အာဏာသိမ်းကာလ သုံးနှစ်အလွန်မှာ စစ်ကောင်စီ လုံးပါးပါးလာပြီလား

အာဏာသိမ်းကာလ သုံးနှစ်အလွန်မှာ စစ်ကောင်စီ လုံးပါးပါးလာပြီလား

အာဏာသိမ်းကာလ သုံးနှစ်ကျော်လွန်လာပြီးနောက်တွင် စစ်အစိုးရနှင့် ခေါင်းဆောင်မင်းအောင်လှိုင်တို့အတွက် နံရံတံတိုင်းများမှာ ကျဉ်းသထက်ကျဉ်းလာနေပြီဖြစ်သည်။

တစ်ချိန်က ခိုင်မာတောင့်တင်းသော မြန်မာစစ်တပ်သည် နိုင်ငံအရှေ့ပိုင်းမှ အနောက်ပိုင်းအထိ အရှက်တကွဲ အရှုံးများ ရင်ဆိုင်နေရသည်။ တိုက်ရည်ခိုက်ရည် အားကောင်းသည့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများနှင့် ဒီမိုကရေစီလိုလားသူ လူငယ်ပြောက်ကျားအုပ်စုများ၏ ထိုးနှက်တိုက်ခိုက်မှုများကြောင့် စစ်တပ်သည် မြန်မာပြည် အလယ်ပိုင်းသို့ ဖြည်းဖြည်းချင်း ပြန်ကျုံ့ဝင်လာနေပြီဖြစ်သည်။

နွေဦးတော်လှန်ရေးက “ကြာဦးမယ်လို့ ထင်ပါတယ်။ ခက်လည်း ခက်ခဲပါလိမ့်မယ်” ဟု ကိုအောင်ဇေယျက ဆိုသည်။ တစ်ချိန်က စက်မှုအင်ဂျင်နီယာ ကျောင်းသား ဖြစ်ခဲ့သူ ကိုအောင်ဇေယျမှာ သူနှင့် ရွယ်တူ မျိုးဆက် အများအပြားကဲ့သို့ပင် စစ်အာဏာသိမ်းမှုကြောင့် လမ်းချော်ပြီး ပဋိပက္ခတွင်းသို့ ရောက်လာရသူ ဖြစ်သည်။

“ဒါပေမဲ့ အာဏာရှင်စနစ်ဟာ ဖြည်းဖြည်းချင်း ပြိုလဲနေပြီဆိုတာကိုတော့ မြင်နေရပါပြီ” ဟုလည်း သူက ဆိုသည်။

တော်လှန်ရေးအတွက် ရှေ့ဆက် စိန်ခေါ်ချက်မှာ နယ်မြေဒေသများကို တဖြည်းဖြည်း တိုးမြှင့်သိမ်းပိုက်သွားပြီး ပိုမိုအင်အားတောင့်တင်းသည့် စစ်တပ်ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့အထိ အရောက် ပိတ်ဆို့နိုင်ရေး ဖြစ်သည်။ နောက်ဆက်တွဲ ဖိအားများကတော့ စစ်ကောင်စီအုပ်စု ထဲမှပင် ထွက်ပေါ်လာဖွယ်ရှိသည်။

အသက် ၆၇ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ခြိမ်းခြောက်မှုများမှာ တပ်မတော်အတွင်းမှပင် ထွက်ပေါ်လာနေသည် ဟူသည့် ကောလာဟလများ ကြားရသည်။ ထင်မှတ်မထားသည့် စစ်ရေးအရှုံးများ၊ အစုလိုက်အပြုံလိုက် လက်နက်ချမှုများ၊ အင်အားကြီးစစ်ဘုရင်များနှင့် မဟာမိတ်ဖွဲ့မှု ယိုင်နဲ့လာခြင်းများက နိုင်ငံအပေါ် မင်းအောင်လှိုင်၏ အုပ်ချုပ်နိုင်စွမ်းကို သံသယဝင်လာစေသည်။

