မြို့စစ်တွေကို ကျောခိုင်း၍...

မြို့စစ်တွေကို ကျောခိုင်း၍...

[The Diplomat တွင် Naw Theresa ရေးသားထားသော Last Flights Out of Sittwe ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။]

အဘောင်စိန်(အမည်လွှဲ) တစ်ယောက် ကွမ်းစားဖို့ ခဏနားရင်း သူတို့မိသားစု စစ်တွေကထွက်လာရပုံကို ပြန်စဉ်းစားနေပါတယ်။ မြန်မာနိုင်ငံအနောက်ပိုင်း စစ်တွေမြို့ ထွက်လာတဲ့ ရခိုင်အမျိုးသမီးကြီးဟာ ရန်ကုန်က မိတ်ဆွေတစ်ယောက်ရဲ့ လူပြည့်နေတဲ့ တိုက်ခန်းလေးမှာ မတင်မကျ ဝမ်းသာမှုနဲ့ ရောက်နေတာပါ။

“လက်မှတ်တွေ ဝယ်ထားလိုက်တာ ကံကောင်းသွားတယ်” လို့ အဘောင်စိန်က ပြောပါတယ်။

“လူတိုင်းက သွားချင်နေကြတာလေ။ လေယာဉ်ခရီးစဉ်တွေကိုပါ ‘သူတို့’ ပိတ်လိုက်တော့မလား မသိဘူးဆိုပြီး စိတ်ပူလိုက်ရသေးတယ်” လို့ သူကဆိုပါတယ်။

စကားခဏ ရပ်သွားချိန်မှာ အဘောင်စိန်သမီးက “လက်မှတ်တွေက ၃ သိန်းခွဲ (ဒေါ်လာ ၁၀၀) လောက်ရှိတယ်။ ဒါပေမဲ့ လေယာဉ်ကွင်းမှာ ရောင်းနေကြတာက ၇ သိန်းနဲ့အထက် စျေးပေါက်တယ်” လို့ဝင်ပြောပါတယ်။

“လက်မှတ်မရတဲ့ ခရီးသည်တွေက မိုးမလင်းခင်တည်းက လေယာဉ်ကွင်းမှာ ရောက်နေကြတာ။ ကိုယ်က လက်မှတ်စစ်တဲ့နေရာမှာ မိနစ်ပိုင်းလောက် နောက်ကျလိုက်တာနဲ့ စာရေးက ကိုယ့်လက်မှတ်ကို မရတော့ဘူး လုပ်ပြီး စောင့်နေတဲ့သူတွေကို ရောင်းလိုက်တာပဲ” လို့လည်း သူကဆိုပါတယ်။

အဘောင်စိန်ကတော့ ရက္ခိုင့်တပ်တော် (အေအေ) က လပေါင်းများစွာ ဝိုင်းရံပိတ်ဆို့ထားတဲ့ စစ်တွေ့မြို့အကြောင်းဆီ စကားပြန်လှည့်ပါတယ်။

“အိမ်နီးချင်းတွေအကုန် စစ်တွေက ထွက်သွားကြပြီလေ။ သူဌေးတွေဆို ဒီဇင်ဘာလတည်းက ထွက်သွားကြတာ။ တချို့အိမ်တွေလည်း ဖောက်ထွင်းခံရတာတွေ ရှိတယ်လို့ ကြားတယ်” လို့ အဘောင်စိန်က ပြောပါတယ်။

