စစ်မှုထမ်းဥပဒေဖြင့် ပြည်သူလူထုအား စစ်တပ်က လူသားဒိုင်းအသွင် အသုံးချတော့မည်ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များပြော

စစ်မှုထမ်းဥပဒေဖြင့် ပြည်သူလူထုအား စစ်တပ်က လူသားဒိုင်းအသွင် အသုံးချတော့မည်ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များပြော

ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှစ၍ ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်မြဲပြီဟုဆိုလာသော စစ် ကောင်စီက ၎င်းဥပဒေဖြင့် ပြည်သူလူထုအား လူသားဒိုင်းအသွင်အသုံးချတော့မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC တို့က ပြောဆိုလိုက်သည်။

ရွေးကောက်ခံ အရပ်သားအစိုးရထံမှ နိုင်ငံတော်အာဏာကို သိမ်းယူထားသော စစ်ကောင်စီသည် ၂၀၁၀ ပြည့်နှစ်က ၂၇/၂၀၁၀ ဖြင့် ပြဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှစတင် အာဏာတည်စေရမည်ဖြစ်ကြောင်း ၎င်းတို့ထိန်းချုပ်ထားသော နိုင်ငံတော်ပိုင် သတင်းမီဒီယာအသီးသီးမှတဆင့် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် ပြည်သူ့အသိအမှတ်ပြုမှုရရှိမထားသော တရားမဝင်အစိုးရဖြစ်သည့်အတွက် အဆိုပါ ထုတ်ပြန်ချက်သည်လည်း တရားမဝင်သလို ပြည်သူလူထုအား လူသားဒိုင်းအဖြစ်အသုံး ချရန်ကြံရွယ်‌သည့် လုပ်ရပ်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဒီလိုဥပဒေကို အာဏာတည်ပိုင်ခွင့်က နိုင်ငံရဲ့တရားဝင်အစိုးရမှာသာရှိပါတယ် ။ တိုင်းပြည် အာဏာကို မတရားလုယူနေတဲ့ မင်းအောင်လှိုင်အနေနဲ့လုပ်ပိုင်ခွင့်မရှိပါဘူး။ စစ်တပ်က အရင်လို ပြည်သူ့စစ်စုဆောင်းတာ၊ ပေါ်တာဆွဲတာမျိုးတွေမလုပ်တော့ဘဲနဲ့ ပြည်သူတွေကို အတင်း အကြပ်ရှေ့တန်းစစ်မျက်နှာကိုခေါ်ပြီး လူသားဒိုင်းအဖြစ်သုံးဖို့အတွက် ဒီဥပဒေဆို တာကြီးကိုထုတ်ပြန်တာဖြစ်တယ်လို့ ကျနော်တို့ကတော့နားလည်ပါတယ်” ဟု ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဌာန်းထားသော သတ်မှတ် ချက်နှင့်ကိုက်ညီသူ နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် စစ် ပညာသင်ယူရမည်ဖြစ်သဖြင့် ထိုသို့ထုတ်ပြန်ခြင်းဖြစ်ကြောင်း စစ်တပ် ထိန်းချုပ်ထားသော သတင်းမီဒီယာများ၏ ကြေညာချက်အရ သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံသားတိုင်း ပြည်ပရန်ကာကွယ်နိုင်ရေးအတွက် ပြဌာန်းထား ခြင်းဖြစ်သလို စစ်အာဏာရှင်စနစ်ကိုလက်သင့်မခံနိုင်သည့် ပြည်သူလူထု၏ ယခုတော်လှန်ရေး တိုက်ပွဲအတွင်း မိမိတို့လူထုအချင်းချင်းကြား ရန်တိုက်ပေးခြင်းဖြင့် စစ်ကောင်စီက ၎င်းတို့ အကျိုးစီးပွားကို ကာကွယ်သောလုပ်ရပ်လည်းဖြစ်ကြောင်း တော်လှန်ရေးဦးဆောင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNCC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

“တော်လှန်ရေးထဲမှာ ဘယ်အဖွဲ့ဘက်မှမပါဘဲ ကြားနေနေတဲ့ပြည်သူလူထုကို စစ်တပ်က သူ့ဘက်ကို အတင်းအကြပ် ဖိအားပေးပြီးစုစည်းလိုက်တာပါ။ ဒီလိုအတည်ပြုတာက ပြည်သူ လူထုအချင်းချင်းကြား ကျနော်တို့ကြားမှာ စစ်တပ်ကရန်တိုက်ပြီးတော့ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်တာဖြစ်တယ်။ ဒီလိုမတရားလုပ်ရပ်ကို ပြည်သူတွေအနေနဲ့ ဆန့်ကျင်တော်လှန်ရမှာဖြစ်ပါတယ်။” ဟု ဦးခွန်မြင့်ထွန်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်သားအင်အားစုဆောင်းခြင်းလုပ်ရပ်သည် စစ်ကောင်စီ အနေဖြင့် စစ်ရေးမျက်နှာစာတွင် ရှုံးနိမ့်နေခြင်းကို သက်သေပြလိုက်ရာလည်းရောက်သည်ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ထောက်ပြထားသည်။