သူ၏ သြဇာမှာ တစ်ချိန်က တပ်မတော်ကို အကြီးအကျယ် ထောက်ခံခဲ့ကြသည့် အမာခံ အမျိုးသားရေး ဗုဒ္ဓဘာသာခေါင်းဆောင်များ ထံတွင်ပင် ယိုင်နဲ့နေပြီဖြစ်သည်။ ၂၀၂၄ ဇန်နဝါရီလအတွင်းက ဆိုလျှင် အထင်ကရ ဘုန်းကြီးတစ်ပါးက ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစိုးဝင်းကို အာဏာလွှဲပြောင်းယူရန် တောင်းဆိုခဲ့သည်အထိ ဖြစ်သည်။

 “စစ်တပ်ဟာ ပြိုလဲနေပါပြီ … ဒါက မြင်သာပါတယ်” ဟု ယခင်က လွှတ်တော်အမတ်ဖြစ်ခဲ့ပြီး ယခု NUG အစိုးရအဖွဲ့၏ ပြောခွင့်ရဖြစ်သူ ဦးနေဘုန်းလတ်က ပြောသည်။

“ဒီနှစ်မှာဆိုရင် လွတ်မြောက်ရေးလှုပ်ရှားမှု အရှိန်က ပိုမြင့်လာဖို့ပဲရှိတယ်။ စစ်တပ်ကတော့ ရှုံးခါနီးလာလေ ပိုမို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လာလေလေ ဖြစ်လာပါလိမ့်မယ်” ဟု သူက သတိပေးသည်။

တကယ်တမ်းတွင် တပ်မတော်အတွင်း အင်အားပြိုင်ဆိုင်မှုများသည် အများပြည်သူ သိရသည်အထိ ပေါက်ကြားခြင်းမျိုး မရှိသလောက်ပင် ဖြစ်သည်။ တပ်မတော်သည် အာရှ၏ ခံနိုင်ရည်အရှိဆုံး၊ ရက်စက်ကြမ်းကြုတ်ဆုံး ဖြစ်သလို ၎င်း၏ ခေါင်းဆောင်ပိုင်းမှာလည်း ဝါစဉ်အဆင့်ဆင့်ရှိသည်။ တပ်မတော်သည် အထူး သိုသိပ်ပြီး ၎င်း၏ ခေါင်းဆောင်များမှာလည်း ပြင်ပနှင့် အလှမ်းကွာပြီး နေပြည်တော်တွင်သာ ရှိကြသည်။

မငြင်းနိုင်သည့် အချက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်နက်ကိုင်တော်လှန်မှုများ ပေါ်ထွက်လာခဲ့ပြီး စီးပွားရေးလည်း ဆုတ်ယုတ်ကာ ယခင်က ဖွံ့ဖြိုးရန်အားယူနေခဲ့သည့် နိုင်ငံသည် ပြည်တွင်းစစ်ထဲသို့ လုံးလုံးလျားလျား ကျဆင်းသွားသည် ဆိုသည့်အချက်ပင်ဖြစ်သည်။

“လက်ရှိ စစ်ခေါင်းဆောင်တွေက နိုင်ငံကို ဒုက္ခတွင်းထဲ ဆွဲသွင်းရုံမကဘူး။ သူတို့အဖွွဲ့အစည်းကိုပါ သူတို့ ဖျက်ဆီးနေကြတာ” ဟု အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) ၏ အကြီးတန်း အကြံပေးတစ်ဦးဖြစ်သူ ဦးရဲမျိုးဟိန်းက ပြောသည်။ စစ်ခေါင်းဆောင်များတွင် ပြန်လမ်းမရှိတော့ဟုလည်း သူကပြောသည်။

