ကေးဒူ — “အမယ်လေး…လာကြည့်ကြပါဦး။ ငါ့ကလေးတွေ သေကုန်ပြီ”
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့၊ မနက် (၉)နာရီအချိန်မှာ ရှားတောမြို့နယ်အတွင်းက ရှေ့တန်း စစ်မြေပြင်တနေရာမှာ ကြားလိုက်ရတဲ့ ရင်ကွဲနာကျပြီး ပေါက်ကွဲထွက်ပေါ်လာတဲ့ မိခင်တယောက်ရဲ့ အော်ငိုသံပါ။
အဲ့ဒီအသံကို ကြားလိုက်မိတဲ့ ရှေ့တန်းက ရဲဘော်တိုင်းဟာ ရင်ဘတ်ကို ဓားနဲ့ထိုးခံသလိုပဲ အင်မတန်မှ နာကျင်ကြေကွဲ ဝမ်းနည်းနေခဲ့ကြရပါတယ်။ သိပ်မကြာခင် တအောင့်လေးမှာဘဲ အဲ့ဒီမိခင်အသံပါ တိတ်သွားပါတော့တယ်။ တောနက်ထဲမှာ ဘယ်က အမျိုးသမီးရဲ့ အသံလဲ၊ ရွာသားတွေ ဒီမှာ စစ်လာရှောင်ကြတာများလား ဆိုပြီး ရဲဘော်တွေ တီးတိုးပြောဆိုနေခဲ့ကြပါသေးတယ်။
ခေါင်းပေါ်မှာ ကျည်ဆံတွေက ပလူပျံနေတာမို့ အဲ့ဒီမိခင်ရဲ့ အော်ငိုသံကြားရာနေရာအထိ အရောက်သွားဖို့က အချိန် ခဏတာ ကြာခဲ့ရပါတယ်။ စိတ်မကောင်းစွာဘဲ ငိုသံကြားရာနေရာကိုရောက်သွားတဲ့ အချိန်မှာတော့ မြေကြီးပေါ် မှာ သွေးတွေ အလူးလူးနဲ့ လဲကျနေတဲ့ မိခင် (၃)ဦးနဲ့ ကလေးငယ် (၃)ဦးကို တွေ့လိုက်ရပြီး ဒါဟာ စစ်ကောင်စီရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတယ်လို့ ရဲဘော်တွေယူဆခဲ့ကြပါတယ်။
အဲ့ဒီအချိန်မှာပဲ “အား…အီး…” ဆိုတဲ့ ညည်းတွားသံတခုကို နားထဲက ကြားလိုက်ရပါတယ်။ သေချာကြည့်လိုက်တဲ့ အချိန်မှာတော့ (၃) နှစ်ဝန်းကျင် အရွယ်သာသာလေး ရှိသေးတဲ့ ကလေးငယ်တဦးဆီက သွေးတွေ ဗလာပွနဲ့ သူ့မိခင်ဘေးမှာ လဲကျနေရင်းက ထွက်လာတဲ့ အသံဖြစ်ပါတယ်။ ရဲဘော်တယောက်က ကလေးငယ်ကို ပွေ့ချီလိုက်ပြီး ဆေးမှူးကိုအလျင်အမြန်အော်ဟစ်ပြီး အကူအညီတောင်းလိုက်ပါတယ်။
ဆေးမှုးကတော့ ချက်ချင်းပြေးလာပြီး သူ့မှာ ရှိတာလေး၊ တတ်မြောက်ထားတာလေးနဲ့ အစွမ်းကုန်ကုသခဲ့ပေမဲ့ ကလေးငယ်ရဲ့ အရွယ်နဲ့မလိုက်အောင်ဘဲ ကျည်ဆံထိထားတဲ့ဒဏ်ရာဟာ ကြီးမားလွန်းတာကြောင့် ကလေးငယ်လေးဟာ အသက်သေဆုံးခဲ့ရပါတယ်။
“ကျောကုန်းနားမှာ ကျောရိုးမကြီးမှာ။ အဲ့မှာသွားထိတော့ ဟိုး အထဲထိ အဆုတ်ထဲ သွားထိတာကော။ ကလေးသွေးဆိုတော့လည်း နည်းတယ်လေ။ကလေးရဲ့အားက လူကြီးရဲ့အားလောက် မရှိတော့။သူက ခုခံအားဆိုတာ မရှိဘူးလေ။ အာ့ကြောင့်မို့ မမီတော့ဘူး”
နောက်တန်းပြန်ရောက်တဲ့ အချိန်မှာ ဆေးမှူးက စိတ်မကောင်းစွာနဲ့ ပြန်လည် ရင်ဖွင့်လာတာ ဖြစ်ပါတယ်။
ဒီထက်ပိုဆိုးတာက သေဆုံးသူ မိခင်တဦးမှာလည်း ကိုယ်ဝန်ရှိနေတယ်ဆိုတာကို ကြားသိလိုက်ရပါတယ်။ လူ့လောကထဲတောင် မရောက်လာနိုင်သေးတဲ့ မိခင်ဗိုက်ထဲက ကလေးငယ်ရဲ့ အဖြစ်က ရင်နာစရာ ကောင်းလှပါတယ်။ ကျန်ရှိတဲ့ ရုပ်အလောင်းတွေကိုတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းမှာပဲ ကျန်ရစ်သူ မိသားစု၀င်တွေက မြေမြုပ် သင်္ဂြိုဟ် ပေးခဲ့ကြပါတယ်။
စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ သေဆုံးသူ (၇) ဦးလုံးကို ကျင်းတခုထဲမှာပဲ တူတူမြေမြုပ်ပေးခဲ့ရတယ်လို့ သိရပါတယ်။ သေဆုံးသူတွေကတော့ ရှားတောမြို့ပေါ်က ဒေသခံများဖြစ်ကြပြီး ကိုယ်ဝန်သည်တဦးအပါအ၀င် သားအမိနှစ်တွဲနဲ့ မြေးအဖွားတတွဲ စုစုပေါင်း (၇)ဦး ပစ်သတ်ခံရတာပါ။ သူတို့ဟာ တောထဲ တနေရာမှာ စစ်ရှောင်နေရင်း ၂၀၂၄ ဖေဖော်ဝါရီလ (၄)ရက်နေ့ ညနေ (၅)နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံခဲ့ရတာပါ။ သားအမိ နှစ်တွဲနဲ့ မြေးအဖွား တတွဲအပြင် အသက် (၂၀) အရွယ် အမျိုးသား တဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။
သူတို့ဟာ (၅) ရက်နေ့ မနက်ပိုင်းမှာ လူစုကွဲသွားကြတာဖြစ်တယ်လို့ ပြန်လည် လွတ်မြောက်လာသူ အသက် ၂၀ အရွယ် ကိုနေလင်း က ပြန်ပြောင်းပြောပြပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လမ်းမှာပဲ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းကို ခံရတဲ့ စစ်ကောင်စီဟာ တကွဲတပြားစီ ဖြစ်နေတဲ့အချိန်မှာပဲ ကိုနေလင်းဟာ စစ်ကောင်စီရဲ့ လက်ထဲကနေ လွတ်မြောက်ဖို့အတွက် အသက်ကို ဖက်နဲ့ထုပ်ပြီး ကျည်ဆံတွေကြားက အရဲစွန့်ကာ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
လက်နောက်ပြန်ကြိုးတုတ်ခံထားရတဲ့ သူဟာ ပထမတခေါက် ထွက်ပြေးဖို့ ကြိုးစားချိန်မှာတော့ မအောင်မြင်ခဲ့ပါဘူး။ နောက်တကြိမ် ပြန်လည်ကြိုးစားတဲ့ အချိန်မှာတော့ လွတ်မြောက်လာခဲ့တာ ဖြစ်တယ်လို့ ကိုနေလင်း က ပြန်ပြောင်းပြောပြပါတယ်။
“ပထမတခေါက် ပြေးဖို့ ကြိုးစားတယ်။ မင်းပြေးလို့ မရဘူး။ပြေးရင် မင်းကို ပစ်သတ်မယ် သူတို့ပြောတယ်။ နောက်တခေါက်ကျတော့ လူခွဲပြီးပြေးလိုက် ကျနော့်ကို ပြောတယ်။ ခွဲပြေးခိုင်းတော့ ပုန်းနေတယ်ပဲ သူတို့ထင်မှာပေါ့။ ကျနော် ပြေးမပုန်းဘဲနဲ့ သူတို့လက်က လွတ်အောင်ပြေးလိုက်တာ။ အဲ့ကြောင့် ခုလို ပြန်ရောက်လာတာ”
ဖေဖော်ဝါရီလ ၄ ရက်နေ့မှာပဲ စစ်ကောင်စီရဲ့ စစ်ကူ ရဟတ်ယာဉ် ၃ စီးဟာ နေ့လည်ခင်း ၂ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှားတောမြို့နယ်ကို ရောက်ရှိလာခဲ့ပါတယ်။ လက်နက်ခဲယမ်းအပြည့်နဲ့ လူအင်အား ၆၀ ကျော် ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ဆင်းသက်မဲ့နေရာအနီးအနားမှာ နောက်ထပ် စစ်ဘေးရှောင် မိသားစု တစုလည်း ရှိနေပါသေးတယ်။ ရဟတ်ယာဉ်ဟာ မြေပြင်မဆင်းသက်ခင် လေပေါ်မှာကတည်းက ကျည်ဆံတွေနဲ့ အရင်ဆင်းလာပါတယ်။
အိမ်မွေး တိရိစ္ဆာန်တွေနဲ့ ပြည့်နေတဲ့ စစ်ရှောင် မိသားစုတစုရဲ့ တဲအိမ်ကလေးကို ကျည်ဆံ၊ ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ လျှိုမြောင်ထဲမှာ ဝပ်ပုန်းနေကြတဲ့ မိသားစုရဲ့ အိမ်ထောင်ဦးစီးကတော့”ပစ်တယ်။ ကျနော်တို့ တဲထဲမှာခွေး ၆ ကောင်တောင်ရှိတယ်။ ပြီးတော့ ကြက် အိမ်တွေအပြင်မှာ အများကြီး။ အ၀တ်အစားတွေလည်း လှန်းထားတော့ ကျနော်တို့ တဲကို လှမ်းပစ်နေတာပေါ့”