“ကိုယ်ကတော့ မသွားချင်ဘူးပေါ့လေ။ စစ်တွေမှာကြီးခဲ့တာဆိုတော့။ ဒီအနေအထားကို ကျော်ဖြတ်မယ်ဆိုပြီး အစာရေစာတွေ လှောင်ထားတာ။ မိုခါဆိုင်ကလုန်း တုန်းကလည်း အဲဒီလိုပဲ ကျော်ဖြတ်ခဲ့တာလေ။ ဒါပေမဲ့ ‘သူတို့’ (ဗမာစစ်တပ်) တွေ ပေါက်တောမှာ အငြိမ်းစား ကျောင်းဆရာတစ်ယောက်ကို ပစ်သတ်လိုက်ပြီး အိမ်တွေကိုလည်း ဝင်လုကြတယ်တဲ့။ သူတို့ရဲ့ လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေကလည်း အကုန်ဗုံးကြဲနေကြတာ။ ပေါက်တောကို သင်္ဘောတွေနဲ့ ပစ်ကြတော့ စစ်တွေတစ်မြို့လုံး အလန့်တကြား ဖြစ်ကုန်ကြတယ်။ အဲဒီမှာ အဘောင်တို့လည်း သွားဖို့အချိန်ကျပြီလို့ ဆုံးဖြတ်လိုက်ကြတာ” လို့ အဘောင်စိန်က ပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ (3BHA) က ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကို အောင်မြင်မှုကြီးကြီးမားမားနဲ့ ဆင်နွှဲလိုက်တဲ့ အောက်တိုဘာလနှောင်းပိုင်း တည်းက နိုင်ငံရဲ့ အခြားတစ်ဘက်ခြမ်းမှာရှိတဲ့ စစ်တွေအပါအဝင် ရခိုင်ဒေသတွေမှာ အခြေအနေတွေဟာ ခပ်လှုပ်လှုပ် ဖြစ်နေပါပြီ။ အေအေဟာ ညီနောင်မဟာမိတ် အဖွဲ့ဝင်အဖြစ်နဲ့ ရှမ်းမြောက်က တိုက်ပွဲကြီးတွေမှာ ပါဝင်ဆင်နွှဲတာ ရှိပေမယ့် သူ့ရဲ့ မိခင်ဒေသမှာတော့ စစ်ဆင်ရေးတွေကို ချက်ချင်းကြီး မဆင်နွှဲခဲ့ပါဘူး။

နိုဝင်ဘာအလယ်လောက်မှာတော့ ဒီအနေအထားဟာ ပြောင်းသွားပါတယ်။ အေအေဟာ တင်းမာနေတဲ့ အပစ်ရပ်အနေအထားကို ဖောက်ဖျက်ပြီး ရခိုင်ဒေသ တစ်ခွင်လုံးနဲ့ အသည်းအသန် လိုချင်နေတဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တွေကို သိမ်းပိုက်ဖို့ရည်ရွယ်တဲ့ ထိုးစစ်ကြီးတစ်ရပ်ကို စတင်ခဲ့ပါတယ်။ ပလက်ဝဟာ ရခိုင်ဒေသကို ကုလားတန်မြစ်မှတစ်ဆင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ ချိတ်ဆက်ထားတဲ့ နယ်မြေဖြစ်ပါတယ်။ ဒီဆောင်းပါး ရေးသားနေချိန်မှာတော့ အေအေဟာ ရခိုင်အလယ်ပိုင်းနဲ့ မြောက်ပိုင်းနေရာ အများစုကို သိမ်းပိုက်ထားပြီး တရုတ်ရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းနားက ရေတပ်စခန်းကိုတောင် လက်နက်ကြီးနဲ့ လှမ်းပစ်နေပြီဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ အေအေကို ချောင်ပိတ်ချင်တဲ့အတွက် ရခိုင်ဒေသမှာ ၂၀၁၉ ခုနှစ်တည်းက ချမှတ်ထားတဲ့ အလုံးစုံသိမ်းကျုံး ပိတ်ဆို့မှုတွေကို ပိုမိုတင်းကြပ်လိုက်ပါတယ်။ ကမ်းရိုးတန်းဒေသဖြစ်တဲ့ ရခိုင်ရဲ့ ရေလမ်းကြောင်းတွေ အားလုံးအပြင် အဓိက ကုန်းလမ်းမကြီးသုံးခုကိုလည်း ပိတ်လိုက်ပါတယ်။ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လောင်စာဆီတွေကို ဖြတ်တောက်ပါတယ်။ အေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “မတန်တဆ စျေးတင်ရောင်းသူတွေကို လိမ္မာယဉ်ကျေးသင်တန်း ပို့မယ်” လို့ သတိပေးတဲ့ကြားကပဲ အရေးပါတဲ့ စားသောက်ကုန်စျေးနှုန်းတွေဟာ မိုးထိုးသွားပါတယ်။

