ဘင်္ဂလားနယ်စပ်အနီးရှိ အောင်သပြေစခန်းကို ရက္ခိုင့်တပ်တော်တိုက်ခိုက်သိမ်းပိုက်

ဘင်္ဂလားနယ်စပ်အနီးရှိ အောင်သပြေစခန်းကို ရက္ခိုင့်တပ်တော်တိုက်ခိုက်သိမ်းပိုက်

ရက္ခိုင့်တပ်တော် (AA) သည် မောင်တောမြို့နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ကပ်ရပ်တည်ရှိသည့် အောင်သပြေ နယ်ခြားစောင့် စခန်းကို အောင်မြင်စွာ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မတ်လ (၁၂) ရက် ရက္ခိုင်ပြည်တိုက်ပွဲ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောင်သပြေ နယ်ခြားစောင့်တပ်စခန်းအား ယမန်နေ့ (မတ် ၁၁ ရက်) တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊  ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်း အချို့တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ၎င်းစခန်းမှ ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအရေအတွက် မှာ (၁၇၉) ယောက်အထိ ရှိခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းပြင် “ ရန်သူသည် အောင်သပြေစခန်းအတွင်း ကျန်ရှိခဲ့သောစားနပ်ရိက္ခာများတွင် သေစေ တတ်သော အဆိပ်များကို သုတ်လူးထားခြင်း၊ ရေဗူးများတွင်ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်း အဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ထားသည်ကိုတွေ့ရှိရသောကြောင့် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင် သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် စေတနာဖြင့်အထူး သတိပေးလိုက်ပါသည်”ဟု ဖော်ပြထားသည်။

ရသေ့တောင်မြို့ ထိုးစစ်ကို ယခင်ရက်များကဲ့သို့ အရှိန်မြှင့်တင်နေသကဲ့သို့ စစ်ကောင်စီဘက်မှလည်း ကြည်း၊ ရေ၊ လေ ဖြင့် အသည်းအသန် ခုခံကာကွယ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မင်းပြားမြို့တွင် တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီသည် ယုတ်မာစွာဖြင့် မင်းပြားမြို့အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့သောကြောင့် အရပ်သားပြည်သူ (၂) ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် အမ်းမြို့နယ်၊ ရူးတိုက်နယ်၊ ရီဘုတ်ရွာအနီးရှိ သံကြိုးတောင်ကို ရဟတ်ယာဉ် (၁) စီးပေါ်မှ စက်သေနတ်ဖြင့် ညနေ (၅) နာရီခန့်မှစတင်ပြီး (၈) ကြိမ်ခန့် မိနစ်နှစ်ဆယ်အတွင်း လှည့်ပတ်ပစ်ခတ်သွားခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီ၏ ရာဇဝတ်မှုများမှာ တစ်ရက်ပြီးတစ်ရက် ပိုမိုဆိုးဝါးလာခြင်းနှင့်အတူ ပိုမိုအတင့်ရဲစွာ ကျူးလွန်လျက်ရှိသည်ဟု ဖော်ပြထားသည်။

Most read this week

October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...
October 9, 2024
စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား...