မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လပေါင်းများစွာ ကြာမြင့်ခဲ့သည့် လက်နက်ကိုင်များ၏ အံ့သြလောက်ဖွယ် ထိုးစစ်ဆင်မှုများ အရှိန်လျော့လာချိန်၌ ပြည်တွင်းစစ်၏ ဗဟိုချက်မသည် အနောက်ဘက် ကမ်းရိုးတန်းပြည်နယ်ဖြစ်သော ရခိုင်ဒေသသို့ ပီပီပြင်ပြင် ရွေ့လျားသွားပြီ ဖြစ်သည်။
မြန်မာပြည်အား တော်လှန်ရေးလမ်းကြောင်းသို့ တွန်းပို့ပေးလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုသည် ၂၀၂၄ ခုနှစ်တွင် သုံးနှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ ဤအချိန်၌ လက်ရှိ ခြောက်သွေ့ရာသီ၏ လက်ကျန် သက်တမ်းထက်ဝက်မှသည် မုတ်သုံဝင်မည့် မေလအထိ အချိန်အတောအတွင်း ရခိုင်ပြည်နယ်တွင် တိကျရှင်းလင်းပြီး အဆုံးအဖြတ် ပေးနိုင်လောက်သည့် တိုက်ပွဲများ မြင်တွေ့ရမည်မှာ သေချာသလောက် ဖြစ်နေသည်။
အမျိုးသားရေးအခြေခံ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (အေအေ) သည် ပြီးခဲ့သော နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွင်း ရှမ်းပြည်တွင် ဧရိယာကြီးကြီးမားမား ဖဲ့ထုတ်သိမ်းပိုက်နိုင်ခဲ့သည့် ညီနောင်မဟာမိတ် သုံးဖွဲ့၏ အဖွဲ့ဝင်ဖြစ်သည်။ နိုင်ငံ အရှေ့မြောက်ပိုင်းတွင် အောင်ပွဲများ သိမ်းကျုံး ရယူခဲ့သကဲ့သို့ပင် အေအေသည် ၎င်း၏ မိခင်ဒေသ ရခိုင်ပြည်နယ်တွင်လည်း စစ်ဆင်ရေးများ မီးကုန်ယမ်းကုန် ဖော်ဆောင်ကာ စစ်အစိုးရ၏ တပ်ဖွဲ့များကို ရခိုင်မြေပေါ်မှ တိုက်ထုတ်လျှက်ရှိသည်။
အေအေသည် အာဏာသိမ်းမှု မတိုင်မီ လပိုင်းအလို ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ရခိုင်ဒေသ အပစ်ရပ်ရေးကို သဘောတူခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာ လလယ်ခန့်တွင် တိုက်ပွဲများ ပြန်လည်ဖော်ဆောင်လာခဲ့သည်။
အလျော်အစားမှာ ယခုထက် ပိုကြီးမားနိုင်ခြေ မရှိတော့သလောက်ပင် ဖြစ်သည်။ ရခိုင်ပြည်နယ်သည် ဘင်္ဂလားပင်လယ်အော်နှင့် မြန်မာနိုင်ငံ ဗဟိုချက်မအကြားတွင် တည်ရှိနေသည် ဖြစ်ရာ အေအေကသာ ၎င်း ဆင်နွှဲနေသည့် တိုက်ပွဲအရှိန်အဟုန်ကို လာမည့်သီတင်းပတ်များအထိ ဆက်လက် သယ်ယူသွားနိုင်ပြီး ယခုလို အခရာကျသည့် ဒေသကို ထိန်းချုပ်သွားနိုင်သည် ဆိုပါက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) အဖို့ မဟာဗျူဟာကျကျ စစ်ရှုံးသွားသည်ဟု ဆိုနိုင်လောက်သည်အထိ ကြီးမားကျယ်ပြန့်သည် ရှုံးနိမ့်မှုတစ်ရပ်ကို ကြုံရတော့မည် ဖြစ်သည်။