စစ်တွေမှာ မွတ်ဆလင်စျေးသည်တွေဟာ သူတို့နေထိုင်တဲ့ စခန်းတစ်ဝိုက်မှာ စိုက်ပျိုးကြတဲ့ သီးနှံတွေကို ရောင်းချကြပါတယ်။ ဒါပေမဲ့ ငါးဖမ်းဘုတ်အသေးတွေမှာ သွားလာဖို့ ဆီအလုံအလောက် မရှိကြလို့ ငါးကတော့ ရှားပါးသွားပါတယ်။ စစ်ကောင်စီဟာ ရခိုင်မြောက်ပိုင်းမှာ တယ်လီဖုန်းလိုင်းနဲ့ မိုဘိုင်းအင်တာနက်ကိုလည်း ဖြတ်တောက်လိုက်ပြီး စစ်တပ်ပိုင်တဲ့ မိုင်တဲဖုန်းလိုင်း တစ်ခုတည်းကိုသာ နေရာကွက်ကြား ချောက်တိချောက်ချက် အသုံးပြုခွင့် ပေးထားပါတယ်။ မိုခါဆိုင်ကလုန်း တိုက်ပြီးနောက် လျှပ်စစ်မီးတွေ ပြန်ရနေပြီလို့ စစ်ကောင်စီ ကြွားလုံးထုတ်ပြီး ဘယ်နှလမှတောင် မကြာသေးခင်မှာပဲ လျှပ်စစ်မီးက ပြတ်တောက်သွားပြီ ဖြစ်ပါတယ်။

ကုလားတန်မြစ်ကြောင်းတလျှောက် အေအေရဲ့ထိုးစစ်တွေ အရှိန်မြှင့်လာနေတာနဲ့အမျှ ရခိုင်မြောက်ပိုင်းမြို့က ဒေသခံတွေဟာ စစ်တွေနဲ့ အခြားနေရာတွေဆီ ပြေးဝင်လာကြပါတယ်။ အဓိကကတော့ မြန်မာစစ်တပ်ရဲ့ အရမ်းကာရော ဗုံးကြဲမှုတွေကို ကြောက်ရတာကြောင့်လို့ ပြောကြပါတယ်။  မြို့နေလူဦးရေ ၂ သောင်းဝန်းကျင်ရှိပြီး စစ်တွေမြို့အရှေ့ဘက် ကီလိုမီတာ ၂၀ လောက်မှာရှိတဲ့ ပေါက်တောမြို့ကြီး ဖျက်ဆီးခံလိုက်ရပြီးနောက်မှာတော့ စစ်တွေဆိုရင် ပြည်နယ်မြို့တော် ဖြစ်တဲ့အတွက် လွတ်လောက်တယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ အခြားမြို့တွေက ဒေသခံတွေပါ စစ်တွေကို ဝင်လာကြပါတယ်။ ရခိုင်မှာ ပုဏ္ဏားကျွန်းနဲ့ ရမ်းဗြဲတို့လို အခြားမြို့တွေဟာလည်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲမှုတွေကြောင့် ဘာမှမကျန်အောင် ပျက်စီးသွားပါတယ်။

စစ်ကောင်စီလော်ဘီတွေက ဘာမှမဖြစ်သယောင် လေသံပစ်နေကြပေမယ့် စစ်ကောင်စီဟာ အေအေရဲ့ ထိုးစစ်ကို နှောင့်နှေးစေလိုတဲ့ မျှော်လင့်ချက်နဲ့ စစ်တွေဆီ လမ်းကြောင်းပေါက်တဲ့ တံတားတွေအကုန်လုံးကို ဖောက်ခွဲ ဖျက်ဆီးပစ်လိုက်ပြီလို့ ကြားသိရပါတယ်။ ကြံရာမရ ဖြစ်နေကြတဲ့ မိသားစုတွေဟာ မြို့ကနေ ဘုတ်နဲ့ထွက်ခွာဖို့ ဒါမှမဟုတ် မြို့ထဲဝင်ဖို့အတွက် မှောင်ခိုသမားတွေဆီ ချဉ်းကပ်ကြရပါတယ်။ လက်ရှိပေါက်စျေးဟာ လူတစ်ယောက်ကို သိန်း ၂၀ (ဒေါ်လာ ၆၀၀ ခန့်) ရှိပါတယ်။

