စောအယ်ကလူတော — ကရင်ပြည်နယ်၊ ဒေါနတောင်တန်း ခြေရင်းတစ်နေရာရှိ ထိုင်း-မြန်မာနယ်စပ်၏ နယ်စပ်လမ်းကြောင်း ဝင်ပေါက်တစ် နေရာတွင် လူငယ်အများအပြား ကျောပိုးအိတ်ကိုယ်စီလွယ်ကာ ယခု ဖေဖော်ဝါရီလလယ်ပိုင်းမှစတင်ပြီး တစ်စုတစ်ရုံး ဖြင့် တဖွဲဖွဲ ရောက်ရှိလာကြသည်။
အဆိုပါလူငယ်များသည် ဖေဖော်ဝါရီလ၏ ပူပြင်းလှသည့် နွေဦးနေ့လည်ခင်းကို အံတုရင်း ဒေါနတောင်ကြောကို ဖြတ်ဖောက်ထားသည့်လမ်းကို အသုံးပြုကာ ပြေးဆွဲနေသည့် (Light Truck car)လိုင်းကားများပေါ် စီးနင်းလိုက်ပါ လျက် မြန်မာပြည်ဘက်ခြမ်း နယ်စပ်ဘက်တစ်နေရာသို့ စုဝေးရောက်လာကြခြင်းဖြစ်သည်။
ယခင်က ဤရာသီအချိန်ကာလအတွင်း ယင်းနယ်စပ်နေရာမှာ ထိုင်းနိုင်ငံက ပြန်လာသူများ၊ ထိုင်းနိုင်ငံသို့ ပြန်တက်သူ များဖြင့်သာ ခြေချင်းလိန်လေ့ရှိသော်လည်း ယခုအချိန်တွင်မူ ယခင်ကာလနှင့်မတူဘဲ ထူးခြားသည့် အခြေအနေကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်ရန် နေ့စဉ် လူရာနှင့်ချီပြီး ရောက်လာနေကြခြင်း ဖြစ်သည်။
ကိုယ်တိုင်မြင်တွေ့ခဲ့သူ နယ်စပ်ဂိတ်လမ်းကြောင်းမှ ဒေသခံလူငယ်တစ်ဦးက “တစ်ရက်တစ်ရက်ကို ရာနဲ့ချီတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဆို တစ်ရက်တည်းနဲ့ လူ ၅၀၀လောက်ရှိမယ်။ တချို့ဆို မိသားစုလိုက်လာကြတာ။ အခု ရက်ပိုင်း တော့ ပါးသွားတယ်။ တစ်ရက်ကို တစ်ရာလောက်ပဲ ရှိတော့မယ်။”ဟု ပြောပြသည်။
ယခုလို လူငယ်များ ရာနှင့်ချီ၍ နယ်စပ်ဘက်သို့ ရောက်ရှိလာကြခြင်းမှာ ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ချက်အပေါ် မလိုက်နာချင်ကြသဖြင့် လူငယ်များက ရှောင်ပြေးလာကြသည့် ဂယက် ရိုက်ခတ်မှု ဖြစ်သည်။
“တော်တော်များများက စစ်မှုမထမ်းချင်လို့ ရောက်လာကြတာ။ သူတို့က ထိုင်းဘက်ကို ကူးမှာ။ ပွဲစားတွေနဲ့ ချိတ်ပြီး တော့ ထိုင်းကို တက်ကြမလို့။ တစ်ယောက်ကို မြန်မာငွေ ၁၈သိန်း-၁၉သိန်း ဘတ်ငွေနဲ့ဆို ဘတ် (၁၈,၀၀၀)လောက် ပွဲစားကိုပေးပြီးသွားကြတာ။ ဒါပေမဲ့ ပွဲစားက တစ်ယောက်နဲ့တစ်ယောက် မတူတော့ စျေးလည်း မတူကြဘူး။”ဟု အဆို ပါလူငယ်က သူ မေးမြန်းသိရှိထားသလောက်ကို ပြန်လည် ပြောပြသည်။
ယင်းလူငယ်များမှာ နယ်စပ်လမ်းကြောင်းများမှတဆင့် ပွဲစားများကို အခကြေးငွေ အမြောက်အများပေးပြီး ထိုင်းနိုင်ငံ ထဲသို့ တရားမဝင် လမ်းကြောင်းများမှတဆင့် ဝင်ရောက်ကြရန် ဆုံးဖြတ်ချက်ဖြင့် ရောက်ရှိလာကြသူများဖြစ်ပြီး ထိုင်း နိုင်ငံတစ်နေရာရာတွင် ရရာအလုပ် လုပ်ကိုင်နိုင်ရေး ရပ်ရွာကိုစွန့်ခွာရောက်ရှိလာသူများလည်း ဖြစ်သည်။