နိုင်ငံ၏ အလယ်ပိုင်းဒေသတစ်ဝန်းတွင် တိုက်ပွဲများ လပေါင်းများစွာ ကြာမြင့်သည်အထိ ဆက်ရှိနေနိုင်သေးသည်။ သို့သော်လည်း ရခိုင်စစ်ပွဲအရှုံးကြောင့် နေပြည်တော်အစိုးရသည် ရှောင်မရတော့သည့် တောက်လျှောက် ပြိုလဲမှု သော်လည်းကောင်း ထိုထက်ပိုပြင်းထန်သည့် ပျက်သုဉ်းမှုကြီးအထိ သော်လည်းကောင်း ရင်ဆိုင်ရတော့မည် ဖြစ်လေသည်။
အခြားတစ်ဘက်၌ မြန်မာစစ်တပ်သည်သာ အေအေကို မိုးရာသီ မဝင်မီအထိ ကြံ့ကြံ့ခံနိုင်ခဲ့သည် ဆိုပါလျှင် ကယ်ရာမဲ့နေသော စစ်ကောင်စီသည် ရလဒ်အနေဖြင့် အရေးပါသည့် စစ်ရေး၊ သံတမန်ရေး အကျိုးသက်ရောက်မှုများနှင့်အတူ ၂၀၂၅ ခုနှစ်အထိ အသက်ဆက်ခွင့် ရရှိသွားနိုင်သည်။
ရခိုင်တွင် ဆက်လက်ရှင်သန်နိုင်ရန်အတွက် မြန်မာစစ်တပ်သည် အဓိကကျသည့် မြို့ပေါ်နေရာများကို ထိန်းချုပ်ထားရန် လိုအပ်သည်။ အစောပိုင်း ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်များတွင် ဆောင်ရွက်ခဲ့သည့်အတိုင်းပင် လေယာဉ်၊ လက်နက်ကြီးတို့နှင့်အတူ အရေးပါသည့် ရေတပ်အကူအညီများဖြင့် လက်နက်ကိုင်များ လက်လှမ်းမမီနိုင်သည့် အနေအထားအထိ အဆုံးအရှုံး ကြီးမားအောင် လုပ်ရန်လိုအပ်သည်။
■ ရည်မှန်းချက်ရှိသည့် လက်နက်ကိုင်များ
အသက် ၄၅ နှစ်အရွယ် အေအေစစ်ဦးစီးချုပ် ထွန်းမြတ်နိုင်သည် သြဇာကြီးမားသည့် ခေါင်းဆောင်တစ်ဦးဖြစ်ကာ လူငယ်တော်လှန်ရေးမျိုးဆက်သစ် အဖြစ် အများအပြားက လေးစားကြသူ ဖြစ်သည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဦးဆောင်မှုဖြင့် ယခုကဲ့သို့ တိုက်ပွဲဝင်လာသည့် အေအေသည် ယခုအချိန်၌ အထူးသဖြင့် မြောက်ပိုင်းမှ အောင်ပွဲအရှိန်အဟုန်နှင့် စိတ်ဓာတ်ပိုင်းအရ အသာစီးရမှုကို အကျိုးရှိရှိ အသုံးချနိုင်သည့် အခြေအနေ ဟုလည်း အချို့က သုံးသပ်ကြသည်။
အေအေသည် လက်ရှိစစ်ဆင်ရေးတွင် အဖွင့်အဖြစ် ၂၀၂၃ ဒီဇင်ဘာနှင့် ၂၀၂၄ ဇန်နဝါရီလအတွင်း ရခိုင်နှင့် ထိစပ်နေသည့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့ကို သိမ်းပိုက်ရရှိလိုက်သည်။ ပလက်ဝကို ရခြင်းက အေအေအတွက် တစ်ဆို့နေသည့် ထောက်ပို့ရေးလမ်းကြောင်းများ ပွင့်သွားမည်ဖြစ်သလို ရခိုင်ပြည်အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတစ်ဝန်းတွင် စစ်ဆင်ရေးများ ဆင်နွှဲရာ၌လည်း အထောက်အကူဖြစ်မည်မှာ သေချာသည်။
