စစ်မှုထမ်းရန်စည်းရုံးသည့်စာရွက်များကို လူစည်ကားရာ နေရာများတွင် စစ်ကောင်စီ ဖြန့်ဝေ

စစ်မှုထမ်းရန်စည်းရုံးသည့်စာရွက်များကို လူစည်ကားရာ နေရာများတွင် စစ်ကောင်စီ ဖြန့်ဝေ

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လူစည် ကားသည့် နေရာများတွင် စစ်မှုထမ်းရန် စည်းရုံးသည့် စာရွက်များကို လိုက်လံဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ယခု ဖေဖော်ဝါရီလ ဒုတိယအပတ်မှ စတင်ပြီး ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ် နှင့် ချောင်းဆုံမြို့နယ်အတွင်းရှိ လူသွားလူလာများသည့်နေရာအပြင် လမ်းသွားလမ်းလာနေသည့် မော်တော်ယာဉ်များကို ဒေသခံပြည်သူများ စစ်မှုထမ်းရန်စည်းရုံးသည့် စာရွက်များကို လိုက်လံဖြန့်ဝေမှုများ ပြုလုပ်နေကြောင်း မော်လမြိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “စာစောင်တွေလိုက်ဝေတာကတော့ ပြီးခဲ့တဲ့ အပတ်ကတည်းက။ မနက်ပိုင်းလည်း ဝေတယ်။ ညနေ ပိုင်းလည်း ဝေတယ်။ စစ်မှုထမ်းတဲ့ ဥပဒေနဲ့ပတ်သက်ပြီးတော့။ မယူလို့လည်း မရဘူးဆိုတော့ အကုန်ယူရ တယ်။ ဝေတာကတော့ ရဲကော၊ စစ်သားကော ဝေနေတယ်။ ကားသမားတွေဆိုလည်း ကားရပ်ပြီး ယူရတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ လက်ကမ်းစာစောင်ထဲတွင် စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ စိုးရိမ်ရန် မလိုကြောင်းကို အသားပေး ဖော်ပြထားပြီး စစ်မှုထမ်းရမည့် အခြေအနေ၊ စစ်မှုထမ်း ဥပဒေ၏ ရည်ရွယ်ချက်၊ စစ်မှု ထမ်းရမည့် အသက်အရွယ်၊ စစ်မှုထမ်း ကာလနှင့် ပြည်သူ့ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရှိသူ စသည့် အကြောင်းအရာများကို စာစောင်တွင် ရေးသားဖော်ပြထားကြောင်း သိရသည်။

ယခုလို အာဏာသိမ်းစစ်ကောင်စီမှ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းလိုက်ပြီး နောက်ပိုင်း မွန်ပြည်နယ်ရှိ မွန်ပြည်တော်လှန်ရေးတပ်-MSRF ၊ မွန်ပြည်ကာကွယ်ရေးတပ်-MSDF၊ မွန်ပြည်လွတ် မြောက် ရေးတပ်တော်-MLA ၊ Rehmonnya Defence Force(RDF) တို့သည်လည်း အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသား၊ အမျိုးသမီး မည်သူမဆို စိတ်ကျန်းမာရေး ကောင်းမွန်ပြီး မွန်အမျိုးသား အကျိုးကို လိုလားသူမှန်သမျှ တပ်သားသစ်ခေါ်ယူရေး ဥပဒေအောက်တွင် စစ်မှုထမ်းနိုင်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တဆက်တည်းတွင်ပင် မွန်ပြည်နယ်၊ သထုံခရိုင်ရှိ ပြည်ထောင်စုလမ်းမပေါ်တွင် ဆောက်လုပ်ထားသော ဈေးဆိုင်များကိုလည်း ညပိုင်းအချိန် စည်းကားရန်အကြောင်းပြချက်ဖြင့် အာဏာသိမ်း စစ်ကောင်စီမှ ည ၈ နာရီအထိ မဖြစ်မနေဖွင့်လှစ်ခိုင်းလျက်ရှိကြောင်း မြို့နေဒေသခံ များက ပြောသည်။

“ညပိုင်းပေါ်တာဆွဲတာတွေ ကြားလာရတာတွေရှိတော့ ဘယ်သူမှ အပြင်မထွက်ကြ တော့ဘူး။ အဲ့တော့ ညဘက်ဆို တိတ်ဆိတ်နေတာပဲ။ ဆိုင်တွေလည်း စောစောသိမ်းကြတယ်။ အဲ့တော့ ထွေအုပ်ရုံးက အဖွဲ့တွေက ခေါ်ပြီး ဆိုင်စောစောမပိတ်ဖို့ ဘာဖို့ပေါ့ ပြောတယ်။ အခြေအနေတွေက ပိုရှုပ်လာတယ်။”ဟု သထုံမြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့်လည်း စစ်ကောင်စီက ထုတ်ပြန်ထားသည့် စစ်မှုထမ်း ဥပဒေကို အသုံးချပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာနမှ ဖေဖော်ဝါရီလ(၁၉)ရက် နေ့တွင်ထုတ်ပြန်ထားသည်။

Most read this week

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...