 “ကျဆုံးနိုင်ခြေရှိတဲ့ အနေအထားမှာတောင် သူတို့က အင်စတီကျူးရှင်း တစ်ခုလုံးကို ချောက်ထဲဆွဲခေါ်သွားဖို့ အသင့်ရှိနေပုံပေါ်တယ်” ဟု သူကဆိုသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက်လည်း လောင်းကြေးကို အဆုံးစွန်အထိ ထပ်ထားခြင်း ဖြစ်သည်။ မြန်မာပြည်သူလူထု ၅၄ သန်းထဲမှ အများစုက သူ့ကို ကိုယ့်ပြည်သူကို ကိုယ်သတ်သော စစ်တပ်၏ ဦးဆောင်လမ်းပြအဖြစ် စက်ဆုပ်ရွံရှာကြသည်။ နိုင်ငံ၏ သဘာဝအရင်းအမြစ်များကို အဓမ္မလုယူသူ၊ ပိုမိုလွတ်လပ်ပြီး ကြွယ်ဝသည့် လမ်းကြောင်းပေါ်တွင် ရောက်နေသည့် နိုင်ငံကို နောက်ပြန်လှည့်သူအဖြစ် အထင်အမြင်သေးကြသည်။

အာဏာသိမ်းမှု ဖြစ်ပွားစဉ်က အလှပြင်ပစ္စည်းကုမ္ပဏီ ဖွင့်လှစ်ရန် စီစဉ်နေသူ တစ်ဦးဖြစ်ပြီး လက်ရှိတွင် ပြည်ပသို့ ရောက်ရှိနေသူ သူသူကလည်း မိမိတို့နိုင်ငံသည် ကမ္ဘာကြီးနှင့် ချိတ်ဆက်မိပြီး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာများ ရှိနေခဲ့သည်ဟု ဆိုသည်။

“အခုတော့ ဒီအခွင့်အရေးတွေ အကုန်လုံး ရေစုန်မျောသွားပြီ” ဟု သူကဆိုသည်။ သို့သော်လည်း မိမိတို့သည် အနိုင်ရနေပြီဖြစ်ကာ လူငယ် တော်လှန်ရေးသမားများသည် လွတ်လပ်မှု၏ အရသာကို မြည်းစမ်းနိုင်ကြပြီဟုလည်း သူသူက ပြောသည်။ သူသူပြောသည့် လွတ်လပ်မှုကို တကယ်တမ်း ရရှိလာချိန်၌ မြန်မာလူထုသည် အသက်သွေးချွေး အမြောက်အများ ပေးဆပ်ရပြီးလောက်ပြီ ဖြစ်သည်။

ဆန္ဒပြမှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်တပ်၏ နယ်မြေရှင်းလင်းရေး၊ အဓမ္မပြုကျင့်မှု၊ ရွာလုံးကျွတ်မီးရှို့မှုများတွင် အရပ်သား ထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီဟု လူ့အခွင့်အရေး အဖွဲ့များက ပြောသည်။ ပြည်သူ သန်းပေါင်းများစွာသည်လည်း နေရပ်စွန့်ခွာပြီး ဘုရားကျောင်းများ၊ စာသင်ကျောင်းများတွင် ခိုလှုံနေရသလို လေကြောင်းဗုံးကြဲမှုများကို ရှောင်တိမ်းနိုင်ရန် တောတွင်း၌ ဗုံးခိုကျင်းများ၊ ဂူများအတွင်း၌ တိမ်းရှောင်နေရသည်။

“ခမာနီအုပ်ချုပ်ရေးလက်ထက် နောက်ပိုင်း ဒီဒေသတွင်းမှာ အဆိုးရွားဆုံး လူ့အခွင့်အရေး ကပ်ဘေးကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ပြောရင် ချဲ့ကားလွန်းရာ ရောက်မယ်မထင်ပါဘူး” ဟု စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စာရင်းပြုစုလျက်ရှိသည့် Fortify Rights အဖွဲ့မှ ပက်ထရစ် ဖုံဆာသွန်က ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်နက်ကိုင်တော်လှန်ရေးတွင် လူငယ်မျိုးဆက်သစ်များသည်လည်း တိုက်ခိုက်ရေးသင်တန်းများ မတက်ရောက်ဖူးဘဲ လက်နက်ကိုင်စွဲကာ ပါဝင်တော်လှန်နေကြရသည်။

