ပူတာအိုခရိုင်အတွင်းက ကျေးလက်ဒေသတွေမှာ ဆေးဝါးလက်လှမ်းမမီဘဲ ဆေးကုသဖို့ အခက်အခဲဖြစ်နေ

ပူတာအိုခရိုင်အတွင်းက ကျေးလက်ဒေသတွေမှာ ဆေးဝါးလက်လှမ်းမမီဘဲ ဆေးကုသဖို့ အခက်အခဲဖြစ်နေ
ပူတာအိုဒေသတချို့တွင် နယ်လှည့်ဆေး၀ါး သွားရောက်ကုသခဲ့ပေးခဲ့စဉ်။
ပူတာအိုဒေသတချို့တွင် နယ်လှည့်ဆေး၀ါး သွားရောက်ကုသခဲ့ပေးခဲ့စဉ်။

လက်ရှိအချိန် ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်အတွင်းက ကျေးလက်ဒေသတွေဘက်မှာ ဖျားနာမှုတွေဖြစ်ပွားနေပေမဲ့ အဲဒီဒေသတွေဘက် ဆေးရုံ၊ဆေးပေးခန်းတွေ မရှိတာကြောင့် ဒေသခံတွေ ဆေးကုသခံယူဖို့ အခက်တွေ့နေရတာပါ။

ကျေးလက်ဒေသတွေမှာ ရာသီအပြောင်းအလဲကြောင့်ဖြစ်တဲ့ ဖျားနာမှုတွေအပြင် ဝမ်းနဲ့ ဆိုင်တဲ့ရောဂါဖြစ်ပွားမှုနဲ့ ငှက်ဖျားဖြစ်ပွားမှုတွေ အဖြစ်များနေတယ်လို့ ကျေးလက်ဒေသတွေဘက် ဆေးဝါးသွားရောက်ကုသတဲ့ ကချင်နယ်လှည့် ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ရဲ့ တာဝန်ခံက ဆိုပါတယ်။

"ဖျားနာမှုက တော်တော်များတယ်။ ကာကွယ်ဆေးမရလို့ ဖြစ်တဲ့ရောဂါတွေဖြစ်တယ်။ ငှက်ဖျားအဖြစ်များတယ်။ ဆေးဝါးတွေမရောက်ဘူး။ တခြားအကူအညီတွေလည်း ရှိမနေဘူး" လို့ အထက်ပါတာဝန်ခံက ဆိုပါတယ်။

ကျေးလက်ဒေသက ပြည်သူတွေဟာ ဖျားနာမှုတွေရှိပြီဆိုရင် ဒေသတွင်းက တတ်သိတဲ့သူနဲ့ပဲ ကုသနေကြသလို ဆေးဝါးအဖြစ်လည်း ဒေသဆေးဝါးတွေပဲ အသုံးပြုနေကြတာပါ။

ပုဂ္ဂလိက ဆေးခန်းဖွင့်တဲ့သူတွေမရှိတဲ့ ကျေးလက်ဒေသတွေဘက်မှာ ဆေးဝါးသွားရောက်ကူညီတဲ့ အဖွဲ့အစည်းတွေရောက်ရှိတာလည်း နည်းပါးပါတယ်။

အဲဒီဒေသတင်မက ခေါင်လန်ဖူးမြို့ကနေ ညအိပ်ခရီးသွားရတဲ့ နယ်စပ်တစ်လျှောက်ကျေးရွာတွေက ဒေသခံတွေလည်း ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းနဲ့ ပတ်သက်ပြီး အားနည်းသလို ဆေးကုသဖို့အတွက် ခေါင်လန်ဖူးမြို့ဘက်ထိလာပြီး ကုသရတဲ့ အခြေအနေတွေရှိနေပါတယ်။

ဆေးခန်းပြဖို့နေရာမရှိသလို လိုအပ်တဲ့ဆေးဝါးလည်း လက်လှမ်းမမီတဲ့ အခြေအနေတွေဖြစ်နေတယ်လို့ ခေါင်လန်ဖူးနယ်စပ်‌ဒေသဘက်နဲ့ အဆက်အသွယ်ရှိတဲ့ ပူတာအိုဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

"ကျန်းမာရေးကတော့ တော်တော်ဆိုးတယ်။အဲဒီဘက်က ဝမ်းပျက်ဝမ်းလျှောဖြစ်တာများတယ်။ ကလေးမိခင်တွေ ဆေးခန်းပြမယ့်နေရာလည်း မရှိဘူး။ ကလေးမွေးရင်လည်းဒီတိုင်းပဲ။ ဆေးတွေလည်းမရှိ။ အထူးသဖြင့် နယ်စပ်တကြောမှာ ဆေးခန်းတွေမရှိဘူး"လို့ ဆိုပါတယ်။

ကျေးရွာအုပ်စု သုံးလေးခုပေါင်းမှ ဆေးပေးခန်း တစ်ခုလောက်သာရှိသလို ကျန်းမာရေးဝန်ထမ်းတွေလည်း မရှိတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းနဲ့ ပတ်သက်ပြီး နယ်စပ်တစ်ကြောက ဒေသခံတွေဟာ အရင်ကတည်းက ခက်ခဲနေတာဖြစ်ပေမဲ့ ဒီနောက်ပိုင်း ပိုပြီးအခက်အခဲကြုံနေရတယ်လို့ ပြောပါတယ်။