စစ်ကောင်စီ၏ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ဆရာဝန်၊ အင်ဂျင်နီယာ၊ စသဖြင့် အတတ်ပညာ တစ်ရပ် ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူ အသက် (၁၈)နှစ်မှ (၄၅) နှစ်အတွင်းရှိ အမျိုးသားများ၊ အသက် (၁၈)နှစ် နှင့် (၃၅) နှစ်အတွင်းရှိသူ အမျိုးသမီးများအပါအဝင် သာမန်အရပ်သားဖြစ်ပါက အမျိုးသား အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း နှင့် သာမန်အရပ်သူအမျိုးသမီး အသက် (၁၈) နှစ်မှ (၂၇) နှစ် အတွင်း ရှိသူများ စစ်မှုထမ်းရန်အကျုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတ်မှတ်ချက်ပြည့်မီသူများအနေဖြင့် စစ်မှုထမ်းရန်ကာလ (၂)နှစ် သတ်မှတ်ထားသော်လည်း နိုင်ငံတော်အရေးပေါ်အခြေအနေတွင် (၅) နှစ်အထိ အများဆုံးတာဝန်ထမ်းဆောင်ရမည်ဖြစ်သည်ဟု သိရသည်။

၎င်းအပြင် စစ်မှုထမ်းရန်စာရင်းမသွင်းခြင်း၊ စာရင်းသွင်းပြီးဆေးမစစ်ခြင်း၊ စစ်တပ်ထဲဝင်ရန် ဆင့်ခေါ်စာရသော်လည်း လာရောက်ရန်ပျက်ကွက်ခြင်းနှင့် အထောက်အထား လိမ်လည်ဖော်ပြခြင်း များအတွက် ထောင်ဒဏ်(၃)နှစ်၊ ဆေးမအောင်ရန်ကြိုးစားခြင်း၊ မိမိကိုယ်ကို အနာတရဖြစ် စေရန်လုပ်ဆောင်ခြင်းများအတွက် ထောင်ဒဏ်(၅)နှစ်နှင့် စစ်ထဲမဝင်ရန် အားပေးအားမြှောက်ပြုသူများ ထောင်ဒဏ်(၁)နှစ် ချမှတ်ခံရမည်ဖြစ်ကြောင်း ထိုဥပဒေတွင် ပြဌာန်းထားသည်။

သို့သော် သာ့သနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည်အမျိုးသမီးများ၊ မသန်စွမ်းများ၊ ပြည်သူ့ စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့မှ စစ်မှုထမ်းရန်မသင့်တော်ကြောင်း သတ်မှတ်ခံထားရသူများနှင့် ကင်းလွတ်ခွင့်ပြုခံထားရသူများအနေဖြင့် စစ်မှုထမ်းဥပဒေမှကင်းလွတ်ခွင့်ရမည်ဖြစ်သည်ဟုလည်း ထို ဥပဒေတွင် ပြဌာန်းပါရှိသည်။

အာဏာသိမ်းကာလ(၃)နှစ်အတွင်း တော်လှန်ရေးအင်အားစု အဖွဲ့အစည်းများကြောင့် နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသော စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်း ပြည်နယ်နှင့်တိုင်းအသီးသီးရှိ မြို့နယ်၊ ကျေးရွာရှိ ပြည်သူများအား အတင်းအကြပ် ပြည်သူ့စစ်သင်တန်းတက်ခိုင်းခြင်းဖြင့် အင်အားစု ဆောင်းခြင်း၊ လိုက်နာမှုမရှိပါက နည်းလမ်းအမျိုးမျိုးဖြင့် အသက်အန္တရာယ်ထိခိုက်သည်အထိ အရေးယူခြင်းများကို ဆက်တိုက်လုပ်ဆောင်လာနေသည်။

ထို့အတူ ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်ပြီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်နှင့် တပြိုင်နက် ပြည်သူလူထုများအကြား စိုးရိမ်စရာဖြစ်လာကြောင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ထုတ်ပေါ်ရေးသားကြသည်ကို တွေ့ရှိရသည်။

Most read this week

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...