အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေရဲ့ မူဝါဒ ပြောင်းလဲကျင့်သုံးပေးဖို့ NUCC တိုက်တွန်း

အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေရဲ့ မူဝါဒ ပြောင်းလဲကျင့်သုံးပေးဖို့ NUCC တိုက်တွန်း

အာဏာသိမ်းကာလ ၃နှစ်ပြည့်မြောက်လာပြီဖြစ်တဲ့ မြန်မာ့ နွေဦးတော်လှန်ရေးမှာ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေအပြင် အာဆီယံနိုင်ငံတွေအနေနဲ့ မူဝါဒပြောင်းလဲကျင့်သုံးပေးဖို့ တိုက်တွန်းချင်တယ်လို့  အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)က ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်ထိ အိမ်နီးချင်းနိုင်ငံတချို့နဲ့ အာဆီယံနိုင်ငံတချို့ဟာ မြန်မာနိုင်ငံမှာ ဆင်နွဲနေကြတဲ့ နွေဦးတော်လှန်‌ရေးကို ထောက်ခံအားပေးတာမျိုးမရှိဘူးလို့ NUCC အဖွဲ့ကောင်စီဝင် ဦးတိုးကျော်လှိုင်က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

”လက်ရှိ အိန္ဒိယတို့၊ ထိုင်းတို့၊ တရုတ်တို့က ဒီအကြမ်းဖက်စစ်အုပ်စုနဲ့  ဒီကျနော်တို့ တစ်ဖက်ထဲဆက်ဆံတဲ့  ဆက်ဆံရေးမျိုးရှိနေတာလေး။ ဒါကျနော်တို့တွေ့နေတာဘဲ ဒီဖက်နွေဦးတော်လှန်ရေး အင်အားစုတွေကို  ကျနော်တို့ကို  ရပ်တည်ထောက်ခံတာမျိုး မရှိဘူး။ အဲ့လိုထောက်ခံတယ်လို့လည်း ထုတ်ပြောတာမျိုးလည်းမရှိဘူး။  နောက်အာဆီယံ အနေနဲ့ကလည်း တော်လှန်ရေးအင်အားစုတွေနဲ့ ပိုပြီး‌တော့မှ ပွင့်လင်းမြင်သာ၊ ဆက်ဆံညှိနှိုင်းတာမျိုး၊  ပူးပေါင်းဆောင်ရွက်တာမျိုးတွေ လုပ်ရမဲ့အချိန်ဖြစ်နေပြီလို့ တိုက်တွန်းချင်တာပါ”လို့ ဦးတိုးကျော်လှိုင်က ဆိုပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက အဖက်ဖက်မှာ ရှုံးနိမ့်မှုတွေနဲ့ စိတ်ဓါတ်ကျတာတွေကို မြင်တွေ့ရတဲ့အပြင် စစ်ကောင်စီရဲ့ တပ်စခန်း ၅၀၀ ဝန်းကျင် ဆုံးရှုံးနေတာရှိပြီလို့ ဦးတိုးကျော်လှိုင်က ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ မူဝါဒ၊ မဟာဗျူဟာ လုပ်ငန်းစဥ်တွေကို ဆွေးနွေးအတည်ပြုနိုင်ဖို့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၄ ခုနှစ် မတ်လ အတွင်းမှာ ကျင်းပဖို့ရှိတယ်လို့လည်း ဦးတိုးကျော်လှိုင်က ဆက်ပြောပါတယ်။

“ကျနော်တို့ နိုင်ငံရေးအရ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ စစ်ရေး၊နိုင်ငံရေး အပြောင်းအလဲတွေကိုပါ ကျနော်တို့ခြုံငုံ သုံးသပ်ပြီးတော့ တစ်ကယ့် နွေဦးတော်လှန်ရေးကို အမြန်ဆုံးကျနော်တို့ အဆုံးသတ်နိုင်ဖို့ရန်အတွက် အဓိကလိုအပ်တဲ့ ကျနော်တို့ မူဝါဒ၊ ၊မဟာဗျူဟာတွေ၊ လုပ်ငန်းစဉ်တွေ အဓိက ချမှတ်ပြီးတော့ ပြည်သူ့ညီလာခံမှာ ကျနော်တို့အားလုံးရဲ့သဘောတူညီချက် ရယူဖို့ဆောင်ရွက်သွားမယ်” လို့လည်း ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့  ပိုမိုခိုင်မာတဲ့ ဘုံနိုင်ငံရေး သဘောတူညီချက်တရပ်ရရှိဖို့  ဆက်လက်ဆောင်ရွက်သွားဖို့အပြင် အသွင်ကူးပြောင်းရေးကာလဆိုင်ရာ အစီအမံနဲ့  အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ၂၀၂၄ ခုနှစ်အတွင်းမှာ အမြန်ဆုံးပြီးမြောက်အောင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း NUCC က ပြောဆိုထားပါတယ်။

Most read this week

October 11, 2024
ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေဘေးသင့်ခဲ့တဲ့ ရှမ်း-ကရင်နီ နယ်စပ်ဒေသနဲ့ ကရင်နီပြည်တွင်းမှာ...
October 10, 2024
ကရင်နီ နဲ့ ရှမ်း-ကရင်နီနယ်စပ် ဒေသတွေမှာ ရာဂီမုန်တိုင်းဖြတ်သန်းမှုရဲ့ အကျိုးဆက်ကြောင့်...
October 3, 2024
စက်တင်ဘာလ ဒုတိယပတ်ကစပြီး ရေဘေးသင့်မှု ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နောက်ဆက်တွဲအနေနဲ့...