သို့သော်လည်း စစ်ကောင်စီသည် ၎င်းသာ ချောင်ပိတ်မိသွားပါက ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာမှုများ ထပ်တိုး ပြုကျင့်လာမည့်ပုံပေါ်သည်။

“ကျွန်တော်တို့ရဲ့ လူသားအရင်းအမြစ်တွေ ဆုံးရှုံးသွားပြီ” ဟု Free Burma Rangers အဖွဲ့မှ ကိုအောင်ဇေယျက မြန်မာလူငယ်များ နိုင်ငံတည်ဆောက်ရမည့်အစား စစ်ကောင်စီကို တိုက်ခိုက်နေရခြင်းအပေါ် ရည်ရွယ်ပြီး ပြောသည်။

မြန်မာ့တော်လှန်ရေးသည် ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး စတင်ဆင်နွှဲချိန်တွင် တစ်ဆစ်ချိုး ပြောင်းလဲသွားသည်။

ညီနောင်သုံးဖော်၏ ထိုးစစ်တွင် စစ်ကောင်စီသည် အငိုက်မိခဲ့ရသည်။ အဆိုပါထိုးစစ် အရှိန်မြင့်နေသည့် ကာလအတွင်း စစ်ကောင်စီဘက်က တပ်စခန်း ရာပေါင်းများစွာ လက်လွတ်ဆုံးရှုံးခဲ့ရသလို အရေးပါသည့် မြို့အများအပြား ဆုံးရှုံးထားသည်။ စစ်ကောင်စီဘက်မှ လက်နက်ချသူ အရေအတွက်သည်လည်း ထောင်ပေါင်းများစွာ ရှိခဲ့သည်။

ညီနောင်သုံးဖော်၏ ထိုးစစ်သည် တရုတ်နယ်စပ်တွင် လောင်းကစားမှုများ အကြီးအကျယ် ပြန့်ပွားနေသည့်အပေါ် မကျေမနပ်ဖြစ်နေသည့် ဘေဂျင်း၏ နားလည်မှုဖြင့် ခွင့်ပြုချက်ကိုပါ ရရှိထားသည်ဟု လေ့လာသူများက ယူဆကြသည်။

အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ အကြီးအကျယ် ရှိနေသည့် လောက်ကိုင်မြို့ကို သိမ်းပိုက်ရာတွင် စစ်ကောင်စီဘက်မှ ဗိုလ်မှူးချုပ် ၆ ဦးအပါအဝင် စစ်သည် နှစ်ထောင်ကျော်အထိ လက်နက်ချခဲ့သည်။

“မြန်မာ့ခေတ်သစ်သမိုင်းမှာ တပ်မတော်ဟာ မကြုံဖူးသေးတဲ့ အကျပ်အတည်းကြီးကို ကြုံနေရပါတယ်” ဟု ဘန်ကောက်အခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ အန်ထော်နီဒေးဗစ်က This Week In Asia သတင်းအစီအစဉ်တွင် ဖြေကြားသည်။

အနိုင်မခံမရှုံးမပေးဆိုသည့် စစ်တပ်၏လေလုံးသည် ပြီးခဲ့သောလများအတွင်း ဆက်တိုက် တိုက်ပွဲအရှုံးများကြောင့် အရှက်ကွဲခဲ့ရသလို ဤဖြစ်ရပ်များက စစ်ကောင်စီနှင့် မြန်မာစစ်တပ်၏ စိတ်ဓာတ်ပိုင်းကိုလည်း ပြင်းပြင်းထန်ထန် ရိုက်ချိုးခဲ့သည်ဟု အန်ထော်နီဒေးဗစ်က ပြောသည်။