တကယ်တမ်းတွင်လည်း ညီနောင်မဟာမိတ်အဖွဲ့ကသာ နိုင်ငံအရှေ့မြောက်တွင် မကြာသေးမီက ၎င်းတို့ သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများကို တောင်ဘက်လမ်းကြောအတိုင်း ချင်းပြည်နယ်သို့ ပို့ဆောင်မည် ဆိုလျှင် ပလက်ဝနှင့် ကုလားတန်မြစ်တို့၏ သယ်ယူပို့ဆောင်ရေး အချက်အချာကျမှုသည် လာမည့်လများအတွင်း ပိုမို အရေးပါလာတော့မည် ဖြစ်သည်။
လက်နက်ခဲယမ်းများနှင့် လက်နက်ကြီးများ၊ အထူးသဖြင့် မော်တာများ၊ လေယာဉ်ပစ် စက်သေနတ်ကြီးများ ပါဝင်သည့် လက်နက်အမြောက်အများကို နိုင်ငံဖြတ်ကျော်ပြီး ပို့ဆောင်ရန်မှာ ရှမ်းပြည်နယ်မှသည် စစ်ကိုင်း၊ ထိုမှတစ်ဆင့် မကွေးတောင်ပိုင်းမှနေ၍ ပလက်ဝအထိ လမ်းကြောရှည်လျားသည် ဖြစ်ရာ စိန်ခေါ်မှုအပြည့်ဖြင့် စီစဉ်ဆောင်ရွက်ရမည့် အလုပ်လည်း ဖြစ်သည်။
ရှမ်းပြည်တွင် ၁၀၂၇ စစ်ဆင်ရေး၊ ရခိုင်တိုက်ပွဲတွင် ပလက်ဝအောင်ပွဲတို့ဖြင့် စိတ်ဓာတ်တက်ကြွနေကြသည့် အချိန်၌ လာမည့်လများအတွင်း အေအေ၏ အလားအလာကို ခန့်မှန်းရသည်မှာ မမြင်သာသည့် အချက်ကြီးနှစ်ချက်ဖြင့် ဝေဝါးလျက်ရှိသည်။
တစ်ချက်မှာ အဖွဲ့အစည်း၊ တပ်များကို အပြောင်းအရွေ့လုပ်နိုင်စွမ်း တို့နှင့် ဆက်စပ်နေသည်။ အေအေသည် အသေးစား ပြောက်ကျားတပ် အနေအထားမှ ကြီးထွားလာခြင်း ဖြစ်ရာ တပ်ရင်းအရွယ်အစား သို့မဟုတ် ထိုထက်ပိုကြီးမားသည့် လက်နက်ကိုင်တပ်များကို နိုင်ငံတစ်ဝန်း မြန်မြန်ဆန်ဆန် ရွှေ့ပြောင်းရန် လိုအပ်သည့် အရှင်စစ်ဆင်ရေး ဆောင်ရွက်နိုင်စွမ်း မည်မျှအထိရှိမည်ကို ကြည့်ရမည် ဖြစ်သည်။
မမြင်သာသည့် နောက်တစ်ချက်မှာ လာမည့်သုံးလအတွက် မဟာဗျူဟာ ဖြစ်သည်။ အချို့သော သုံးသပ်သူများ ယုံကြည်ကြသလို အေအေသည် ဤသုံးလအတွင်း စစ်ကောင်စီအား တောက်လျှောက်အလဲထိုးကာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို ဝိုင်းထားနိုင်သည်အထိ တိုက်ပွဲဆင်နွှဲမည်လား ဆိုသည့်အချက် ဖြစ်သည်။