ပြည်နယ်မြို့တော်ဆီ အေအေတပ်ဖွဲ့တွေ ပိုမိုနီးကပ်လာသလို တရုတ်ကြားဝင် စေ့စပ်ပေးထားတဲ့ စစ်ကောင်စီနဲ့ 3BHA အကြား အပစ်အခတ် ရပ်စဲရေးတွေနဲ့လည်း ကွင်းဆက်ပြတ်နေတဲ့ ရခိုင်တိုက်ပွဲကြောင့် စစ်တွေဒေသခံတွေဟာ ဒီဇင်ဘာလတည်းကစပြီး ရန်ကုန်နဲ့ မန္တလေးဆီ လေကြောင်းကတစ်ဆင့် စတင်တိမ်းရှောင်လာကြပါတယ်။ စစ်တွေ အရပ်ဘက်သုံးလေယာဉ်ကွင်းမှာ ဒရုန်းတိုက်ခိုက်မှု၊ ဒီဒေသက ထွက်ခွာကြဖို့ အိန္ဒိယအစိုးရက သူ့နိုင်ငံသားတွေကို တိုက်တွန်းမှု၊ မြို့လယ်စျေးထဲက လူထူထပ်ရာနေရာနဲ့ အောင်မင်္ဂလာ မူဆလင်ရပ်ကွက်တို့ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတို့ကလည်း တိမ်းရှောင်မှုတွေကို မီးလောင်ရာလေပင့် ဖြစ်စေပါတယ်။

မကြာခဏဆိုသလို ခန့်မှန်းတွက်ချက်ကြတဲ့ ပမာဏကတော့ မြို့မှာရှိတဲ လူဦးရေ ၁၄၀၀၀၀ ရဲ့ သုံးပုံနှစ်ပုံခန့်ဟာ တိမ်းရှောင်သွားကြပြီ ဆိုတာပါပဲ။ ဒါပေမဲ့ လနဲ့ချီပြီး ကြိုတင်ဝယ်ယူရသလို စျေးလည်းကြီးလှတဲ့ လေယာဉ်လက်မှတ်တွေကို ဘယ်ပုံဘယ်နည်းနဲ့ ဝယ်ယူပြီး မြို့က ထွက်ခွာသွားကြသူ ဘယ်လောက်ရှိသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ မတူတဲ့ပုံစံတွေနဲ့ တိမ်းရှောင်လာကြသူ လေးဦးရဲ့ စာရေးသူကို ပြောကြားချက်အရကတော့ ၂၀၂၄ ဇန်နဝါရီလတည်းက နေ့စဉ် မနက်ပိုင်းဆိုရင် စစ်တွေကနေ လူအပြည့်နဲ့ ထွက်တဲ့လေယာဉ်ဟာ လေးစီးကနေ ရှစ်စီးအထိ ရှိတယ်လို့ သိရပါတယ်။

အေအေကလည်း အရပ်သားတွေ တိမ်းရှောင်ကြဖို့ တိုက်တွန်းပြီး ဒုက္ခသည်တွေကို သူတို့ မကြာသေးခင်က သိမ်းပိုက်လိုက်တဲ့ မြို့တွေမှာ လာရောက်ခိုလှုံကြဖို့ ဖိတ်ခေါ်ထားပါတယ်။ တော်လှန်ရေးကို ထောက်ခံအားပေးတဲ့ မီဒီယာတွေကတော့ စစ်တွေကနေ လွတ်မြောက်နယ်မြေတွေဆီ တိမ်းရှောင်သွားကြသူ အရေအတွက်ဟာ သိန်းနဲ့ချီရှိတယ်လို့ ဖော်ပြကြပါတယ်။ အဆက်အသွယ်တွေ မရတဲ့အတွက် ဒီအရေအတွက်ကို အတည်ပြုဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒီတွက်ချက်မှုတွေထဲမှာ စစ်တွေမြို့ပြင်က စုတ်ချာတဲ့ စခန်းတွေထဲမှာ နေရပြီး ပင်လယ်ပြင်ကလွဲရင် ထွက်ပြေးဖို့နေရာ မရှိတဲ့ မူဆလင်ဒုက္ခသည် ၁၁၀၀၀၀ ခန့် မပါဝင်ပါဘူး။

ရခိုင်ပြည်ထဲက အဓိကလေယာဉ်ကွင်း သုံးခုဆီ သွားဖို့ လေယာဉ်လက်မှတ်ဟာ ဝယ်မရတော့သလောက်နီးပါး ဖြစ်နေပါတယ်။ လက်မှတ်ဝယ်ဖို့ ဆိုရင် ဒေသအာဏာပိုင်တွေရဲ့ ထောက်ခံစာတွေ၊ ခွင့်ပြုချက်တွေ လိုအပ်ပါတယ်။ လေဆိပ်အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ရခိုင်က ခရီးသည်တွေကို ဖမ်းဆီးတယ်၊ မြို့ကြီးတွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ ရခိုင်လူမျိုးဆိုရင် ဧည့်စာရင်းပေးဖို့ ငြင်းဆန်တယ် ဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေပါတယ်။ စစ်ကောင်စီအရာရှိတွေဟာ တိုက်ခိုက်နိုင်စွမ်းရှိတဲ့ အသက်အရွယ်ထဲ ရောက်နေတဲ့ ရခိုင်လူမျိုးတွေကို ရန်ကုန်က နှင်ထုတ်တာ၊ ဒါမှမဟုတ်လည်း စစ်တွေကို အဝင်မခံတာမျိုးတွေ ရှိတယ်လို့ ပြောဆိုနေကြတာတွေလည်း ကြားရပါတယ်။

ဖေဖော်ဝါရီ လလယ်ပိုင်းမှာတော့ အေအေက ရခိုင်ပြည်မှာရှိတဲ့ စစ်တပ်အခြေစိုက် စခန်းတွေအားလုံး လက်နက်ချကြဖို့နဲ့ မချရင် တိုက်မယ်လို့ ပြောကြားလိုက်ပါတယ်။ ဒီလိုပြောကြားချက်တွေ ထွက်လာပြီးနောက်မှာတော့ ဖေဖော်ဝါရီ လကုန်ရင် အေအေက စစ်တွေကို တိုက်တော့မယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်လာပါတယ်။ စစ်ကောင်စီနဲ့ 3BHA ကိုယ်စားလှယ်တွေအကြား တရုတ်စေ့စပ်မှုနဲ့ အပစ်ရပ်ဆွေးနွေးပွဲတွေ နောက်တစ်ကျော့ ရှိလာချိန်မှာပဲ အေအေပြောခွင့်ရ ပုဂ္ဂိုလ်က အဖွဲ့အနေနဲ့ ရခိုင်မြို့တွေအားလုံးကို မသိမ်းပိုက်နိုင်သရွေ့ ရပ်တန့်မှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ အခုအချိန်မှာတော့ အေအေဟာ မတ်လ ၂၇ ရက်နေ့မှာ ကျရောက်မယ့် တပ်မတော်နေ့မတိုင်မီမှာ စစ်တွေကို သိမ်းပိုက်လိမ့်မယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ပြောနေကြပြန်ပါပြီ။ အေအေကသာ စစ်တွေကို ထိုးစစ်ဆင်လာရင် စစ်ကောင်စီဟာ အရှက်ရဖွယ် အရှုံးကြီးနဲ့ ရင်ဆိုင်ရနိုင်ပေမယ့် စစ်ကောင်စီဘက်က လက်နက်ချတာမျိုးကတော့ စစ်တွေတစ်မြို့လုံး ပြားပြားဝပ်သွားတဲ့အထိ ဖျက်ဆီးခံရပြီးမှသာ ဖြစ်လာနိုင်ခြေရှိပါတယ်။

