ထားဝယ်နည်းပညာတက္ကသိုလ်အနီး ပစ်ခတ်မှုဖြစ်ပြီးနောက် မြိတ်နည်းပညာတက္ကသိုလ်ဝင်းအတွင်း စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲ

ထားဝယ်နည်းပညာတက္ကသိုလ်အနီး ပစ်ခတ်မှုဖြစ်ပြီးနောက် မြိတ်နည်းပညာတက္ကသိုလ်ဝင်းအတွင်း စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်နည်းပညာတက္ကသိုလ်အနီး အာဏာသိမ်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြိတ်နည်းပညာတက္ကသိုလ်ဝန်းအတွင်းသို့ စစ် ကောင်စီတပ်ဖွဲ့များ ဝင်ရောက်တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးရှိ ထားဝယ်နည်းပညာတက္ကသိုလ်အနီးတွင် ယမန်နေ့ ဖေဖော်ဝါရီလ (၂၉)ရက်နေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ည(၇)နာရီ ဝန်းကျင်အချိန်ခန့်တွင် မြိတ်နည်းပညာ တက္ကသိုလ်အတွင်း စစ်တပ်မှ လက်နက်အပြည့်အစုံဖြင့် ဝင်ရောက် တပ်စွဲနေထိုင်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “မနေ့က တော်လှန်ရေးအဖွဲ့က စစ်ဆေးရေး ဂိတ်တစ်ခုကို ဝင်ပစ်ပြီးနောက်ပိုင်း လုံခြုံရေး ယူပေးတဲ့ ပုံစံနဲ့လာပြီးတော့ တပ်စွဲတဲ့သဘောပဲ။ ဒါပေမဲ့ အခုလိုသူတို့ တပ်စွဲတာကိုက ကြောက်နေရတယ်။ မြို့ထဲကနေလာ တက်တဲ့ကျောင်းသား တော်တော် များများ ကျောင်းလာ မတက်ကြတော့ဘူး။ အကုန်ကြောက်နေကြတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများ၏ အဆောင်အနောက်ဘက် လွတ်နေသည့် ကျောင်းအဆောင် နေရာများတွင် ဝင်ရောက်တပ်စွဲထားသောကြောင့် နယ်ဝေးမှ ကျောင်းလာတက် ကြသည့် အဆောင်နေကျောင်းသား၊ ကျောင်းသူများ၏ မိဘများ အနေဖြင့်လည်း စိုးရိမ်မှုများရှိနေကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

“အဲ့လိုတွေဖြစ်တော့ အဆောင်နေတဲ့ သူတို့ရဲ့မိဘတွေက ပြန်လာဖို့ ပြောကြတာလည်းရှိတယ်။ အခုကလည်း လူငယ်တွေက ပျောက်နေတာတွေ တွေ့နေရတယ်။ ပေါ်တာဆွဲတာတွေကလည်း ခဏခဏ ကြားနေရတယ်။ စစ်တပ်ကပါ လုံခြုံရေးအရ တပ်လာစွဲတယ်ပြောပေမဲ့ သူတို့ကို ပိုကြောက်ရတယ်။ အခုဆို ကျောင်းတက်တဲ့သူ မရှိသလောက်ဖြစ်သွားတယ်။” ဟု ထိုဒေသခံက ပြောသည်။

၎င်းအပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်၊ နေ့လည် (၁၁) နာရီဝန်းကျင်ကလည်း ထားဝယ်နည်းပညာ တက္က သိုလ်ကျောင်းဝင်းထဲကို တော်လှန်ရေးအင်အားစုဘက်မှ ဗထူးတပ်မတော်တပ်ဖွဲ့ဝင်များက ဝင်ရောက်ပြီး ကျောင်းအုပ်ကြီး (ဒုပါမောက္ခချုပ်)၊ မြို့ပြအင်ဂျင်နီယာဌာနမှူးနှင့် အင်္ဂလိပ်စာဌာနမှူးတို့ကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်ထက်မြက်က “ Non CDM ပါမောက္ခ ၃ ယောက်ကို ထိန်းသိမ်းလာတဲ့ ဖြစ်စဥ်က ကျနော်တို့က ဒီကာကင်းစခန်းနဲ့ ဒီစစ်စဥ်ရေးဂိတ်ကို ဝင်တိုက်တဲ့အချိန်မှာ ဒီသူ့ရဲ့ ဒီကာကင်းစခန်းနဲ့ စစ်ဆေးရေးဂိတ်ရယ်၊ ဒီထားဝယ်နည်းပညာတက္ကသိုလ်ရယ်က အဲ့ဒီ ၃ ခုက ကပ်လျက် တည်ရှိတာပေါ့၊ ကျနော်တို့ ဒီတိုက်ပွဲကို မစတင်ခင်မှာ ဒီကျောင်းဝင်းတစ်ခုလုံးကို ထိန်းတယ်။ ထိန်းပြီးတော့ ဒီဆရာ၊ ဆရာမတွေကော၊ ကျောင်းသားတွေကော အကုန်လုံးထိန်းတယ်။ ရှိတာကတော့ ဆရာဆရာမတွေကော၊ ကျောင်းသားတွေကော အများကြီးပေါ့၊ ဆိုတော့ ကျနော်တို့က အချိန်အတိုင်းအတာအရနဲ့ ဒီအဓိကကျတဲ့  ဒီ ၃ ယောက်ကိုပဲ ကျနော်တို့ ထိန်းသိမ်းလာတယ်ဗျ”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ ဝင်ရောက်တပ်စွဲထားသည့် မြိတ်နည်းပညာတက္ကသိုလ်တွင် ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဆရာ၊ ဆရာမ (၃၀) ခန့်နှင့်  ကျောင်းသား၊ကျောင်းသူ ၄၅၀ ဝန်းကျင်ခန့် ပညာသင်ကြားနေကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်များအရ သိရသည်။

Most read this week

October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...