စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် အရှေ့တောနယ်ရှိ ကျေးရွာများ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရ

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် အရှေ့တောနယ်ရှိ ကျေးရွာများ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသရှိ ဝကုန်းကျေးရွာတဝိုက်ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၁ရက်၊ ယမန်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်သောကြောင့် ၎င်းကျေးရွာနှင့် အနီးရှိကျေးရွာများ ရွာလုံးကျွတ် စစ်ဘေးတိမ်း ရှောင်နေရကြောင်း ကျေးရွာရှိ ဒေသခံများ ကပြောသည်။

အရှေ့တောနယ်ဒေသရှိ ထားဝယ်-ထီးခီး လမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀ခန့်သည် ယခုလ (၁၇) ရက်နေ့မှစတင်ကာ လမ်းပိုင်းတစ်လျှောက် စစ်ကား(၁၇)စီးဖြင့် စစ်ကြောင်းထိုး ဝင်ရောက် လာပြီး ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထိုသို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် ယမန်နေ့ မွန်လွဲ ၂ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ MI-2 စစ်ရဟတ်ယာဉ်ဖြင့် ဝကုန်ကျေးရွာအနီးတဝိုက်သို့ ဗုံးကြဲသွားကြောင်း အမည်မဖော်လိုသူ ဝကုန်း ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “နှစ်ဖက်တိုက်ပွဲအခြေအနေကတော့ ဆိုးရွားနေတယ်။ လိုင်းလည်း ဖြတ်ခံထိထားတယ်။ ဝကုန်းရွာ ကတော့ တစ်ရွာ လုံးပြောင်းလာရတယ်။ ပြီးတော့ အဲ့ဒီအနားက ခမောင်းသွယ် လမ်းမထိပ်က ရွာတွေ ကကျတော့ လေယာဉ် နဲ့ လာပစ်မှ ပြောင်းလာကြရတာများတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

လက်ရှိအချိန်တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင် များအကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုအပြင် စက်သေနတ်များဖြင့်ပါ ရမ်းသမ်းပစ်ခတ်သွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

“လက်ရှိအချိန်ထိတော့ တိုက်ပွဲဖြစ်သံတွေကြားနေရတယ်။ ပြေးဖို့လမ်းမရှိတော့ တောထဲမှာပဲ ဝင်ပြီးပုန်း နေ ကြရတယ်၊ တွင်းတွေတူးပြီးတော့။ စားတာသောက်တာကြတော့ ဟင်းရွက်တွေပေါတယ်လေ အဲ့လိုပဲ စားရတယ်။ ဆန်ကတော့ ကုန်တော့မယ်။ စစ်ရှောင်ဦးရေတွေကတော့ များလို့ သေချာတော့ မသိသေးဘူး။” ဟု အရှေ့ တောနယ်ရှိ နောက်ထပ်ဒေသခံတစ်ဦးကလည်း ကေအိုင်စီ သို့ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ အခြေ စိုက်ရာ နေရာများကို အဓိကထား တိုက်ခိုက်နေပြီး ယခုနှစ်အတွင်း စစ်ကောင်စီမှ ထားဝယ်မြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ် နှင့် ကျွန်းစုမြို့နယ်များတွင် MI -2 ရဟတ်ယာဉ် နှင့် (၈၁ မမ) ဗုံးသီး များဖြင့် တိုက်ခိုက်ခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်များအရ သိရသည်။

Photo: CJ

Most read this week

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...