အာဏာသိမ်းမှုအလွန်မှာ အကြီးအကျယ် ဘက်ယိမ်းလာတဲ့ မီဒီယာအခင်းအကျင်း ပုံစံကြောင့် တော်လှန်ရေးဘက်ကို အသားပေးတဲ့ ဗမာမီဒီယာ သတင်းဆိုက်တွေဟာ စစ်တွေက ထွက်ပြေးကြရတာတွေကို သတင်းလုပ်ရေးတာ မရှိသလောက်ပါပဲ။ ဒီထက်ပို်တာကတော့ ၁၀၂၇ စစ်ဆင်ရေးကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကျိုးသက်ရောက်မှုတွေ၊ ထိုးစစ်ကြောင့် အရပ်သား သိန်းပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းတွေကို နောက်ပိုင်းကျမှ ဖြည့်စွက်ပြောဆိုကြတာ၊ ဒါမှမဟုတ် မြန်မာစစ်တပ်ကို စွပ်စွဲပြောဆိုနိုင်ဖို့ မီးမောင်းထိုးဖော်ပြကြတာမျိုးနဲ့အတူ တိုက်ပွဲအောင်မြင်မှုတွေကို အလွန်အကျွံ အသားပေးဖော်ပြကြတာ ဖြစ်ပါတယ်။

မတ်လအစောပိုင်းမှာ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ  ရခိုင်မှာ ၂၀၂၃ နိုဝင်ဘာလ ရှေ့ပိုင်းမှာ မြန်မာစစ်တပ်နဲ့ အေအေအကြား ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၆၄၀၀၀ ခန့်ရှိခဲ့ရာကနေ နိုဝင်ဘာ နောက်ပိုင်းမှာတော့ ရခိုင်မှာ တိမ်းရှောင်နေရသူ အရေအတွက်ဟာ နောက်ထပ် ၁ သိန်းခွဲခန့် ထပ်တိုးလာတယ်လို့ သိရပါတယ်။ အေအေက ထုတ်ပြန်တဲ့ ပမာဏကတော့ ဒီထက်များပါတယ်။ ထိုးစစ်စတင်ပြီးနောက်ပိုင်း နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ အရေအတွက် ၂၇၀၀၀၀ ခန့်ရှိတယ်လို့ အေအေက ပြောထားပါတယ်။

ပြည်တွင်းမှာ အလေးထားမှု မဖြစ်စလောက်ပဲ ရှိနေတာကတော့ မူဆလင်ဒုက္ခသည် ၆ သိန်းခန့်နဲ့ ချင်းလူမျိုး ၂ သိန်းခွဲခန့် ရခိုင်ပြည်မှာ ဘယ်လိုနေထိုင်နေကြရသလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဒါအပြင် သီးခြားလူနည်းစု တိုင်းရင်းသား အသိုင်းအဝိုင်းတွေဟာလည်း ပဋိပက္ခနဲ့ ဆင်းရဲချို့တဲ့မှုတွေကြားမှာ ရှိနေကြပါတယ်။

မြန်မာစစ်တပ်ဟာ စစ်မှုထမ်းဥပဒေအသစ်အောက်မှာ မူဆလင်ဒုက္ခသည်တွေနဲ့ မူဆလင်အမျိုးသားတွေကို ရခိုင်ပြည်မှာ စစ်သင်တန်းပေးနေတယ် ဆိိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပြီး စစ်တပ်ဘက်ကတော့ ငြင်းထားပါတယ်။ အေအေနဲ့ တော်လှန်ရေးထောက်ခံတဲ့ သတင်းစာမျက်နှာတွေမှာတော့ မြန်မာစစ်တပ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ လှုပ်ရှားနေတဲ့ ဘင်္ဂါလီတွေကိုလည်း လက်နက်တပ်ဆင်ပေးပြီး ပူးပေါင်းတိုက်ခိုက်နေတယ်လို့ စွပ်စွဲထားတာတွေ ရှိပါတယ်။