မျက်မှောက်ကာလသည် နိုင်ငံတစ်ဝှမ်း စစ်မျက်နှာများစွာ ဖွင့်ထားရပြီး ထိခိုက်ကျဆုံးမှုများနှင့် အခြေစိုက်စခန်း အများအပြား ဆုံးရှုံးထားရသည့် စစ်ကောင်စီအနေဖြင့် စစ်သားအင်အားလျော့နည်းလာမှုကြောင့် နအဖ စစ်အစိုးရ လက်ထက် ၂၀၁၀ ပြည့်နှစ်က ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကောက်ယူ အသက်သွင်းကာ ပြဌာန်းလိုက်ပြီး တပ်ဖွဲ့အင်အားရရှိရန် ကြိုးပမ်းမှုတစ်ရပ်သာဖြစ်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်ပြောဆိုကြ သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အကျုံးဝင်သည့် လူငယ်လူရွယ်များမှာ ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းအရ နိုင်ငံတစ် ဝှမ်းတွင် ၁၃သန်းရှိနေပြီး တစ်နှစ်လျှင် လူဦးရေ ၅သောင်းမှ ၆သောင်းခန့် ခေါ်ယူသွားမည်ဟုလည်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တရားဝင် ပြောဆိုထားသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အသက် ၁၈နှစ်မှ ၂၇နှစ်အထိ လူငယ်အမျိုးသမီးများ၊ အသက် ၁၈နှစ်မှ ၃၅နှစ်အ ထိရှိသော လူငယ်အမျိုးသားများက စစ်မှုထမ်းကြရမည်ဖြစ်ရာ ဥပဒေထုတ်ပြန်ပြီး ရက်ပိုင်းအတွင်း လူငယ်အများအ ပြားမှာ ကြောက်ရွံ့စိတ်များဖြင့် နေအိမ်မှ ထွက်ခွာရှောင်တိမ်းခဲ့ကြကာ အချို့မှာလည်း မတရား ဖမ်းဆီးခံလိုက်ရသူများ ရှိကြောင်းလည်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာသည်။
ယင်းဥပဒေကို စစ်ကောင်စီထုတ်ပြန်လိုက်ပြီး တဆက်တည်းတွင် ညွှန်ကြားချက်များ ဆက်တိုက်ဆိုသလို ထွက်လာပြီး နောက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အစည်းအဝေးများခေါ်ယူကာ တပ်သားစုဆောင်းသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်လာသောကြောင့် ဖားအံမြို့နှင့်အနီးဝန်းကျင်ကျေးရွာမှ ဒေသခံ လူငယ်အများအပြားမှာ နည်းလမ်းပေါင်းစုံ ဖြင့် နယ်စပ်ဘက်ကို တိမ်းရှောင်လာခဲ့ကြသလို အချို့မှာ ဘန်ကောက်အထိ ရောက်ရှိသွားကြပြီးဖြစ်သည်။
ဖားအံမြို့အနီးရှိ အသက် ၂၄နှစ်အရွယ် ရွာသူအမျိုးသမီးငယ်တစ်ဦးက “အိမ်ကလူတွေ ဘယ်ကိုမှ မလွှတ်တဲ့သူတော့ အခု သူတို့သွားခွင့်ပေးရပြီ။ ထိုင်းက အစ်မတွေက တက်လာဖို့ ပြောနေတယ်။ ကိုယ့်နိုင်ငံက သူများနိုင်ငံထက် အန္တရာယ်များနေတာ။ အိမ်နဲ့လည်း မခွဲဖူးဘူး။ အခုတော့ သွားတော့မယ်။”ဟု ဖေဖော်ဝါရီ ၁၈ရက်နေ့က ကေအိုင်စီသို့ ပြောဆိုသည်။
ကရင်ပြည်နယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားများမှတဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ကြသူများရှိသလို တရားမဝင် အခြားနယ်စပ်လမ်းကြောင်းများဖြစ်သည့် မွန်ပြည်နယ်၊ ကော့သောင်း-ရနောင်းနှင့် သျှမ်း၊ ကရင်နီ နယ်စပ် များမှတစ်ဆင့်လည်း လူပွဲစားများဖြင့် ဝင်ရောက်သူ ပိုမိုများပြားကြောင်းလည်း ဒေသတွင်းသတင်းဌာနများက ရေးသား ဖော်ပြထားကြသည်။