ခြေတုန်လက်တုန်နဲ့ ဖြစ်နေကြတဲ့ အဲ့ဒီမိသားစုကတော့ စစ်ကောင်စီရဲ့ ရန်ကနေ ကင်းလွတ်ဖို့အတွက် အစာမရှိ၊ ရေမရှိနဲ့ တညလုံးပုန်းအောင်းနေခဲ့ရတယ်လို့ သူက ဆက်ပြောပြပါတယ်။
“ထမင်းလည်း မစားရတော့ဘူး။ ချက်တာတော့ ချက်ထားပြီးပြီ ။ ဒါပေမဲ့ တက်စားလို့ မရတော့ဘူးကော”
နောက်တနေ့မှာလည်း ချက်ပြုတ်စားသောက်ဖို့အတွက် မီးမွှေးလိုက်ရင် တည်နေရာ ပေါ်သွားမှာ စိုးရိမ်တာကြောင့် မနက်စာကိုလည်း ထပ်မံ လက်လွတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီ စစ်ရှောင်မိသားစုဟာ စစ်ကောင်စီတပ်ရဲ့အနီးအနားကနေ ထွက်ပြေးလာခဲ့ပြီးနောက် ညနေပိုင်းမှာတော့ စစ်ရှောင်စခန်းတနေရာကို ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ အ၀တ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးလာကြတဲ့ အဲ့ဒီ မိသားစုတစုဟာ ပတ်၀န်းကျင် ဆွေမျိုးတွေရဲ့ အကူအညီနဲ့ လက်ရှိမှာတော့ စစ်ရှောင်စခန်းတခုမှာ နေထိုင်နေကြတယ်လို့ သိရပါတယ်။
ဘယ်နေရာပဲ ရောက်ရောက် ဘယ်ကိုပဲ သွားသွား လုံခြုံမှု မရှိတော့တဲ့ သူတို့ရဲ့ဘ၀ဟာ နေ့၊ ညတိုင်းမှာ စိုးရိမ်ချောက်ချားစွာနဲ့ ဖြတ်သန်းနေကြရတယ်လို့ ဖွင့်ဟပြောဆိုနေကြပါတယ်။
စစ်ရှောင်စခန်းတခုမှာ နေထိုင်နေတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတဦးကတော့ လေယာဉ်ပေါ်ကနေ ပစ်ချတဲ့ လက်နက်ကြောင့် သေမှာလား၊ အဖမ်းခံရပြီး သတ်ဖြတ်ခံရတာကြောင့် သေမှာလား ဆိုတာ နေ့စဉ်ညတိုင်း တွေးပူနေရတယ်လို့ ပြောဆိုနေပါတော့တယ်။
“အသံကြားရင် ကြောက်တယ်။ မိုးပေါ် ကဟာက ငါတို့ ပစ်ချပြီး သေမှာလား။ မြေပေါ်၊ ရေပေါ်မှာ ကျမတို့ကို ဖမ်းမိပြီး ပစ်သတ်ကုန်မလား။ အဲ့လိုမျိုးတွေးမိတယ်”
ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီသမျှ ပြုစုထားတဲ့ စာရင်းအရ ၂၀၂၄ခုနှစ် တလကျော်အတွင်းမှာပဲ ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ အရပ်သား ၇ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၅ ဦးနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၃ ဦး စုစုပေါင်း ၁၅ ဦးအထိ ရှိလာနေပြီဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြည်သူလူထုတွေရှိတဲ့နေရာတွေကို အကြောင်းမဲ့ တိုက်ခိုက်နေသလို ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုကို ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။
ဘယ်အချိန် လက်နက်ကြီးနဲ့ ပစ်မလဲ…… ဘယ်အချိန် လေယာဉ်နဲ့ ဗုံးလာကြဲမလဲ….ဆိုတာ ကြိုတင်မသိနိုင်၊ မခန့်မှန်းနိုင်တဲ့ ကရင်နီစစ်ရှောင်တွေအဖို့တော့ နိစ္စဓူဝ စိုးရိမ်ပူပန်စိတ်တွေနဲ့ ရှင်သန်နေထိုင်ကြရဆဲပါပဲ……