မြဝတီနယ်စပ်ကုန်သွယ်ရေး ကူးသန်းသွားလာသော ကုန်ကားများအသွားအလာနည်းပြီး ထိုင်းဘက်သွင်းကုန်ပိုင်ရှင်အချို့စိုးရိမ်မှုရှိနေ

မြဝတီနယ်စပ်ကုန်သွယ်ရေး ကူးသန်းသွားလာသော ကုန်ကားများအသွားအလာနည်းပြီး ထိုင်းဘက်သွင်းကုန်ပိုင်ရှင်အချို့စိုးရိမ်မှုရှိနေ
CJ( ပုံဟောင်း)
CJ( ပုံဟောင်း)

ကရင်ပြည်နယ်၊ မြဝတီမြို့အနီးပတ်ဝန်းကျင်တွင် သင်္ကြန်ရက်နီးချိန် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြဝတီ နယ်စပ်ကုန်သွယ်ရေး ကူးသန်းသွားလာနေကြသော ထိုင်းဘက်မှကုန်တင်ယာဥ်များ ယခင်ကထက် အသွားအ လာပိုမိုနည်းပါးလာပြီး ထိုင်းကုန်သည်များမှာလည်း မြန်မာဘက်သို့ သွင်းကုန်တင်သွင်းသည့်အပေါ် စိုးရိမ်နေ ကြ ကြောင်း နယ်စပ်သတင်းအရင်းအမြစ်များမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များက မြဝတီမြို့အပြင်ဘက်ရှိ စစ်တပ် စခန်းများအား ဧပြီလ(၅)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ပြီးသည့်နောက် စစ်ကောင်စီက မြဝတီမြို့ပေါ် ဗုံးကြဲ တိုက်ခိုက်မည့်သတင်းများ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာသလို ထိုင်းဘက်မှ ကုန်ကားများ မြန်မာပြည်တွင်း ဝင်ရောက်မှုသိသိသာသာနည်းပါးသွားသည်ဟု နယ်စပ်ကုန် သည်များနှင့်နီးစပ်သူက ပြောသည်။

“ထိုင်းဘက်ကဝင်လာတဲ့ကုန်ကားတွေကတော့ အရမ်း ဝင်မလာကြတော့ဘူး။ ထိုင်းဘက်က ကုန်သည်တွေကလည်း ကြောက်နေကြတယ်။ တိုက်ပွဲတွေဒီထက်မက ပြင်းထန်လာမှာကို စိုးရိမ်ပြီးတော့ သူ့ကုန်တွေပေးမကူးရဲတော့ဘူး။ ကုန်ကားအသွားအလာနည်းတာက သင်္ကြန်တွင်းကြောင့်လည်းဖြစ်တယ်။ တိုင်းပြည် အခြေအနေမငြိမ်သက်တာလည်းပါတာပေါ့။” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၁)နှင့် (၂)ကို ပုံမှန်အတိုင်းဖွင့်လှစ်ထားသလို မြို့တွင်း ကောလာဟလကြောင့် နေရပ်စွန့်ခွာသူအချို့ရှိသော်လည်း ပြည်တွင်းမှ မြဝတီသို့သွားလာသည့် ကုန်တင်ယာဥ်နှင့် ခရီးသည်တင် မော်တော်ယာဥ်များမှာမူ ပုံမှန်မပျက်သွားလာနေကြကြောင်း မြို့တွင်းနေထိုင်သူများက ကေအိုင်စီ သို့ ပြောသည်။

နောက်ထပ် မြဝတီမြို့ခံတစ်ဦးကလည်း “မြဝတီမှာရှိတဲ့ကုန်သည်တွေကတော့ တရားဝင်ဟုတ်ချင်မှဟုတ်မယ် (၆)ဘီးကားတွေနဲ့ ဒီတိုင်းသွားလာနေကြတာပဲ။ ထိုင်းဘက်ကကားကြီးတွေတော့ မတွေ့ဘူး။ မြဝတီ အထည်စက်ရုံလည်း သင်္ကြန်တွင်းပိတ်ထားတယ်။ မြဝတီမှာကုန်သွယ်ရေးတွေက နဂိုက တည်းက ကောင်းတာမှမဟုတ်တာ၊ ထို့ကော်ကိုးလမ်းကပဲ ဒီလိုပဲသွားနေကြတာပေါ့။ အကောက်ခွန်တွေတော့ရှိမှာပါ တံတားဖွင့်နေတာပဲလေ” ဟု ပြောသည်။

လတ်တလော စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များက မြဝတီမြို့အဝင်အထွက်ကို ပိတ်ပင်မထားသည့်အပြင် ထို့ကော်ကိုးလမ်းပိုင်းရှိ လက်နက်ကိုင်တပ်ဖွဲ့စစ်ဆေးရေးဂိတ်များတွင်လည်း စစ်ဆေးရေးနည်းပါး၍ ငွေ ကောက်ခံမှု ယခင်ကထက်လျော့နည်းသွားသည်ဟု မော်တော်ယာဥ်မောင်းနှင်သူများက ပြောသည်။