အီလေးဆွဲနေသည့် ပေါက်တောတိုက်ပွဲသည် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည်။ ပေါက်တောမြို့သည် စစ်တွေမြို့အရှေ့ဘက် ၂၀ ကီလိုမီတာ အကွာတွင် မြစ်ဘေး၌ တည်ရှိသည်။ အေအေက တစ်ကျော့ပြန် တိုက်ပွဲများ စတင်ပြီး နောက်နှစ်ရက်အကြာ၌ ဤမြို့တွင် တိုက်ပွဲစတင်ခဲ့ခြင်း ဖြစ်သည်။ စစ်တွေကိုလည်း ထည့်တွက်ထားရမည် ဆိုသည်ကို ပေါက်တောကို ကြည့်ခြင်းဖြင့် သိသာသည်။ ကြိမ်မီးအုံးဖြစ်နေသည့် စစ်တွေမြို့ရှိ အရပ်သားပြည်သူများမှာလည်း တိမ်းရှောင်နိုင်ရေးအတွက် လေယာဉ်လက်မှတ်များ ကြိုတင်ဝယ်ယူထားကြသလို လူအပြည့်နှင့် လေယာဉ်များ နေ့စဉ် ထွက်ခွာလျက်ရှိသည်ကို ထည့်တွက်ရမည် ဖြစ်သည်။
ပြည်နယ်မြို့တော်ကို ညက်ညက်ကြေစေမည့် တိုက်ပွဲနှင့်စာလျှင် နောက်ထပ်ရွေးချယ်စရာ တစ်ခုဖြစ်သလို အရင်းအနှီးလည်း ပိုနည်းမည့် ဗျူဟာတစ်ရပ် ရှိသည်။ မြို့အပြင်ဘက် ပတ်ပတ်လည်ရှိ ပိုမိုအားနည်းသော ခံစစ်နေရာများကို ဦးစားပေးသိမ်းပိုက်ခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်း ထိကပ်နေသည့် မောင်တောနှင့် ဘူးသီးတောင်မြို့တို့နှင့်အတူ ရသေ့တောင်မြို့သည် စစ်တွေ၏ မြောက်ဘက်တွင် ရှိသည်။ တိုက်ပွဲများ ဖြစ်ပွားနေပြီဖြစ်သည့် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့တို့မှာ ရခိုင်မှ နိုင်ငံအရှေ့ပိုင်းသို့ ဖောက်လုပ်ထားသည့် အဓိက အဝေးပြေးလမ်းမကြီး တလျှောက်တွင် တည်ရှိကြသည်။ တစ်နေရာ သို့မဟုတ် နှစ်နေရာခန့် ကျရှုံးမှုမှသည် ပြီးခဲ့သော အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် ရှမ်းပြည်နယ်၌ မြင်ခဲ့ရသလို ဆင့်ကဲပြိုလဲသွားစေသည့် ဖြစ်စဉ်မျိုးလည်း ဖြစ်ကောင်းဖြစ်သွားနိုင်သည်။
သို့သော်လည်း ထိုကဲ့သို့သော ဗျူဟာမြောက်အောင်ပွဲသည် နေရာအများအပြားတွင် ဆင့်ကဲစစ်ဆင်ရေးများ တစ်ပြိုင်တည်း ဖော်ဆောင်နိုင်စွမ်းအပေါ် အကြီးအကျယ် မူတည်မည် ဖြစ်သည်။ အထူးသဖြင့် စစ်ကောင်စီ၏ လေကြောင်းတုံ့ပြန်မှုများကို တကွဲတပြား ဖြန့်ထုတ်နိုင်ရန်အတွက် နေရာစုံ၌ တိုက်ပွဲများကို စနစ်တကျ စီမံကွပ်ကဲနိုင်ရမည် ဖြစ်သည်။ သို့သော်လည်း ဤနည်းလမ်းများမှာ အေအေတွက်ဆိုလျှင် မရောက်ဖူးသေးသည့် နယ်မြေသစ်ကြီး ဖြစ်နေသေးသည်။
■ စစ်အင်အား ဖြန့်ကြက်နိုင်စွမ်း
