ပအိုဝ်းကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးပူးတွဲညှိနှိုင်းဆောင်ရွက်ရန် ကော်မတီတစ်ရပ် PNFC ဖွဲ့စည်း

ပအိုဝ်းကာကွယ်ရေးတပ်ဖွဲ့များအကြား စစ်ရေးပူးတွဲညှိနှိုင်းဆောင်ရွက်ရန် ကော်မတီတစ်ရပ် PNFC ဖွဲ့စည်း
Photo: PNFC
Photo: PNFC

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC ၏ နိုင်ငံရေးဦးဆောင်မှုအောက်ရှိ ပအိုဝ်းပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့-ခမ်းဒွမ် (PPDF-KD) နှင့် ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်(PNDF-KK) တို့အကြား စစ်ရေးအပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန် စစ်ရေးဆိုင်ရာပူးတွဲ ညှိနှိုင်းရေးကော်မတီ ကို ဖွဲ့စည်းကြောင်း PNFC က ဖေဖော်ဝါရီလ(၁၂)ရက်နေ့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၇)ရက်မှ (၁၁) ရက်နေ့အထိ လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပပြု လုပ်ပြီးစီးခဲ့သော PNFC ၏ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးတွင် PNFC က ထိုကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNU/KNLA ၏ စစ်ရေး ကွပ်ကွဲမှုအောက်ရှိ PPDF-KD တပ်နယ်(၁) သထုံဒေသ၊ တပ်နယ်(၂) ဖားအံဒေသမှ တပ်ဖွဲ့ များနှင့် ကရင်နီတပ်မတော် ၏ စစ်ရေးကွပ်ကဲမှုအောက်ရှိ PNDF-KK တပ်နယ်(၃) ရှမ်း-ကရင်နီ(ကယား) နယ်စပ်ဒေသ မှ တပ်ဖွဲ့များအကြား စစ်ရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ပူး ပေါင်းမှုရှိစေရန် ကော်မတီဖွဲ့စည်းရခြင်းဖြစ်ကြောင်း PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

“စစ်ရေးဆိုင်ရာကိစ္စတွေမှာ မိမိဘာသာဆောင်ရွက်နေတာမျိုးမဟုတ်တော့ဘဲ အပြန်အလှန်အားဖြင့် ဆောင်ရွက်နိုင်အောင် ရည်ရွယ်ပြီးတော့ လုပ်ဆောင်တာပါ။ ကော်မတီရဲ့လုပ်ငန်းစဥ်တွေအနေနဲ့ကတော့ ကျနော်တို့အသေးစိတ်မပြောဖြစ်သေးပါဘူး။ အဓိကကတော့ တောင်ပေါ်မြေပြန့်မှာရှိတဲ့ ပအိုဝ်းတွေ အနေနဲ့ ဒေသအလိုက်ကွဲပြားနေတာမျိုးမဟုတ်ဘဲ အပြန်အလှန်အားဖြင့် ပူးပေါင်းဆောင်ရွက်ကြဖို့ အပေါ်မှာ အခြေခံပါတယ်။” ဟု ခွန်မြင့်ထွန်းက ပြောသည်။

မဏ္ဍိုင်(၅)ရပ်ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များ၊ ပအိုဝ်းပြည်သူများ၊ ဖိတ်ကြား ထားသူများနှင့် လေ့လာသူများ ပါဝင်တက်ရောက်ခဲ့ကြသော PNFC ၏ မျက်နှာစုံညီအစည်းအဝေးတွင် ကော်မတီဖွဲ့စည်းခြင်း အပြင် PNFC ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယာယီအတည်ပြုခြင်း၊ စစ်ရှောင်ပြည်သူများအရေး၊ စစ်တပ် လက်ကိုင်တုတ် အဖြစ် အသုံးချခံနေရသော ပအိုဝ်းပြည်သူများ လွတ်မြောက်ရေး၊ ပအိုဝ်းအချင်းချင်းကြား တိုင်းရင်းသားအချင်းချင်းကြား ဘာသာရေးလူမျိုးရေး ပဋိပက္ခမဖြစ်စေရေး၊ တောင်ပေါ်မြေပြန့် ညီညွတ်ရေးမှ ပအိုဝ်းတစ်မျိုးသားလုံး ညီညွတ်ရေး တို့ကိုဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ဖေဖော်ဝါရီလ(၇)ရက်နေ့မှစ၍ စစ်ကောင်စီက ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးဒေသရှိ အရပ်သားပြည်သူများနေထိုင်ရာသို့ လေကြောင်းနှင့်လက်နက်ကြီးသုံး တိုက်ခိုက်သဖြင့် ပြည်သူ အများ အပြား ထိခိုက်ဒဏ်ရာရရှိပြီး ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့်ဖြစ်စဥ်များအပေါ် အစည်းအဝေးမှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချထားသည်။

ဆက်လက်၍ ဖေဖော်ဝါရီလ(၄)ရက်‌နေ့က ဆီဆိုင်မြို့နယ်၊ PNA စခန်းမှ ဆေးဖြတ်သူ(၂)ဦးအား ရှေ့တန်းသွားရန်ငြင်းဆိုသဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့မှုများ၊ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ဖြစ်ပွားခဲ့သော စစ်ရာဇဝတ်မှုများ၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာတွင် ကာကွယ်ရေး တပ်ဖွဲ့ဝင်(၂)ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် စစ်သုံ့ပန်းဥပဒေကို လေးစားလိုက်နာ ခြင်းမရှိသော လုပ်ရပ် များနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်ကောင်စီကကျူးလွန်သော ရာဇဝတ်မှုများကိုလည်း အစည်းအဝေးက ရှုတ်ချထားသည်။

အလားတူ အာဏာရှင်စနစ်အမြတ်ပြတ်ရေး၊ နွေဦးတော်လှန်ရေးအောင်မြင်စွာပြီးဆုံးသည်အထိ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့်တကွ ပြည်သူတစ်ရပ်လုံးနှင့်ပါ ပူးပေါင်းတိုက်ပွဲဝင်သွားကြရန် အစည်းအဝေးတွင် သံဓိဌာန်ပြုခဲ့ကြကြောင်းကိုလည်း PNFC ၏ အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...