရွာမှ...
December 13, 2024
ထိုင်း - မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့အတွင်း အသက် ၁၀ နှစ်အောက်ကလေးပျောက်ဆုံးမှု ယနေ့အထိ...