စစ်တွေက လူမှုရေးခေါင်းဆောင်တစ်ယောက်ကတော့ စစ်တွေကို ချမ်းသာပေးဖို့ ချောက်တီးချောက်ချက် အင်တာနက်ဆက်သွယ်ရေးလိုင်း ကနေ တောင်းဆိုတာ တွေ့ရပါတယ်။ သူ့ရဲ့တောင်းဆိုချက်အပေါ် ရွေ့ပြောင်းအခြေချနေကြသူ အသိုင်းအဝိုင်းက “အခြေအနေကို နားလည်ဖို့” နဲ့ “စွန့်လွှတ်အနစ်နာခံရခြင်းအပေါ် ဂုဏ်ယူဖို့” ဝိုင်းပြောကြတာ မြင်ရပါတယ်။

ပန်းမဝင်ခင် ကမူးရှူးထိုး တက်ထောင်ချင်တဲ့စိတ်၊ ပဋိပက္ခနဲ့လွတ်ကင်းရာမှာ ရောက်နေကြတဲ့ စစ်ကောင်စီကိုရှုတ်ချပုတ်ခတ်ရေး သမားတွေအကြား ဆိုရှယ်မီဒီယာမှာ ထင်ပေါ်လိုစိတ်တွေကိုတော့ စစ်တွေမြို့ကြီးက အလန့်တကြား ထွက်ပြေးလာရသူတွေဆီမှာ တွေ့ရမှာ မဟုတ်ပါဘူး။ မြို့က ထွက်ခွာဖို့ ကြိုးစားနေရဆဲ လူတွေအတွက် ဆိုရင်လည်း တခြားဒေသမြို့တော်တွေဖြစ်တဲ့ မြစ်ကြီးနားနဲ့ ရန်ကုန်က လေကြောင်းခရီးစဉ်တွေ ဆိုင်းငံ့တဲ့သတင်းတွေဟာ ဝမ်းသာစရာ အတိတ်နိမိတ်တွေ ဖြစ်မနေပါဘူး။ အေအေကလည်း မြို့တံခါးဝမှာ ရောက်နေပြီဖြစ်သလို လတ်တလော မြင်ရသလောက် ငြိမ်းချမ်းမယ့် အခြေအနေလည်း ရှိမနေတဲ့ အနေအထားက ၁၉၇၅ ဆိုင်ဂုံကျဆုံးခန်းရဲ့ အမှတ်ရဖွယ် ကသောင်းကနင်း မြင်ကွင်းတွေဟာ များမကြာခင်မှာ “စစ်ပွဲ တွေ့ဆုံတဲ့နေရာ” လို့ အဓိပ္ပာယ်ရတဲ့ စစ်တွေမြို့ဆီ ရောက်လာတော့မယ်လို့ပဲ ထင်မိစေနိုင်ပါတယ်။ (ဘာသာပြန်သူမှတ်ချက် - မူရင်းစာရေးသူသည် စစ်တွေကို ‘စစ်တွေ့’ဟု အနက်ကောက်ယူ ရေးသားလိုက်ဟန်ရှိသည်။ စစ်တွေသည် စစ်တဲ၊ စစ်စခန်းဟူသော အနက်မှ ဆင်းသက်လာခြင်း ဖြစ်ကြောင်း ရခိုင် သမိုင်းစာအုပ်များတွင် ဖော်ပြကြသည်။)

ပဋိပက္ခကနေ ရှောင်တိမ်းလာကြတဲ့ အဘောင်စိန်တို့ မိသားစုကတော့ ခုအချိန်မှာ ရန်အပေါင်း ကုန်စင်ချုပ်ငြိမ်းတယ်လို့ အဓိပ္ပာယ်ရတဲ့ ရန်ကုန်မြို့မှာ ရောက်နေကြပါပြီ။ အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲ ဆိုတာကို အနည်းဆုံး ခြောက်လလောက် စောင့်ကြည့်ဖို့ စဉ်းစားထားကြပါတယ်။ ဒါပေမဲ့လည်း သူတို့အတွက် စိတ်ပူပန်စရာတွေက မဆုံးသေးပါဘူး။

