ထန်းတစ်ပင်မြို့နယ် စခန်းသိမ်းတိုက်ပွဲအတွင်း ဒေသခံများ ပိတ်မိနေ

ထန်းတစ်ပင်မြို့နယ် စခန်းသိမ်းတိုက်ပွဲအတွင်း ဒေသခံများ ပိတ်မိနေ

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်နိုင်ရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပဲခူးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပူးပေါင်းတပ်များက ယနေ့နံနက်ပိုင်းမှစ၍ တိုက်ပွဲဖော်ဆောင်ရာတွင် ဇရပ်ကြီးဒေသခံများနှင့် အနီးရှိကျေးရွာမှဒေသခံများ ပိတ်မိနေကြကြောင်း ကနဦးရရှိထားသော သတင်းများအရ သိရသည်။

လက်ရှိအချိန်ထိဖြစ်ပွားနေသော တိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးနှင့် လေကြောင်း အသုံးပြု တိုက်ခိုက်မှု ပြင်းထန်လျက်ရှိရာ ထိုလွီဝါးကျောင်းအနီး လက်နက်ကြီးကျရောက်မှုကြောင့် ဆရာ၊ ဆရာမ နှင့်ကျောင်းသူများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသလို ဇရပ်ကြီး မြို့ရပ်ကွက် နေပြည်သူအများအပြား မြို့အတွင်း ပိတ်မိနေကြောင်း ဒေသခံများနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ထိုအမျိုးသမီးက “ရှားစေးဘိုရွာထဲဆို လေယာဥ်လာကြဲတာ နှစ်ခါရှိပြီ ကျောင်းကဆရာမတွေလည်း ကလေးတွေကိုခေါ်ပြီး တောထဲပတ်ပြေးနေရတယ်။ လယ်ကွင်းထဲဆင်းရင်စစ်တပ်နဲ့တိုးမှာ ပြေးစရာ မြေမရှိဘူးဆိုပြီး ကျမနဲ့နောက်ဆုံးအဆက်အသွယ်ရတုန်းက‌ ပြောပြတယ်။ ဇရပ်ကြီးမြို့ ရပ်ကွက်ထဲမှာလည်း ပိတ်မိနေတဲ့သူများတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ တိုက်ပွဲတွင် ဇရပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၇၃)အပါအဝင် ရဲစခန်းနှင့် တပ်စခန်းများအား KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ယနေ့မွန်းလွဲပိုင်းအထိ ခလရ(၇၃)တပ်ရင်းအား သိမ်းပိုက်ထားနိုင်ပြီး တိုက်ပွဲဆက် လက်ပြင်းထန်နေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

“တိုက်ပွဲကတော့ အခြေအနေကောင်းတယ်။ (၇၃)တပ်ရင်းကတော့ ပူးပေါင်းတပ်ဘက်ကရသွားပြီ။ အဲဒီတပ်ရင်းက သူတို့(စစ်တပ်)ဘက်က အားထားရတဲ့စခန်းမို့လို့ လေယာဥ်လာပစ်တာတင် အကြိမ်(၂၀)ကျော်သွားပြီ” ဟု တော်လှန်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

စစ်ကောင်စီဘက်က လေယာဥ်အသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ယခုအချိန် ထိလုပ်ဆောင် နေဆဲဖြစ်သလို တိုက်ပွဲတွင်ပါဝင်သော သက်ဆိုင်ရာတော်လှန်ရေးအင်အားစုများမှလည်း အတိအလင်း သတင်းထုတ်ပြန်လာခြင်းမရှိသေးသဖြင့် တိုက်ပွဲနှင့်ပတ်သက်သည့် အခြေအနေအသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထန်းတပင်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂) ထိန်းချုပ်နယ် မြေအတွင်းရှိသလို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ တောင်ပိုင်းတိုင်းစစ်ဒေသ လှုပ်ရှားမှုနယ်မြေအတွင်းလည်း ရှိသော မြို့နယ်တစ်ခုဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကလည်း KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တော်လှန်ရေးအင် အားစုများ ပူးပေါင်းကာ တပ်မဟာ(၂)နယ်မြေ လိပ်သိုဒေသရှိ စစ်ကောင်စီ ၏မိုင်းလွန်စခန်းအား တိုက်ခိုက်သိမ်းပိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး လိပ်သိုမြို့ရှိ ရဲစခန်းနှင့် ခြေမြန်တပ်ရင်း -ခမရ ၆၀၃ ကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နယ်မြေသတင်းအရင်းအမြစ်များက ပြောသည်။

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...