ပူတာအို၊ မချမ်းဘော့မြို့နယ်အတွင်းက ကျေးလက်ဒေသတွေသာမက ဆွမ်ပရာဘွမ်ဒေသနဲ့ တခြားမြို့နယ်က ကျေးလက်ဒေသတွေမှာ ငှက်ဖျားဖြစ်ပွားမှုတွေများနေတယ်လို့ သိရပါတယ်။

သွားရောက် ဆေးကုသတဲ့ ကျေးလက်ဒေသတွေဘက် ငှက်ဖျားဖြစ်ပွားမှုတွေ ရှိနေပေမဲ့ ငှက်ဖျားနဲ့ဆိုင်တဲ့ ဆေးဝါးပစ္စည်းတွေပြတ်လပ်နေတာကြောင့် ဖြစ်တဲ့လက္ခဏာကို သက်သာအောင်ပဲ အကူအညီပေးနိုင်ပြီးတော့ အမြစ်ပြတ်အောင် အကူအညီပေးနိုင်တာမျိုးမရှိတဲ့ အခြေအနေဖြစ်နေတာလို့ ကချင်နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ရဲ့ တာဝန်ခံက ဆက်လက်ရှင်းပြပါတယ်။

"စစ်တဲ့ပစ္စည်းပြတ်တယ်။ ငှက်ဖျားဆေးပြတ်တယ်။ငှက်ဖျားဆေးကို မစားလိုက်ရတော့ အမြစ်မပြတ်တာပေါ့။ သံသယဖြစ်လို့ ၁၀ ယောက်ဖောက်စစ်ရင် ဖောက်ပြီဆိုတာနဲ့ ရှစ်ယောက်လောက်က Positive(ပိုးတွေ့)ဖြစ်တယ်။"လို့ ဆိုပါတယ်။

ငှက်ဖျားနဲ့ပတ်သက်တဲ့ ပစ္စည်းတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရရှိဖို့ခက်ခဲနေတာဖြစ်ပြီး အရင်က ပြည်နယ်ရုံးတွေကနေ အကူအညီတောင်းလို့ရပေမဲ့ လက်ရှိမှာတော့ ပြည်နယ်ရုံးမှာကို ပြတ်လပ်တဲ့ အခြေအနေတွေရှိနေတာလို့ သိရပါတယ်။

ဆေးရုံ၊ဆေးခန်းတွေ သေချာမလည်ပတ်နိုင်တော့တဲ့အတွက် ကျေးလက်ဒေသက ကလေးငယ်တွေဟာ ဒီနောက်ပိုင်း ကာကွယ်ဆေးရရှိမှု မရှိသလောက် နည်းပါးသွားတယ်လို့ သိရပါတယ်။

လက်ရှိ ပူတာအိုဒေသဘက်မှာသာမက တခြားဒေသတွေမှာလည်း ကလေးငယ်တွေ ကာကွယ်ဆေး မရရှိတဲ့အတွက် ဖျားနာမှုဖြစ်ပွားတာတွေရှိနေတယ်လို့ တာဝန်ခံဆရာက ဆက်လက်ပြောပါတယ်။

"ဝက်သက်ဖြစ်တာတွေ အရေပြားနဲ့ဆိုင်တာတွေ၊ ကာကွယ်ဆေးနဲ့ ကာကွယ်တဲ့ရောဂါတွေ တော်တော်ဖြစ်တယ်။ သူတို့ ကာကွယ်ဆေးမရတော့ ဝက်သက်တွေ ရွာလုံးကျွတ်ဖြစ်တာမျိုး၊ အဖျားတက်တယ်။ အရေပြားအနီဖုဖြစ်တာတွေက နေရာတိုင်းလိုလိုဖြစ်တယ်။"လို့ ပြောပါတဘ်။

အရင်ကတော့ မြို့နယ်ကျန်းမာရေးဌာနတွေဘက်က ကျေးလက်ဒေသဘက်သွားပြီး ကာကွယ်ဆေးထိုး တိုက်ကျွေးတာတွေရှိပေမဲ့ ဒီနောက်ပိုင်းမှာတော့ မရှိသလောက် နည်းပါးသွားသလို ကျေးလက်ကျန်းမာရေးဌာတွေလည်း သေချာလည်ပတ်နိုင်တာမျိုး မရှိတော့တဲ့ အခြေအနေဖြစ်နေတာပါ။

ကလေးသူငယ်တွေပဲ ကာကွယ်ဆေးရရှိမှု နည်းပါးသွားတာမဟုတ်ပါဘူး။ အဲဒီကျေးလက်ဒေသဘက်က ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင်လည်း ဒီနောက်ပိုင်း ကိုယ်ဝန်စောင့်ရှောက်မှုတွေ မရတော့သလို လက်သည်နဲ့ပဲ မွေးဖွားရတဲ့အခြေအနေတွေနဲ့ တချို့ဆိုရင် မီးဖွားဖို့အတွက် ခက်ခဲတာတွေအထိ ရှိနေပါတယ်။

ပူတာအို မချမ်းဘော့ ခေါင်လန်ဖူးမြို့နယ်တွေသာမက ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်မြို့နယ်က ကျေးလက်ဒေသဘက်တွေမှာလည်း ဆေးဝါးလိုအပ်မှုတွေရှိနေပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတဲ့ ကျေးလက်ဒေသတွေဘက် သွားရောက်ပြီး ဆေးဝါးကုသတဲ့အဖွဲ့တွေမှာလည်း ဆေးဝါးလုံလောက်တာမရှိတဲ့အတွက် အခက်အခဲကြုံနေရတာဖြစ်ပါတယ်။

Most read this week

October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...
September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...