AA ထိုးစစ် နပခအနီးသို့ တရွေ့ရွေ့ချဉ်းကပ်လာ

AA ထိုးစစ် နပခအနီးသို့ တရွေ့ရွေ့ချဉ်းကပ်လာ

ရခိုင်ပြည်၌ အကြီးဆုံးသော စစ်ကောင်စီဌာနချုပ် အနောက်ပိုင်းတိုင်းစစ်ဌာနာချုပ် (နပခ) တည်ရှိရာသို့ အာရက္ခတပ်တော်၏ ထိုးစစ်မှာ တရွေ့ရွေ့ ချဉ်းကပ်လာနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

နပခအတွက် အရေးပါသည့် ခံစစ်စခန်းကြီးများဖြစ်သော တောဟိန်းတောင်ဗျူဟာနှင့် မဲတောင်ဗျူဟာကုန်း နှစ်ခုလုံးကို AA က သိမ်းပိုက်ထားပြီး လက်ရှိမှာ အမ်းမြို့နှင့် ၃ မိုင်ခန့်အကွာတွင် တိုက်ပွဲပြင်းထန်နေသည်။

ခမရ (၃၇၃) တပ်ရင်းအနီး ရွာသာယာ၊ ကြောင်ဖြူကွင်း၊ ဆင်တိုး ကျေးရွာတဝိုက်တွင် တိုက်ပွဲပြင်းထန်နေသလို နပခဌာနချုပ်အနီးဝန်းကျင် တောင်တန်းများတွင် အောက်တိုဘာ ၁၀ ရက်၊ ညနေပိုင်း ၄ နာရီကျော်အချိန်မှစပြီး ည ၁၁ နာရီအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

“ အရင်ကဆိုရင် တိုက်ပွဲဖြစ်ရင်လည်း လက်နက်ငယ်သံတွေ သိပ်မကြားရဘူ။ မနေ့ကတော့ လက်နက်ငယ်သံတွေပါကြားရတယ်။ လက်နက်ကြီး၊ လေကြောင်းကလည်း တောက်လျှောက်ပစ်နေတာပဲ။ အိပ်လို့တောင်မရဘူး ” ဟု အမ်းမြို့ခံ သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူပေးခဲ့ပြီး ယနေ့(စက်တင်ဘာ ၁၁ ရက်) နံနက်ပိုင်းတွင်လည်း ခမရ (၃၇၃) အနီး တိုက်ပွဲဖြစ်ပွားနေရာများနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

လတ်တလောတွင် စစ်ကောင်စီသည် အမ်းမြို့အဝင်ရှိ တပ်ရင်းများအပြင် မြို့သို့ ဝင်/ထွက်နိုင်သည့် နေရာများတွင် အင်းအားတိုးချဲ့ကာ ခံစစ်ပြင်ဆင်ထားပြီး လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

ယင်းအပြင် AA  ဝင်ရောက်လာနိုင်သည်ဟု ယူဆထားသော နေရာများ၌ မိုင်းထောင်ထားပြီး မြို့ပတ်ပတ်လည်ကို ကတုတ်ကျင်းများတူပြီး ခံစစ်အခိုင်အမာဖြင့် မြို့တွင်းလုံခြုံရေးကို တို့ချဲ့ထားသည်။

အမ်းမြို့ဒေသခံ နောက်တစ်ဦးက “ တိုက်ပွဲက ပိုပြီးနီးကပ်လာတယ်။ အဲဒါတွေကြောင့် မြို့ပေါ်နေရာတွေမှာတောင် စစ်ဆေးမှုတွေနဲ့ သွားရလာရတာ ခက်ခဲလာတယ်။ စစ်ကောင်စီတပ်သားတွေက ကျနော်တို့လို အမျိုးသားတွေဆို စစ်ဆေးတာ ပိုပြီးလုပ်လာတယ် ” ဟု ပြောသည်။

စစ်ကောင်စီအတွက် စစ်ရေးအရသာပါမက ဂုဏ်သိက္ခာပိုင်းအရ အရေးပါသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ အမ်းမြို့ကို လက်လွတ်မကျရှုံးစေရေး ခံစစ် အခိုင်အမာ ပြင်ဆင်နေသည်။

မြို့အနီးအနား၌ တိုက်ပွဲဖြစ်ပွားခြင်းနှင့်အတူ တိုက်ပွဲပြင်းထန်လာနိုင်ခြေ ရှိနေသော်လည်း စစ်ကောင်စီက အမ်းမြို့ခံများကို စစ်ဘေးရှောင်ခွင့် ကန့်သတ်ထားသည်ဟု အမ်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မြို့ခံတွေကို စစ်ဘေးရှောင်ခွင့် မပေးဘူး။ ကျန်းမာရေး အကြောင်းပြချက်နဲ့ စစ်ကောင်စီကို သွားလာခွင့်တင်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတာ။ အခုဆိုရင် လူနာကို ပို့ပြီးရင် ပြန်လာဆိုပြီး ပြောလာတာရှိတယ်” ဟု ဆိုသည်။

AA အရှိန်အဟုန်မြှင့် ထိုစစ်ဆင်တိုက်ခိုက်နေသော အမ်းမြို့တွင် စစ်ကောင်စီ၏ နပခ၊ ခမရ (၃၇၁)၊ ခမရ (၃၇၂)၊ ခမရ (၃၇၃) နှင့်အတူ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်(GE)၊ စစ်မြေပြင် အင်ဂျင်နီယာတပ် (BE)၊ ဆေးတပ်နှင့် စစ်လက်နက်တပ်ဖွဲ့များ ရှိသည်။

တိုက်ပွဲကာလ ၁၁ လနီးပါးအတွင်း AA သည် ရခိုင်က မြို့နယ် ၁၀ ခုနှင့် ပလက်ဝကို သိမ်းပိုက်ထားပြီး မောင်တောကိုလည်း သိမ်းပိုက်နိုင်တော့မည်ဟု ဆိုသည်။ ထို့ကြောင့် ပွင့်လင်းရာသီဖြစ်လာသည်နှင့် တပြိုင်နက် လက်ကျန်မြို့များကို ပိုပြီးအရှိန်အဟုန်မြင့် ထိုးစစ်ဆင်လာနိုင်ကြောင့် စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက ပြောဆိုနေကြသည်။

Most read this week

October 11, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့ကို ယမန်နေ့ အောက်တိုဘာ ၁၀ ရက်၊ ညနေ ၄ နာရီခွဲအချိန် စစ်ကောင်စီက...
October 10, 2024
မြန်မာနိုင်ငံတစ်ဝန်းတွင် ယခုနှစ် မေလမှ ဩဂုတ်လထိ လေးလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု...
October 9, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် လက်အောက်ခံ...
October 9, 2024
ရခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၄၀၀ ခန့်ကို ဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်သို့...