စစ်ကောင်စီသည် ပလက်ဝနှင့်အတူ အိန္ဒိယနယ်စပ်ရှိ တပ်စခန်းများကို တသီတန်း ဆုံးရှုံးခဲ့ရပြီဖြစ်သည်။ သို့သော်လည်း ရှမ်းပြည်ဖြစ်စဉ်ကဲ့သို့ ဆင့်ကဲလဲပြိုမှုများ ရှောင်လွှဲမရဘဲ ထပ်ဖြစ်လာမည်ဟူသည့် ယူဆချက်များမှာ လက်တွေ့ မြေပြင်အခြေအနေများနှင့်တော့ ဖီလာဆန့်ကျင် ဖြစ်နေမည့်ပုံ ပေါ်သည်။ အေအေ၏ စွမ်းဆောင်ရည်များအရ ဆိုလျှင်တော့ အောင်မြင်မည့် အာမခံချက် ရှိမနေပေ။
ဆင်းရဲတွင်းနက်နေသည့် ရခိုင်ပြည်သည် မြန်မာစစ်တပ်အတွက် စစ်ရေးအရ ဆယ်စုနှစ်များစွာကြာအောင် ခါးဆက်ပြတ်ကျန်ခဲ့သည့်နေရာ ဖြစ်သည်။ တပ်သားသစ်များ စုဆောင်းသည့်နေရာ၊ အကာအကွယ်မဲ့သည့် မွတ်ဆလင်လူနည်းများကို အစဉ်အဆက် ဖိနှိပ်ခဲ့သည့် ဇာတ်ခုံကြီးလည်း ဖြစ်သည်။ သို့သော်လည်း ဤအခြေအနေများသည် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း မြန်မြန်ဆန်ဆန်ပင် ပြောင်းလဲသွားခဲ့သည်။
စစ်ရေးသီးသန့်ကို ကြည့်လျှင် ဆိုခဲ့ပါ ဆယ်စုနှစ်၏ ဒုတိယနှစ်ဝက်အတွင်း အေအေ အရေးသည် ဖြည်းဖြည်းချင်း အရှိန်မြင့်လာခဲ့သည်။ ပရမ်းပတာဖွဲ့စည်းထားသည့် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (အာဆာ) ၏ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း တိုက်ခိုက်မှုများကြောင့် မြန်မာစစ်တပ်ဘက်က ‘နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး’ များဖြင့် တုံ့ပြန်ခဲ့သည့်အတွက် မွတ်ဆလင်ဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။ ဤဖြစ်ရပ်နောက်ပိုင်းတွင် တည်ရှိလာခဲ့သည့် ရိုဟင်ဂျာခြိမ်းခြောက်မှုများလည်း ဆိုခဲ့ပါ ဒုတိယငါးနှစ်အတွင်း၌ပင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
၂၀၂၀ အစောပိုင်းကာလအတွင် အေအေနှင့် စစ်ပွဲအရှိန် မြင့်တက်နေချိန်၌ မြန်မာစစ်တပ်သည် ရခိုင်ပြည်တွင်းရှိ ဒေသခံတပ်ရင်းများကို အခြားဒေသများတွင် ရှိနေသော ခြေမြန်တပ်ရင်း ဆယ်ရင်းမှ အင်အားအများအပြားဖြင့် ထပ်မံအားဖြည့်ခဲ့သည်။ ရေတပ်နှင့် လေတပ်အင်အားကိုလည်း အကြီးအကျယ် အင်အားဖြည့်တင်းခဲ့သည်။
သိသာသည့်အချက်မှာ ၂၀၂၀ နိုဝင်ဘာနှင့် ၂၀၂၃ နိုဝင်ဘာအကြား သုံးနှစ်ကြာ အပစ်အခတ် ရပ်စဲခဲ့သော်လည်း ယခုလို တပ်အင်အား နေရာချထားမှုများမှာ ရပ်တန့်မသွားခဲ့ခြင်း ဖြစ်သည်။ ရှမ်းတွင် ၁၀၂၇ စစ်ဆင်ရေး မစတင်မီ အချိန်တည်းက ရခိုင်ပြည်တွင် အေအေသည် တစ်ကျော့ပြန်တိုက်ပွဲများ စတင်နိုင်သည် ဟူသည့် သတိပေးချက်များမှာ ရှိခဲ့နှင့်ပြီးဖြစ်သည်။ မြန်မာစစ်တပ်သည်လည်း နိုင်ငံတစ်ဝန်း အခြားနေရာများတွင် ဖိအားများ မြင့်တက်လာနေသည့်ကြားက ရခိုင်ပြည်နယ်တွင် ၎င်း၏ အင်အားကို ထပ်မံဖြည့်တင်းနေခဲ့သည်သာ ဖြစ်သည်။