ယခုလို တရားမဝင်လမ်းကြောင်းများဖြင့် ရောက်ရှိသွားသည့် လူငယ်များအနက် ထိုင်းနယ်ခြားစောင့်တပ်များ၏ ဖမ်းဆီးခြင်းခံရသူများရှိပြီး ယခုရက်ပိုင်းအတွင်း လူငယ် ၅၀၀နီးပါး ဖမ်းဆီးခံရကြောင်း၊ တချို့မှာ လူကုန်ကူးခံရနိုင် သည့်အဖြစ်များနှင့် ကြုံတွေ့နိုင်သလို အသက်အန္တရာယ်လည်းများသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်သူ များက ပြောသည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် Srettha Thavisin ကလည်း မြန်မာနိုင်ငံက စစ်မှုထမ်းရန် တရားမဝင် တိမ်းရှောင်လာသည့် လူငယ်များကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်သွားမည်ဟု ပြောဆိုထားသည်။ သို့သော် မည်သို့မည်ပုံ အရေးယူသွား မည်ကိုမူ ရှင်းရှင်းလင်းလင်း ပြောဆိုထားခြင်း မရှိသေးပေ။
လတ်တလော၌ မြဝတီမြို့တစ်ဘက်ခြမ်း မဲဆောက်မြို့တွင် အိမ်အငှားချထားသည့် ထိုင်းနိုင်ငံသား အိမ်ပိုင်ရှင်များကို ဧည့်စာရင်းတိုင်ကြားရန် တာ့ခ်ပြည်နယ်၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန(လဝက) က အကြောင်းကြားစာ ပေးပို့ထား သည့်အပြင် မြန်မာနိုင်ငံသားများ ဖွင့်လှစ်ရောင်းချနေသည့် စျေးဆိုင်များကိုလည်း ရှောင်တခင် လိုက်လံရှာဖွေ စစ်ဆေး မှုများ ခပ်စိပ်စိပ် ပြုလုပ်လာကြသည်ဟု သိရသည်။
ထိုင်းအာဏာပိုင်ဘက်က ယခုလိုတင်းကြပ်လာမှုအပေါ် တရားမဝင် လမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက် ပြီဆိုလျှင် ဖမ်းဆီးခံရနိုင်ခြေများပြီး ထိုင်းဥပဒေအရ အရေးယူခံရနိုင်သလို မြန်မာနိုင်ငံထဲသို့ ပြန်ပို့ခံရခြေလည်းများ သည်ဟု ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများကလည်း သတိပေး ပြောဆိုထား သည်။
ထိုင်းရောက် ကရင်လူငယ်တစ်ဦးက “မိအေးနှစ်ခါနာတော့ ဖြစ်မှာပဲဗျာ့။ ဘာဖြစ်လဲဆိုတော့ ထိုင်းကနေ ခိုးဝင်ရင် ပွဲစားကိုပေးရတဲ့ ပိုက်ဆံကလည်း တအားများတယ်။ အဲ့မှာ ဘာမှ အာမခံချက်လည်း ရှိတာ မဟုတ်ဘူး။ လူကုန်တောင် အကူးခံရနိုင်တယ်။ စစ်မှုမထမ်းချင်လို့ ရှောင်ပါတယ်ဆိုမှ တကယ်လို့ ဟိုက မိသွားလို့ မြန်မာနိုင်ငံပြန်ပို့ရင် ပိုတောင် အထိနာအုံးမယ်။”ဟု ကောက်ချက်ချ ပြောဆိုသည်။
လူငယ်အများအပြား ထိုင်းနိုင်ငံထဲသို့ တရားမဝင်လမ်းကြောင်းမှတဆင့် ခိုးဝင်ရာတွင် နယ်စပ်လမ်းကြောင်းက တိုင်းရင်းသားလက်နယ်ကိုင်နယ်မြေများကို ဖြတ်ကျော်ကြရသည်က များသည်။ အထူးသဖြင့် ကရင်ပြည်နယ်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အပါအဝင် အခြားသော ဒေသခံ လက်နက်ကိုင်အဖွဲ့များ၏ နယ်စပ်ဂိတ်များ ကို ဖြတ်ရသည့်လမ်းကြောင်းများလည်း ရှိသည်။
