ကျင်ဒွေးအနီးမှာ ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ ၅၀၀ ခန့်တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

ကျင်ဒွေးအနီးမှာ ချင်းပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ ၅၀၀ ခန့်တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

ချင်းတော်လှန်ရေးအင်အားစုများက ကျင်ဒွေးမြို့ကို သိမ်းပိုက်ပြီးနောက် နှစ်ပတ်နီးပါးကြာ ခြေရာဖျောက်သွားသည့် စစ်ကောင်စီတပ်၊ ပျူစောထီး ၅၀၀ ခန့်နှင့် ချင်းညီနောင်အဖွဲ့တို့ နေ့စဉ်နီးပါး တိုက်ပွဲများ ပြင်းထန်နေသည်ဟု CDF ကန်ပက်လက်တပ်ဖွဲ့ထံမှ သိရသည်။

“ အခုအခြေအနေက ကန်ပက်လက်မှာ နေ့တိုင်းလိုပဲ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ တိုက်ပွဲတွေမှာ လေကြောင်း ကနေလည်း ပစ်ကူပေးနေပါတယ်။ စစ်သားနဲ့ ပျူအင်အားက ၅၀၀ တောင် ရှိတယ်ဗျာ။ အဲဒါကို ကျနော်တို့ လိုက်လံ တိုက်ထုတ်နေပါတယ်” ဟု CDF - ကန်ပက်လက်၊ တပ်မဟာမှူး ဆလိုင်းထွန်းလိန်ထန်က ပြောသည်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ထဲက ချင်း-မကွေးအစပ်မှ စစ်ရေးအချက်အချာကျသည့် ကျင်ဒွေးမြို့ရှိစစ်ကောင်စီတပ်စခန်းကို ဧပြီလ ၂၉ ရက်မှာ ချင်းညီနောင်အဖွဲ့ ပူးပေါင်းတပ်များက အပြီးသတ်တိုက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

သို့သော် ကျင်ဒွေမြို့ စစ်ကောင်စီစခန်းမှ လွတ်မြောက်နေသော စစ်ကောင်စီတပ်နှင့် ပျူ အင်အား ၅၀၀ ခန့်ကို တော်လှန်ရေး တပ်ပေါင်းစုများက ယနေ့အထိ နှစ်ပတ်နီးပါးကြာ ကန်ပက်လက်မြို့နယ်အတွင်းမှာပင် အပြင်းအထန် လိုက်လံတိုက်ထုတ် နေရဆဲဖြစ်ကြောင်း တပ်မဟာမှူးက ပြောသည်။

ချင်းညီနောင် စစ်ဆင်ရေးအဖြစ် သတ်မှတ်ဖော်ဆောင်ခဲ့သည့် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများအတွက် ကုန်ကျစရိတ် များစွာရှိခဲ့ပြီး လက်ရှိ စစ်ရေးအသုံးစရိတ်အဖြစ် ကျပ်သိန်း (၁) ထောင်ကျော်ခန့် ပေးဆပ်ရန် ကျန်ရှိနေသေးကြောင်း CDF - ကန်ပက်လက်ထံမှ သိရသည်။

“ အဓိကက လက်နက်ခဲယမ်း၊ ကျည်အမျိုးမျိုးပေါ့၊ စားနပ်ရိက္ခာ ဆန်ဆီဆားတွေ ၊ စစ်သုံးဆီတွေ ၊ စစ်ယန္တရားတွေမှာ အများကြီး ကုန်ကျခဲ့ရတယ်။ ဒီတိုက်ပွဲကို နိုင်ချင်လွန်းလို့၊ ဒီမြို့ကို ရချင်လွန်းလို့ လုပ်လာတဲ့အခါမှာ ၄ လကျော် ကြာတဲ့အခါမှာ ထောက်ပို့ အင်အားက လုံးဝ မခံနိုင်တဲ့အခါမှာ စုဆောင်းထားတာတွေ အကုန်လုံး၊ ကုန်သွားတဲ့ အခြေအနေဖြစ်ပါတယ်။ အဲဒါနဲ့ မိဘပြည်သူ တွေကို ထပ်မံပြီး အကူအညီ တောင်းရတာဖြစ်ပါတယ်” ဟု CDF - ကန်ပက်လက် တပ်မဟာမှူးက ပြောသည်။