လက်ရှိအချိန်တွင် ရခိုင်၌ မြန်မာစစ်တပ်၏ တိုက်ခိုက်ရေး တပ်အင်အား အနည်းဆုံး ၁၅၀၀၀ ခန့် နေရာချမထားနိုင်လျှင်၊ သို့မဟုတ်ပါကလည်း အလွတ်သဘော ခန့်မှန်းချက်အရ အေအေနှင့် တန်းတူပမာဏခန့် အင်အား ရှိမထားလျှင် အံ့အားသင့်ဖွယ် ဖြစ်နေပေလိမ့်မည်။
တပ်စခန်းတစ်ခုကို အောင်မြင်စွာ တိုက်ခိုက်မည်ဆိုလျှင် ထိုးစစ်ဆင်သည့်ဘက်က တပ်ဖွဲ့ဝင်အင်အားသည် အတိုက်ခံရမည့် အင်အားထက် အကြမ်းဖျင်းအားဖြင့် သုံးဆသာလွန်ပြီး သုံးအချိုးတစ် ဖြစ်ရန် လိုအပ်သည်ဟု ယူဆထားကြသည်။ ဤအချိုးအဆသည် အေအေအတွက်တော့ ကောင်းသတင်းဖြစ်ရန် ခက်သည်။ ဦးစားပေးပစ်မှတ်များတွင် အင်အားစီးမိုးနိုင်ရေးအတွက် မြန်မြန်ဆန်ဆန် တပ်ဖြန့်နိုင်ရန် အပြောင်းအရွှေ့လုပ်နိုင်သည့် အစီအမံများ၏ အရေးပါမှုကိုလည်း မီးမောင်းထိုးပြရာ ရောက်နေသည်။
ဤအချက်အပြင် မြန်မာစစ်တပ်သည် အခြားသော အားရေးပါသည့်အင်အားများလည်း ရှိထားသည်။ ပထဝီအနေအထားအရ ရခိုင်သည် ပုသိမ်၊ ရန်ကုန်ကဲ့သို့ ဗဟိုချက်မ နေရာများနှင့် နီးကပ်နေသည့်အတွက် စစ်တပ်အတွက် ရေကြောင်းနှင့် လေကြောင်းမှ ကူညီထောက်ပို့မှုများ ရရှိနိုင်သည်။
တစ်ချိန်တည်း၌ စစ်တပ်သည် လက်နက်ကိုင်များ အလွယ်တကူ မတိုက်ခိုက်နိုင်သည့် ရဟတ်ယာဉ် ဆိုက်ကပ်နိုင်သည့် ပလက်ဖောင်းကဲ့သို့ ရေပြင်အကူအညီလည်း အများအပြား ရရှိနိုင်သည်။ ၎င်းတို့အကူအညီဖြင့် မြစ်ကြောင်းတလျှောက်တွင် တပ်သားများ သယ်ယူပို့ဆောင်ခြင်း၊ မြန်မြန်ဆန်ဆန် ကင်းလှည့်ခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ စစ်တွေနှင့် အမ်းမှ ရဟတ်ယာဉ်များနှင့် ဂျက်လေယာဉ်များသည်လည်း တိုက်ပွဲဖြစ်ပွားရာ မြို့နယ်များသို့ မိနစ်ပိုင်းနှင့် အရောက်သွားကာ တိုက်ခိုက်နိုင်မည် ဖြစ်သည်။
အရေးအကြီးဆုံး ဖြစ်သော်လည်း ခန့်မှန်းရန် မဖြစ်နိုင်သည့် အချက်မှာ အရေးပါသည့် စိတ်ဓာတ်ရေးရာပိုင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်နှောင်းပိုင်း ရှမ်းပြည်စစ်ဆင်ရေးသည် စစ်ကောင်စီအတွက် စိတ်ဓာတ်ရေးရာပိုင်းတွင် အရှိုက်ကို ထိုးနှက်ခံရသလို ဖြစ်သွားသည်မှာ တကူးတက ပြောနေဖို့ပင် မလိုတော့ပေ။ ထို့ကြောင့် ရခိုင်တွင်လည်း အံ့သြဖွယ်ရာ ဆက်တိုက်ပြိုလဲမှုများ ဖြစ်မလာနိုင်ဟု လုံးလုံးလျားလျား ယူဆ၍ မရနိုင်ပေ။