ယခုလို လူငယ်များက ၎င်းတို့ဆန္ဒဖြင့် မတူညီသည့် လမ်းကြောင်းများမှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ကြသည်ကို ကေအဲန်ယူအနေဖြင့် တားဆီးမနိုင်ကြသော်လည်း ချိတ်ဆက်ထားသည့် လူကယ်ရီ(ပွဲစား)များက တာဝန်ခံမှုရှိမရှိနှင့် လူငယ်များအတွက် လုံခြုံစိတ်ချရမှုရှိမရှိအပေါ် ကေအဲန်ယူတာဝန်ရှိသူများက စစ်ဆေးမေးမြန်းပေးပြီးမှသာ ဖြတ်သန်း ခွင့်ပြုကြောင်း ကေအဲန်ယူ စစ်ဆေးရေးဂိတ်နှင့်နီးစပ်သူတစ်ဦးက ပြောပြသည်။
၎င်းက “သူတို့ရဲ့ပွဲစားတွေကို ဒီကနေ တိုက်ရိုက်ဖုန်းနဲ့ ချိတ်ပြီးပြောတယ်။ လမ်းကြောင်းအခြေအနေအရ ဘယ် လောက်လုံခြုံလဲ။ ဘယ်လို အာမခံလဲ စသည်ဖြင့်ပေါ့၊ သေချာမေးပြီးမှာ ဒီကလူငယ်တွေကို လွှတ်ပေးတယ်။ မဟုတ်ရင် လမ်းမှာ ရောင်းစားခံထိမယ်လေ။ သူတို့လည်း အဲ့လောက်ပဲ လုပ်ပေးနိုင်မှာပေါ့။”ဟု ဆိုသည်။
လူငယ်များအနေဖြင့် နေရပ်မှ ရှောင်ပြေးရာတွင်လည်း မိမိလုံခြုံရေးအတွက် အထူးသတိထားပြီး သေချာစုံစမ်းကာ သွားလာကြရန် ကေအဲန်ယူ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ကေအိုင်စီနှင့် အင်တာဗျူးတွင် သတိပေး ပြောဆိုထားသည်။
သို့သော် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာသည့်နောက်ပိုင်း လူငယ်များတွင် စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီနှင့် စစ်အာဏာရှင်ကို အကာအကွယ်ပေးခြင်းနှင့် စစ်အာဏာရှင်ကို ဆန့်ကျင်တော် လှန်ရေးဟူ၍ရွေးချယ်စရာ နှစ်ခုသာရှိသည်ဟု ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း ဖေဖော်ဝါရီလ (၂၀) ရက်နေ့ ၎င်း၏တိုက်တွန်းစကားတွင် ပြောဆိုထားသည်။
ကေအဲန်ယူအနေဖြင့် ထွက်ပြေးတိမ်းရှောင်လာသည့် လူငယ်များကိုလည်း အကူအညီပေးသွားမည်ဖြစ်သလို ၎င်းတို့ထံ တွင် ပူးပေါင်းပြီး အာဏာရှင်ဆန့်ကျင်တော်လှန်မှုတွင် ပူးပေါင်းပါဝင်သွားရန်လည်း ဖေဖော်ဝါရီ ၁၈ရက်နေ့က သဘော ထားထုတ်ပြန်ကာ ဖိတ်ခေါ်ထားသည်။
စစ်ကောင်စီအနေဖြင့် ယခုလို ပြည်သူ့စစ်မှုထမ်းဥပဒေကို ကောက်ကာငင်ကာ အသက်သွင်းလိုက်ခြင်းမှာ စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးနည်းလမ်းများတွင် အဖက်ဖက်က ကျဆုံးနေပြီး အင်အားလျော့နည်းချိနဲ့လာသည်ကို ပြသနေ သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်ထောက်ပြထားသည်။
ထိုသို့ နယ်မြေ အင်အားဆုံးရှုံးမှုများစွာ ကြုံလာရခြင်းကြောင့်ပင် နယ်မြေဒေသ ပြန်လည်ရရှိရန်နှင့် တပ်ဖွဲ့အင်အားရရှိ စေရန် ပြည်သူ့စစ်အတင်းအဓမ္မ စုဆောင်းဖွဲ့စည်းခိုင်းခြင်း၊ လူငယ်များကို နည်းလမ်းပေါင်းစုံဖြင့် အတင်းအဓမ္မ ဖမ်းဆီး လိုက်ခြင်းဖြင့် အင်အားကို တရားမဝင်နည်းလမ်းများဖြင့် စုဆောင်းနေသလို စစ်မှုထမ်းဥပဒေကို ထောက်ခံပွဲများလည်း ကျင်းပပြုလုပ်ခဲ့ကြသေးသည်။