ထို့အပြင် လက်ရှိနေ့စဉ်တိုက်ပွဲများအတွင် ကုန်ကျနေသည့် စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနှင့် ဒဏ်ရာရ လူနာအများအပြားကို အချိန်မီ ဆေးကုသနိုင်ရေးအတွက် ပြည်တွင်းပြည်ပ ပြည်သူများ၏ ကူညီထောက်ပံ့မှုများ အရေးပေါ် လိုအပ်နေကြောင်း CDF - ကန်ပက်လက်က ထုတ်ပြန်ထားသည်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို CDF - ကန်ပက်လက်နှင့် PDF၊ CDF မဟာမိတ်တပ်ပေါင်းစုက ၂၀၂၃ ဒီဇင်ဘာလ ၂၂ ရက်တွင် စတင်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီကလည်း စစ်ရေးအချက်အချာ ကျသော ကျင်ဒွေးမြို့ မကျစေရေး စီမံချက်ဖြင့် လေကြောင်းနှင့် စစ်ကူအင်အား ရာချီ ဖြည့်တင်ခြင်း၊ လက်နက်ကြီး ပစ်ခတ်မှု အမြောက်အများဖြင့် အပြင်းအထန် ခုခံကာကွယ်ခဲ့ကြောင်း သိရသည်။

“ စစ်ကောင်စီက စခန်းမကျရေးကို လုံးဝ အာရုံစိုက်ပြီး ဒီဟာကိုပဲ တနိုင်ငံလုံးမှာ မတွေ့ကြုံဖူးတဲ့ လေကြောင်း ပစ်ခတ်မှု၊ စစ်ကူပေးမှု အပိုင်းတွေ လုပ်လာခဲ့တယ်။ ကျနော်တို့ ကျင်ဒွေးမြို့ကို မရဖို့ အသည်းအသန်ကို စစ်ကောင်စီက ကြိုးစားတဲ့အခါမှာ ကျနော်တို့ ပေးဆပ်ဆုံးရှုံးမှုတွေ များတယ်။ ကုန်ကျမှုတွေလည်းအများကြီး ရှိနေပါတယ်” ဟု တပ်မဟာမှူးက ပြောသည်။

ထို့နောက် ၂၀၂၄ မတ်လ ၇ ရက်တွင် ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ပြောင်းလဲပြီး အာရက္ခတပ်တော် (AA/ ULA)၏ စစ်ရေးဦးဆောင်မှုဖြင့်  PDF ၊ YDF ၊ GZA ၊ LPDF တပ်ဖွဲ့များ ပူးပေါင်း၍ စစ်ရေးအရှိန်အဟုန်ကို မြှင့်တင် တိုက်ခိုက်ခဲ့ရာမှ အပြီးသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုကြောင့် တိုက်ပွဲအတွင်း ကုန်ကျခဲ့သော စစ်ရေးအသုံးစရိတ်များ ပြန်လည် ဖြည့်တင်းနိုင်ရန်နှင့် စစ်ကောင်စီတပ်ဖွဲ့များကို ကန်ပက်လက်မြို့နယ်အတွင်းမှ အပြီးတိုင် တိုက်ထုတ်နိုင်ရန် မိမိတို့ကို အထူးဦးစာပေး ထောက်ပို့ပေးကြပါရန် CDF - ကန်ပက်လက်က နှိုးဆော်ထားသည်။

Most read this week

May 20, 2024
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံနှင့် ကျီခါးမြို့တို့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်က...
May 18, 2024
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အိန္ဒိယ-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများ...
May 17, 2024
အိန္ဒိယ-မြန်မာနှစ်နိုင်ငံကြား လွတ်လပ်စွာလှုပ်ရှားသွားလာခွင့် (FMR) စနစ်ဖျက်သိမ်းမှုနှင့်...
May 17, 2024
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည့်...