ထပ်တူထပ်မျှ အရေးပါသည်မှာ ရှမ်းပြည်အခြေအနေအတိုင်း ရခိုင်တွင်လည်း မြန်မာစစ်တပ်သည် ဆက်တိုက်ရှုံးနိမ့်မှုများ ဖြစ်လာမည်ဟု တွက်ချက်ခန့်မှန်းမည်ဆိုလျှင် မှားယွင်းနိုင်သည် ဆိုသော အချက်ဖြစ်သည်။ ရှမ်းပြည်တိုက်ပွဲ ဖြစ်စဉ်တွင် ဗျူဟာပိုင်းအရ အလစ်အငိုက် တိုက်ခိုက်မှု၊ ညီနောင်မဟာမိတ် သုံးဖွဲ့အကြား ပူးပေါင်းဆောင်ရွက်မှုတို့က တိကျပြတ်သားသည့် အဖြေ ထွက်ပေါ်စေခဲ့သည်။ ရခိုင်တွင်မူ စစ်တပ်၏ တပ်ရင်းအများစုမှာ အသင့်အတင့် သစ်လွင်နေသေးသည်။ ၎င်းတို့အတွက် ထောက်ပံ့ရေးလည်း အားကောင်းသလို တိုက်ပွဲအများစု၌ တပ်များမှာ နောက်ဆုတ်စရာမရှိဘဲ ဘေးကျပ်နံကျပ် အနေအထားဖြင့် တိုက်နေကြရခြင်း ဖြစ်သည်။
အဝိုင်းခံထားရသော တပ်ရင်းများက မြို့များကို ‘ကယ်တင်’ နိုင်ရေးအတွက် တစ်မြို့လုံး ပြားပြားဝပ်သွားသည်အထိ ပြင်းပြင်းထန်ထန် အင်အားသုံး တိုက်ခိုက်လိုစိတ် ပေါ်လာအောင် ဤအချက်များ ပေါင်းစုပြီး ဖိအားပေးနိုင်ခြေ ရှိသည်။ အရပ်သားပြည်သူလူထု၏ နေရပ်စွန့်ခွာ တိမ်းရှောင်ရမှုကြောင့်လည်း ကရင်နီပြည်နယ် အရှေ့ပိုင်းတွင် ခံစားခဲ့ရသည်ထက် ပိုမိုဆိုးဝါးသည့် စာနာမှုအကျပ်အတည်းကြီး ပေါ်ပေါက်လာမည်မှာ သေချာသလောက်ရှိသည်။ ကရင်နီတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသူပေါင်း ၂ သိန်းခန့်အထိ ရှိခဲ့သည်။
ရခိုင်တိုက်ပွဲတွင် မည်သည့်ရလဒ်မျိုး ထွက်လာသည်ဖြစ်စေ စစ်အစိုးရအတွက်ကတော့ ရေရှည်အသက်ဆက်နိုင်ရေးကို အာမခံပေးနိုင်မည့်ပုံ မရှိပေ။ မြန်မာစစ်တပ်သည် ယခင်က မည်မျှပင် အရေးသာခဲ့သည်ဖြစ်စေ ယခုအခါ နိုင်ငံရေး၊ စီးပွားရေးအပြင် စစ်ရေးအရပါ ချွတ်ခြုံကျနေပြီဖြစ်သည်။ သို့သော်လည်း ရခိုင်ရလဒ်သည် မြန်မာပြည်ကြီး၏ မချိမဆံ့ဝေဒနာကြီး မည်မျှအထိ ရှည်ကြာဦးမည် ဆိုသည့်အပေါ်မှာတော့ ကြီးမားသည့် အကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်သည်။
Asia Times တွင် ဆောင်းပါးရှင် Anthony Davis ရေးသားထားသည့် Myanmar junta in a make-or-break Rakhine fight ကို ကောက်နုတ်ဘာသာပြန်ပါသည်။
စောသန္တာအေး ဘာသာပြန်သည်။