ယခုလို တိုင်းပြည်အပေါ် ဆယ်စုနှစ်ပေါင်းများစွာ မတရား အုပ်ချုပ်ခဲ့သည့် စစ်အုပ်စုနှင့် အာဏာရှင်စနစ်မှာ ယိုင်လဲချိနဲ့ လာသည်မှာ မလွဲဧကန်ဖြစ်နေပြီး လက်ရှိအချိန်တွင် ဆန့်ကျင်ဘက်အင်အားစုများဘက် အသာစီးရရန် အခါအခွင့် ကောင်းဖြစ်သည်ဟုလည်း တော်လှန်ရေးအင်အားစုဘက်က ကောက်ချက်ချ ပြောဆိုသည်။
လူငယ်အများစုအနေဖြင့် တော်လှန်ရေးအင်အားစုဘက်တွင် ပူးပေါင်းပါဝင်ပါက လက်နက်ကိုင်ရမည်ဟုသာ တွေးထင် ကြ၍ မဝင်ရောက်လိုကြသူများလည်းရှိသည့်အပေါ် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရာတွင် လက်နက်ကိုင် လမ်းစဉ် တစ်ခုတည်းမကဘဲ အခြားသော အသိပညာ၊ အတတ်ပညာများဖြင့်လည်း ပူးပေါင်းလုပ်ဆောင်နိုင်သည်ဟု တော်လှန် ရေးအဖွဲ့အစည်းခေါင်းဆောင်များက အကြံပြု လမ်းညွှန်ထားချက် ရှိသည်။
ထို့အတွက် လူငယ်များအနေဖြင့် အဖက်ဖက်တွင် ရှုံးနိမ့်လာသည့် စစ်အာဏာရှင်များအတွက် အသေခံ တိုက်ခိုက်ပေး ခြင်း သို့တည်းမဟုတ် ၎င်းစစ်အာဏာရှင်စနစ် အမြစ်ပြတ်ခြေမှုန်းရန် အခွင့်အရေးအားသာနေသည့် ဆန့်ကျင်တော် လှန်ခြင်းဟူ၍ ရွေးချယ်စရာ နည်းလမ်းနှစ်ခု ရှိလာသည်ဟု လူမှုအသိုင်းအဝိုင်းအတွင်း ရှုမြင်မှုများလည်းရှိကြသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က မတရား အာဏာသိမ်းယူခဲ့ပြီး တိုင်းသူပြည်သားများကို အကြမ်းဖက် ဖိနှိပ်အုပ်ချုပ်နေသည့် စစ်ကောင်စီဘက်တွင် စိတ်ဓာတ်ရေးရာ၊ လူအင်အား အဖက်ဖက်က ကျရှုံးနေချိန်တွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန် အားလုံးပူးပေါင်းပါဝင်မှုမှာ အခွင့်သာသည့်ကာလဖြစ်သလို ယင်းသို့ ပူးပေါင်းပါဝင်ခြင်းသည် အာဏာရှင်စနစ်ကို အချိန် တိုအတွင်း အမြစ်ပြတ် တိုက်ထုတ်သွားနိုင်သည့် အခြေအနေကောင်းလည်း ဖြစ်နေသည်။
ထို့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံအနေဖြင့်လည်း မိမိနိုင်ငံအတွင်းသို့ တရားမဝင် ရောက်ရှိလာသူများကို စျေးပေါပေါဖြင့် အလုပ်သမားအရင်းအမြစ် ဆက်လက် ရရှိနေအုံးမည်ဖြစ်သည်။ ထို့အပြင် စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ကြောင့် တိုင်းပြည်ကိုစွန့်ပြီး ကိုယ်လွတ်ရုန်းသွားခြင်းသည် လက်ရှိ နွေဦးတော်လှန်ရေးတွင် ပါဝင်တိုက်ပွဲဝင်နေသည့် ရွယ်တူ လူငယ်မောင်မယ်များ၏ ပေးဆပ် စွန့်လွတ် အနစ်နာခံမှုများကို ပြက်ရယ်ပြုရာကျနေပေမည်။
သို့ဖြစ်ပါ၍ စစ်ကောင်စီ ထုတ်ပြန်လိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ဘက်နှစ်ဖက်တွင် ကြားနေဝါဒ မရှိတော့ သည့် ရန်ငါစည်းပြတ်မှုကိုသာ ရွေးချယ်ရင်း စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စုကို ဆန့်ကျင်တော်လှန်မှုအတွက် လူငယ် တို့၏ အနာဂတ်အိပ်မက်ကို ချေဖျက်ခံစရာ အကြောင်းမရှိပါဟု ရှုမြင်မိပါသည်။