စစ်တပ်က မရိုးခုံရွာခံများအား နေအိမ်မှဖယ်ရှားခိုင်းပြီး အိမ်အလုံး(၃၀) ကျော် ထပ်မံမီးရှို့

စစ်တပ်က မရိုးခုံရွာခံများအား နေအိမ်မှဖယ်ရှားခိုင်းပြီး အိမ်အလုံး(၃၀) ကျော် ထပ်မံမီးရှို့

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မရိုးခုံကျေးရွာသို့ ယမန်နေ့ ဇန်နဝါရီလ (၂၃)ရက်နေ့ နေ့လည်ပိုင်းက ဝင်ရောက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ရွာရှိ ဒေသခံများအား နေအိမ်မှဖယ်ရှားခိုင်းပြီး အရပ်သားပြည်သူပိုင် နေအိမ်အလုံး(၃၀)ကျော်ကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

စစ်ကောင်စီတပ်များသည် မရိုးခုံရွာအနီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်ရက် ဒီဇင်ဘာလ(၂၆)ရက်နေ့က ရွာအတွင်းဝင်ရောက်လာပြီး နေအိမ်(၄၂)လုံးအား ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ယမန်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ် ဝန်းကျင်က အင်အား(၁၅၀)ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် မရိုးခုံကျေးရွာအတွင်း ထပ်မံဝင်ရောက်လာပြီး ရွာအရှေ့ပိုင်းရှိနေအိမ်များမှ စတင်ကာ အိမ်နေထိုင်သူများအား နှင်ချ၍ ဒုတိယအကြိမ် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု နီးစပ်ရာဒေသခံတစ်ဦးက ပြောသည်။

“ရွာထဲမှာလူတွေရှိနေတဲ့အချိန်ဝင်လာတာ လူနေ နေတဲ့အိမ်တွေကို အကုန်ဆင်းခိုင်းပြီး မီးရှို့တယ် ။ ရွာအရှေ့ပိုင်းလောက်ကစရှို့တာ အရှေ့ပိုင်းမှာနေတဲ့အဖွားတစ်ယောက်ကို အိမ်ပေါ်ကနေဆင်းခိုင်းတော့ အဲ့အဘွားက ရှို့ချင်လည်းရှို့သွားတော့ သူကတော့လေဖြတ်နေလို့ဘယ်မှမသွားနိုင်ဘူးဆိုပြီး ပြောတော့ အဲ့တစ်အိမ်ပဲချန်ခဲ့လိုက်တယ်။ အိမ်ခြေကတော့ စုစုပေါင်း(၃၀)ကျော်လောက်ပါသွားတယ်။” ဟု ၎င်းက ကေအိုင်စီကို ယနေ့ ပြောသည်။

တိုက်ပွဲပဋိပက္ခဖြစ်ပွားခြင်းမရှိဘဲ မရိုးခုံရွာရှိအရပ်သားနေအိမ်များအား နှစ်ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီး ခဲ့သော စစ်ကောင်စီတပ်များက ထိုနေ့တွင်ပင် ကျေးရွာမှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ဒေသခံများသည်လည်း တောတောင်များအတွင်း တိမ်းရှောင်နေထိုင်ရသည့် အခြေအနေဖြစ်ကြောင်း နယ်မြေအခြေစိုက်တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ယခု ဇန်နဝါရီလဆန်းပိုင်းက ရေတာရှည်မြို့နယ်အပါအဝင် ပဲခူးတိုင်းဒေသကြီး ကျေးရွာ အများစုရှိဒေသခံများအား ပြည်သူ့စစ်သင်တန်းတက်ရန် စစ်ကောင်စီက လူအင်အား လိုက်လံစုဆောင်းမှုများလုပ်ဆောင်နေသည်တွင် မရိုးခုံရွာလည်း ပါဝင်သည့်အတွက် လူအင်အားစုဆောင်းမှုအတွင်း ပါဝင်ရမည်ကိုစိုး၍ ရွာရှိအမျိုးသားများ ရှောင်တိမ်းနေရချိန်တွင် ယခုလိုဖြစ်ပွားခဲ့သည်ဟု တော်လှန်ရေးအင်အားစုများဘက်က‌ ပြောသည်။

တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃၅၀၁ ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်နတ်မောက်က “မရိုးခုံကိုလည်း ပြည်သူ့စစ်သင်တန်းတက်ဖို့လူတောင်းတယ်လေ။ ရွာကယောက်ျားသားတွေကို တောထဲမှာစနွင်းတူးတယ်လို့ပြောထားပြီး ရှောင်နေကြတာ ရွာမှာကအမျိုးသမီးတွေနဲ့ကလေးတွေပဲ အိမ်စောင့်ကျန်တယ်။ အဲ့လိုနေရင်းနဲ့မှဖြစ်တာ ရွာကလူတွေလည်းအခုရှောင်နေရတယ်။ ဒဏ်ရာရတဲ့လူတော့မရှိဘူး ။  လူတွေကိုအန္တရာယ်တော့မပေးဘူး ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီအနေဖြင့် လူအင်အားစုဆောင်းမရသဖြင့် ရွာရှိနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဟုတ်မ ဟုတ်ကိုမူ မသိရှိရသေးကြောင်း ရဲဘော်နတ်မောက်က ဆက်ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁၄) ရက်နေ့ကလည်း ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့ရှိ မအူကွင်းရွာနှင့် တောင်ခမောက်ရွာတို့အား ပြည်သူ့စစ်သင်တန်းအတွက် စစ်ကောင်စီက လူစာရင်းကောက်ခံရာတွင် စာရင်းတင်မပေးလာသဖြင့် ရွာနှစ်ရွာရှိ နေအိမ်(၁၀၀)ကျော်အား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ(၄၀၀)ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။

စစ်တပ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ များကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့်  မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်စုစုပေါင်း (၇၈,၇၃၇)လုံး ရှိပြီဖြစ်ကြောင်း Data for Myanmar ၏ မှတ်တမ်းများအရ သိရသည်။

Most read this week

October 14, 2024
ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...