မြန်မာစစ်တပ်ကို ထောက်ခံအားပေးတဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစောပိုင်းမှာ  ကျောက်တော်မှာ တပ်မတော်မိသားစုတွေကို သယ်ဆောင်လာတဲ့ ရေတပ်ဇက်သင်္ဘောတွေကို အေအေက တိုက်ခိုက်ခဲ့တယ်လို့ ရေးသားဖော်ပြခဲ့ကြပါတယ်။ တိုက်ခိုက်မှုအတွင်း ရေနစ်သေတာ ဒါမှမဟုတ် အေအေ တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကြောင့် လိုက်ပါလာသူ ၇၀၀ နဲ့ ၉၀၀ ကြား သေဆုံးခဲ့ရပြီး အများစုဟာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်တယ်လို့ သူတို့က စွပ်စွဲကြပါတယ်။ စစ်ကောင်စီနဲ့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း ဒီကိစ္စအပေါ် အသံမထွက်ဘဲ နှုတ်ပိတ်နေကြတယ်လို့ သူတို့က ဝေဖန်ကြပါတယ်။ အေအေက ရေတပ်သင်္ဘော သုံးစင်းကို နှစ်မြုပ်ပစ်လိုက်တာ မှန်ပေမယ့် စွပ်စွဲချက်တွေကိုတော့ ငြင်းဆန်ပါတယ်။ ဒါပေမဲ့လည်း မိမိတို့အနေနဲ့ လက်လျှော့အညံ့မခံသူ တစ်ယောက်ချင်းစီတိုင်းကို ချေမှုန်းခဲ့တယ်ဆိုပြီး ရှင်းရှင်းလင်းလင်း မရှိလှတဲ့ စကားကို ပြောဆိုခဲ့ပါတယ်။ အသေးစိတ်မေးမြန်းရာမှာလည်း မဖြေကြားခဲ့ပါဘူး။

စစ်တပ်ထောက်ခံတဲ့ အကောင့်တချို့ကတော့ မြို့ကြီးတွေမှာ တိုင်းရင်းသားမုန်းတီးရေးတွေ လှုံ့ဆော်တာ၊ ရခိုင်လူမျိုးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ကြဖို့ တိုက်တွန်းတာ၊ ဒီလိုနေရာတွေကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ အားပေးအားမြှောက်လုပ်တာတွေ ရှိနေပါတယ်။ အခုတော့ အဘောင်စိန်ဟာ မြို့ကြီးတွေမှာ ရှိနေတဲ့ သူမပါအဝင် ရခိုင်တွေကို သိပ်မကြာခင်မှာပဲ အစိုးရကိုယ်တိုင်က ဖိနှိပ်မှုတွေ လုပ်လာမှာကို စိုးရိမ်နေပါပြီ။ ဒီရခိုင်တွေထဲမှာလည်း တကယ်တော့ အစိုးရဝန်ထမ်းအဖြစ် ဆယ်စုနှစ်များစွာ လုပ်ကိုင်ခဲ့သူတွေ အများအပြားပါပဲ။

ရန်ကုန်ကိုပြေးလာတော့ သူပိုင်တဲ့ လက်ဝတ်ရတနာတွေကို ကျစ်ကျစ်ပါအောင်ထုပ်ပြီး ယူလာခဲ့တာလို့ အဘောင်စိန်က ကပ်တိုးလေး ပြောပါတယ်။ အခုတော့ ထပ်ပြေးဖို့ အသင့်ရှိနေရပြန်ပါပြီ။

“လိုလိုမယ်မယ်ပေါ့ကွယ်” လို့ အဘောင်စိန်က ပြောပြီး ကွမ်းတစ်ယာ ထပ်ဝါးနေပါတော့တယ်။

Most read this week

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...