သံတောင်ကြီးမြို့ ဘုရင့်နောင်တပ်စခန်းအနီးရှိ ဒေသခံများကို စစ်တပ်က နှစ်ပတ်အတွင်း ရွှေ့ပြောင်းခိုင်း

သံတောင်ကြီးမြို့ ဘုရင့်နောင်တပ်စခန်းအနီးရှိ ဒေသခံများကို စစ်တပ်က နှစ်ပတ်အတွင်း ရွှေ့ပြောင်းခိုင်း

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂) ထိန်းချုပ်သည့် တောင်ငူခရိုင်၊ သံတောင်ကြီး မြို့နယ် ဘုရင့်နောင်တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားမည့် ကောလာဟလများကြောင့် ထိုစခန်းနှင့် မီတာ (၂၀၀)အတွင်း နေထိုင်သူဒေသခံများအား စစ်တပ်က နှစ်ပတ်အတွင်း နေအိမ်မှ ရွှေ့ပြောင်းခိုင်းကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ဘုရင့်နောင်တပ်စခန်းမှစစ်ကောင်စီတပ်များက သံတောင်ကြီးမြို့ရှိ ဘာသာရေးခေါင်းဆောင်များကို ခေါ်ယူ၍ စခန်းနှင့်အနီးတစ်ဝိုက် ရပ်ကွက်နေ ဒေသခံများအား နေအိမ်မှရွှေ့ပြောင်းခိုင်းသည့်အတွက် နေ့တွင်းချင်းရွှေ့ပြောင်းခဲ့ရသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းအမျိုးသမီးက “မနေ့က ကျမတို့ဆီက ဆရာတော်တွေကိုခေါ်ပြီးတော့ ရွာသားတွေကိုရွှေ့ခိုင်းပါပေါ့ ။ အန္တရာယ်ဖြစ်နိုင်တယ်ဆိုပြီးပြောတာ။ သူတို့(စစ်တပ်)ကကြားတာကတော့ ဘုရင့်နောင်တပ်ကို သူများ (တော်လှန်ရေးတပ်)လာပစ်ဖို့ရှိတယ်ကြားတော့ လာပစ်ရင်သူတို့က ပြန်ပြီး ရမ်းသမ်းပစ်တော့မှာ ဆိုတော့ ဘေးနားရပ်ကွက်တွေထိမှာစိုးလို့ ရွှေ့ခိုင်းတာလို့ ပြောသေးတယ်။ ရွှေ့ရတဲ့ ရပ်ကွက်ကတော့ တစ်စုပဲရှိပါတယ်။ မနေ့ကတည်းက ကားတွေဆိုင်ကယ်တွေနဲ့ သူတို့အကုန်ရွှေ့ပြီးကြပြီ။” ဟု ကေအိုင်စီကို ယနေ့ပြောသည်။

ရွှေ့ပြောင်းရသူများမှာ စစ်ကောင်စီ၏သတ်မှတ်ဇုန်အတွင်း မပါရှိသည့် အခြားရပ်ကွက်မှ ဆွေမျိုးများနှင့် ဘာသာရေးအဆောက်အဦးများတွင် လတ်တလော သွားရောက်နေထိုင်နေကြသည်ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။

အဆိုပါ သံတောင်ကြီးမြို့အခြေစိုက် ဘုရင့်နောင်တပ်စခန်းသည် သံတောင်ကြီးမြို့နယ်အတွင်း စခန်းနှင့်လက်လှမ်းမီရာအရပ်တွင် တိုက်ပွဲဖြစ်ပွားပါက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လေ့ရှိ ကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

ထို့ကြောင့် မြို့အတွင်းနေထိုင်သူများမှာ လက်ရှိတွင် တည်ငြိမ်နေသေးစေကာမူ လက်နက်ကြီးရန် ကြောက်ရွံ ့စိတ်ဖြင့် နေထိုင်နေရသည်ဟု နယ်ခံများက ပြောသည်။

“ရွှေ့တဲ့သူတွေကတော့ ဒီဘက်ရပ်ကွက်ထဲမှာအမျိုးတွေရှိတော့ အဲ့ဒီမှာလိုက်နေကြတယ် ။ တချို့ ကတော့ ဘုရားကျောင်းတွေမှာနေကြတယ်။ ကျမတို့လည်း ဒီလိုပဲနေကြတာပဲ။ ဘယ်တော့ လက်နက်ကြီးကိုယ့်ဆီကျမလဲပေါ့။” ဟု နယ်ခံအမျိုးသမီးက ပြောသည်။

ထို့အတူ အဆိုပါ ဘုရင့်နောင်တပ်စခန်းက အနီးရှိ ရပ်ကွက်နှင့်ကျေးရွာများအား တိုက်ပွဲမဖြစ်ပွား သော်လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ဖောက်ခြိမ်းခြောက်ခြင်းများ တစ်ခါတစ်ရံ လုပ်ဆောင်လေ့ရှိသောကြောင့် ၎င်းတို့လုံခြုံရေးစိုးရိမ်သဖြင့် စစ်သုံးယာဥ်များအစား ဒေသခံများ၏ မော်တော်ယာဥ်များကို အသုံးပြုသွားလာကြကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လပိုင်းကလည်း ဘုရင့်နောင်တပ်က မြို့အတွင်းတိုက်ပွဲမဖြစ်ပွားဘဲ ၎င်းတို့သံသယဖြင့် လူနေရပ်ကွက်ဘက်သို့ လက်နက်ကြီးပစ်ခတ်သဖြင့် ရပ်ကွက်(၁)ရှိ ဒေသခံပိုင်နေအိမ်(၃)လုံး ကျည်စထိမှန်ပျက်စီးခဲ့ရသည်။

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...