ဌာနဆိုင်ရာအဆင့်ဆင့်လုပ်ကိုင်ရခြင်းထက် လက်နက်ကိုင်အဖွဲ့များကို ငွေပေး၍သွားလာကြသော နယ်စပ် ကုန်သွယ်မှုကဏ္ဍတွင် ပို့ကုန်ထက် သွင်းကုန်ကပိုများနေပြီး လက်ရှိပြည်တွင်းပဋိပက္ခအတွင်း မြဝတီမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်နှင့်တော်လှန်ရေးအဖွဲ့များလက်အောက်သို့ရောက်ရှိလာပါက ထိုင်းနိုင်ငံဘက်မှ ကုန်သွယ်မှုဖြတ်တောက်မည်ဟူသော ကောလာဟလများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့နေကြောင်း တွေ့ရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာသုံးသပ်သူ မောင်ကျော်စွာက “အဲဒီသတင်းကတော့ အကောင် အထည်မရှိတဲ့ထင်မြင်ချက်ပါပဲ။ အခုလိုဖြစ်နေတာတောင် အရေအတွက်နည်းတာပဲဖြစ်မယ်။ လမ်းကြောင်းတွေ သွားနေတာပဲလေ။ တကယ်လို့ ထိန်းချုပ်နိုင်ခဲ့ရင် ကုန်တွေရောင်းဝယ်ကြမှာပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်း ဘက်က မြန်မာပြည်ကကုန်ပစ္စည်းတွေ အလုပ်သမားတွေကို ဈေးချိုချိုနဲ့ရတယ်။ အသိပညာရှင်တွေ အတတ် ပညာရှင်တွေ သူ့နိုင်ငံထဲကို ဒလဟောဝင်ကြတယ်။ အဲဒါတွေရဲ့ဝယ်ယူသုံးစွဲနိုင်မှုက သူ့အတွက် အများကြီးအ ကျိုးရှိတာကိုး” ဟု သုံးသပ်သည်။

ထိုသို့ ထိုင်းနိုင်ငံအတွက် အမြတ်အစွန်းများစွာရှိသည့် ကုန်သွယ်မှုဖြစ်သောကြောင့် တရားဝင်လမ်းကြောင်းများကို ထိုင်းဘက်ကမပိတ်ပင်နိုင်သလို မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ ပို့ကုန်တင်ပို့မည်ဖြစ်ကြောင်း မြန်မာပြည် အလုပ်သမားအရေးဆောင်ရွက်နေသူ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုး က ယခုလိုပြောသည်။

၎င်းက “နယ်စပ်ကုန်သွယ်ရေးကတော့ လမ်းကြောင်းပိတ်ရင်တောင် သောင်ရင်းမြစ်ကိုဖြတ်ပြီး မှောင်ခို လမ်းကြောင်းနဲ့သွားမှာပဲ တရားဝင်ရရင်ရ မရရင် တရားမဝင်လမ်းကြောင်းနဲ့သွားမှာပဲ။ ထိုင်းဘက်က ကုန်သွယ်ရေးမှာပိုငွေပြပြီး မြန်မာနိုင်ငံကိုပို့ကုန်အနေနဲ့ တရားဝင်လမ်းကြောင်းနဲ့ရနိုင်သမျှလုပ်မယ် ။ တရားဝင်မရရင် ကရင်အမျိုးသားတပ်မတော်အမည်ခံ BGF အဟောင်းတွေနဲ့ဆက်လုပ်မှာပဲ” ဟု ဦးမိုးကြိုးက သူ၏ အမြင်ကို ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ မြဝတီကုန်သွယ်ရေးဇုန်ကို သင်္ဃန်းညီနောင်ကျေးရွာမှ (၂)မိုင်အကွာနှင့် မြဝတီ မြို့မှ (၆.၅)မိုင်အကွာ စံတုကုန်းဒေသတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ၎င်းဇုန်မှ ပုံမှန်အားဖြင့် ပို့ကုန်အဖြစ် ချုပ်ပြီးအထည်များ၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်းနှင့် ရာဘာများ အစရှိသည်တို့အပါအဝင် သွင်းကုန်အဖြစ် ချည် ထည်၊ ပလပ်စတစ်ကုန်ကြမ်းများ၊ ဆေးဝါးနှင့်အလှကုန်ပစ္စည်းများ စသည်တို့အား ချစ်ကြည်ရေးတံတား-အမှတ်(၁)နှင့်(၂)ကို ဖြတ်သန်း၍ ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိသည်။

ယခုနှစ် မတ်လ(၁)ရက်နေ့မှ (၂၉)ရက်နေ့အထိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှ ပို့ကုန် (၃၁၉.၀၆၂) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၈၂၄.၄၆၈) ကန်ဒေါ်လာသန်းနှင့် စုစုပေါင်းကုန်သွယ်မှုပမာဏ (၁၁၃၅.၁၃၃)ကန်ဒေါ်လာသန်းကို ဆောင်ရွက်နိုင်ခဲ့ကြောင်း စစ်ကောင်စီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...
October 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...