သို့သော်လည်း စစ်အစိုးရအတွက် ပိုမိုကြီးမားသည့် အန္တရာယ်မှာ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် PDF များအကြား တပ်ဖွဲ့ဝင်များ၊ စစ်လက်နက်ပစ္စည်းများ ပူးပေါင်းဆောင်ရွက်လာမည့်အရေး ဖြစ်နိုင်သည်။

ညီနောင်မဟာမိတ်တပ်များသည် ၎င်းတို့သိမ်းဆည်းရထားသည့် စက်သေနတ်များနှင့် မော်တာများကဲ့သို့ လက်နက်ကြီးများကို ရှမ်းပြည်ပြင်ပတွင် လှုပ်ရှားနေကြသည့် PDF များထံသို့ လွှဲပြောင်းပေးအပ်မည်လား ဆိုသည်မှာ စစ်ကောင်စီအတွက် ပိုကြီးမားသည့် ပြဿနာဟု ဒေးဗစ်က ပြောသည်။

ထိုအတိုင်းသာ ဖြစ်လာလျှင် စစ်ပွဲသည် အနောက်ဘက်သို့ ရွေ့လျားကာ မန္တလေးနှင့် မြောက်ပိုင်း ဧရာဝတီမြစ်ကြောင်းတလျှောက်သို့ ရောက်ရှိလာနိုင်သည်ဟုလည်း သူကပြောသည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ စစ်တပ်သည် အရပ်သားမူဝါဒ ရေးရာပိုင်းတွင် ဗီတိုအာဏာ အသုံးပြုခွင့် ရှိသလို ကာကွယ်ရေးနှင့် လုံခြုံရေး အစီအစဉ်များ၊ စစ်တပ်က လက်ဝါးကြီးအုပ်ထားသည့် စီးပွားရေး လုပ်ငန်းများကိုပါ အပြည့်အဝ ထိန်းချုပ်ထားသည်။

 “စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အတွက်ကတော့ ဒါက အသက်ရှင်ရပ်တည်ရေး ကစားပွဲတစ်ခု ဖြစ်သွားပါပြီ။ သူတို့ဟာ ဆက်လက်ရှင်သန်နိုင်ဖို့အတွက် အရက်စက်ဆုံး ဖိနှိပ်မှုတွေလုပ်ဖို့ ဆုံးဖြတ်ထားကြတာပါ” ဟု USIP မှ ဦးရဲမျိုးဟိန်းက ပြောသည်။

သူတို့တွင် ထုတ်ကစားရန်မှာ ‘ဒေါ်အောင်ဆန်းစုကြည်ဝှက်ဖဲ’ သာ ကျန်တော့မည် ဖြစ်ကာ သူမကို ထုတ်သုံးပြီး ညှိနှိုင်းရေးများ လုပ်လာလျှင် တော်လှန်ရေးလှုပ်ရှားမှုအတွင်း အကွဲအပြဲများ ဖြစ်လာနိုင်သည်ဟုလည်း သူက သုံးသပ်သည်။

သို့သော်လည်း ဒီမိုကရေစီ လှုပ်ရှားမှုများအကြားတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါဝါမှာ မှေးမှိန်နေပြီဖြစ်သည်။ သူမ၏ နှစ်လရှည်ကြာ ဒီမိုကရေစီအရေး လှုပ်ရှားခဲ့မှုများကို အများစုက အသိအမှတ်ပြု လေးစားကြဆဲ ဖြစ်သည်။ သို့သော်လည်း နောက်ပိုင်း လူငယ်မျိုးဆက်သစ်များကမူ စစ်ရှုံးစစ်တပ်ကို မြန်မာ့အနာဂတ် နိုင်ငံရေးတွင် ထည့်သွင်းလိုသည့်ဆန္ဒ မရှိကြပေ။

ပိုမိုအားကောင်းလာနေသည့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများကလည်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ယခင်က သမားရိုးကျပုံစံ ဖြစ်သည့် မြန်မာစစ်တပ်နှင့် NLD အကြား အာဏာလွန်ဆွဲမှုမှသည် ယခုအခါ အင်အားစုပေါင်းစုံပါဝင်သည့် ပုံစံအဖြစ်သို့ ပြောင်းလဲလိုက်ပြီဟု ဦးရဲမျိုးဟိန်းက ပြောသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာစစ်ခေါင်းဆောင်များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများတော့ ချမှတ်ထားကြသည်။ သို့သော်လည်း နိုင်ငံ၏ တော်လှန်ရေးလှုပ်ရှားမှုကို လျစ်လျူရှုထားကြသလို တရုတ်ကလည်း အနောက်နိုင်ငံများကို ကုလလုံခြုံရေးကောင်စီတွင် ဆန့်ကျင်လျက်ရှိသည်။

 “နိုင်ငံတကာ အသိုင်းအဝိုင်းဟာ အဖြစ်အပျက်တွေကို ရပ်ကြည့်နေကြရုံပါပဲ” ဟု Fortify Rights အဖွဲ့မှ ပက်ထရစ်ဖုံဆာသွန်က ပြောသည်။ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ၊ အရပ်သား ပြည်သူလူထုအပေါ် လေကြောင်းတိုက်ခိုက်မှု၊ နယ်မြေရှင်းလင်းမှု၊ အဓမ္မပြုကျင့်မှုများကို ရည်ရွယ်ပြီး ပက်ထရစ်က ယခုကဲ့သို့ ထောက်ပြ ပြောကြားခြင်း ဖြစ်သည်။

ဒေသတွင်းအဖွဲ့အစည်း ဖြစ်သည့် အာဆီယံသည်လည်း မြန်မာနိုင်ငံမှ ပဋိပက္ခများ နယ်စပ်ကို ကျော်လွန်ပြီး ဒေသတွင်းအထိ ရိုက်ခတ်လာသည်ကို မြင်နေရသည့်တိုင် တစ်သံတည်းမထွက်နိုင် ဖြစ်နေရသည်။

လာမည့်လများအတွင်း စစ်ကောင်စီ၏ တုံ့ပြန်မှုများ ပိုမိုဆိုးဝါးလာမည်မှာ သေချာသလောက်ရှိသည်ဟု အန်ထော်နီဒေးဗစ်က ပြောသည်။

“စစ်တပ်မှာ ရှိနေသေးတဲ့ အင်အားတွေဖြစ်တဲ့ စည်းကမ်း၊ အရင်းအမြစ်၊ အမိန့်ပေးကွပ်ကွဲမှုတွေကို သုံးပြီး တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ အရပ်သား ထောက်ခံမှု အရင်းအမြစ်တွေကို အပြင်းထန်ဆုံး ဖျက်ဆီးသွားနိုင်စွမ်း ရှိသေးတယ်” ဟု သူကဆိုသည်။

NUG ကတော့ ပိုမိုခက်ခဲသည့် အချိန်များ ရှိလာဦးမည် ဖြစ်သော်လည်း အဆုံးသတ်အောင်ပွဲ ရရှိမည်ဟု ယုံကြည်ကြောင်း ပြောသည်။ NUG သည် စစ်ကောင်စီထံမှ သိမ်းပိုက်ထားသည့် နယ်မြေများတွင် နမူနာအဖြစ် ပြည်သူ့အုပ်ချုပ်ရေးကို အကောင်အထည် ဖော်လျက်ရှိသည်။

 “မြန်မာ့အနာဂတ်ဟာ အကောင်း၊အဆိုး ပုံသေကားကျ ရှိနေတာ မဟုတ်ပါဘူး၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် သနားကြင်နာမှု၊ ညှိနှိုင်းဆောင်ရွက်မှု၊ တစိုက်မတ်မတ်ရှိမှု တို့အပေါ် အခြေခံပြီး စုပေါင်းအင်အားနဲ့ ထုဆစ်သွားရမှာပါ” ဟု NUG ပြောခွင့်ရ ဦးနေဘုန်းလတ်က ဆိုသည်။

သို့သော်လည်း တပ်မတော်ကို ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်လာအောင် ဖိအားပေးရန်မှာ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများအပေါ်တွင် အဓိကအားဖြင့် မူတည်နေသည်။ သို့အတွက်ကြောင့် လေ့လာသူများကတော့ စစ်ကောင်စီပြုတ်ကျပြီးနောက် ဖက်ဒရယ်မြန်မာနိုင်ငံ တည်ဆောက်ရာတွင် အင်အားစုအားလုံး၏ အကျိုးစီးပွားများကို မျှမျှတတ ကိုယ်စားပြုနိုင်ခြေအပေါ် သံသယရှိကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသည့်အချိန်မှစ၍ နယ်စပ်ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများ အပြည့်အဝ ရပ်တန့်သည့်အချိန်ဟူ၍ မရှိခဲ့ပေ။

တပ်မတော်သည် ၎င်းကျဆုံးသွားသည့် အချိန်တွင်သော်မှ အသစ်ထွက်ပေါ်လာသည့် နိုင်ငံရေးအခင်းအကျင်းသစ်တွင် တစ်နေရာ ဝင်ပါနိုင်အောင် ကြိုးပမ်းဦးမည့်သဘော ရှိသည်။ တပ်မတော်ကို ရင်ဆိုင်တိုက်ပွဲဝင်ခဲ့သူများ အတွက်ကတော့ ဤအချက်သည် လုံးဝမဖြစ်နိုင်သည့် အခြေအနေဖြစ်သည်။ အထူးသဖြင့် ၎င်းတို့၏ ဘဝများလည်း လမ်းပျောက်သွားသလို ၎င်းတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေအပေါင်းအသင်းများ သေဆုံးသွားရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည့် လူငယ်တော်လှန်ရေးသမားများအတွက် ဖြစ်သည်။

Free Burma Rangers အဖွဲ့မှ ကိုအောင်ဇေယျကတော့ “ကျွန်တော်ကတော့ စစ်တပ်တစ်ခုလုံးကို အသစ်ကနေ ပြန်စဖို့လိုအပ်တယ်လို့ပဲ မြင်ပါတယ်” ဟုပြောသည်။ အနာဂတ်တွင် လက်ရှိမြန်မာစစ်တပ်အတွက် နေရာမရှိဟု သူကဆိုလေသည်။

South China Morning Post တွင် Aidan Jones နှင့် Khu Sam တို့ရေးသားထားသည့် 3 years after Myanmar’s coup, is the clock finally running out on embattled junta as it ‘slowly falls apart’? မှ ကောက်နုတ်ဘာသာပြန်ပါသည်။ မူရင်းဓာတ်ပုံ - AFP

October 11, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့ကို ယမန်နေ့ အောက်တိုဘာ ၁၀ ရက်၊ ညနေ ၄ နာရီခွဲအချိန် စစ်ကောင်စီက...
October 11, 2024
ရခိုင်ပြည်၌ အကြီးဆုံးသော စစ်ကောင်စီဌာနချုပ် အနောက်ပိုင်းတိုင်းစစ်ဌာနာချုပ် (နပခ) တည်ရှိရာသို့...
October 10, 2024
မြန်မာနိုင်ငံတစ်ဝန်းတွင် ယခုနှစ် မေလမှ ဩဂုတ်လထိ လေးလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု...
October 9, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် လက်အောက်ခံ...