ပလက်၀မြို့ကို ရက္ခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းထုတ်ပြန်

ပလက်၀မြို့ကို ရက္ခိုင့်တပ်တော် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းထုတ်ပြန်
ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကာလ နှစ်လပြည့်သော ၂၀၂၄  ခုနှစ် ဇန်နဝါရီ ၁၄ ရက်ထုတ်ပြန်သည့် အောင်ပွဲရ အထိမ်းအမှတ်ဓာတ်ပုံများ
ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကာလ နှစ်လပြည့်သော ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်ထုတ်ပြန်သည့် အောင်ပွဲရ အထိမ်းအမှတ်ဓာတ်ပုံများ

ရက္ခိုင့်တပ်တော် ( AA) သည် ပလက်၀မြို့ အခြေစိုက် ခလရ (၂၈၉) တပ်ရင်းအပါအဝင် စစ်စခန်းများအားလုံးကို သိမ်းပိုက်ပြီး ပလက်၀မြို့ အပါအဝင် ပလက်၀ ဒေသတစ်ခုလုံးကို အပြီးတိုင် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက်ကသတင်းထုတ်ပြန်သည်။ ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

တိုက်ပွဲသတင်းများ ထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်

"ရောမမြို့ကို တစ်ရက်တည်းဖြင့် တည်ဆောက်၍မရ" ဆိုသကဲ့သို့ ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်းရှိ ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရရှိခဲ့သော ဗျူဟာစခန်းများ၊ အထိုင်ချစခန်းများနှင့် လက်နက်ကြီးစခန်းများအပါအဝင် အားလုံးသော စခန်း သိမ်းတိုက်ပွဲတိုင်းသည် လွယ်လင့်တကူ အသာတကြည်ရရှိခဲ့သော စခန်းများတစ်ခုမှမရှိခဲ့ပေ။  

အာရက္ခစစ်သည်တော်များ၏ ထိုက်သင့်သောပေးဆပ်မှု၊ စွန့်လွှတ်စွန့်စားသော စစ်သည်တော်များ၏ သတ္တိပြောင်မြောက် စွာတိုက်ပွဲဝင်နိုင်မှု၊ ပေးအပ်လာသောအမိန့်နှင့် တာဝန်ကို ကျေပွန်မှု၊ စစ်ဒေသအချင်းချင်း ချိတ်ဆက်တိုက်ပွဲဝင်နိုင်မှု နှင့် ရန်သူ၏အားနည်းချက်ကို အမိအရဖမ်းဆုပ်ရယူနိုင်မှုများဖြင့် ရယူခဲ့သောစခန်းများဖြစ်ကြသည်။ တခြားတစ်ဖက်တွင် လည်း ဆက်စပ်တိုက်ပွဲများ၊ ဟန်ချက်ညီတိုက်ပွဲများဖြင့် ရန်သူ၏စခန်းများကို တစ်ခုပြီးတစ်ခု ဗျူဟာကျစွာဖြင့် သိမ်းပိုက် ခဲ့ခြင်းဖြစ်သည်။  

ရက္ခိုင်ပြည်မြောက်ပိုင်း၏ အရေးပါသောမြို့ကြီးများအား ရန်သူ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ စစ်ကောင်စီ၏အရေးကြီးပြီး အဓိကကျသော ဗျူဟာကုန်း၊ အထိုင်ချစခန်းကုန်းများနှင့် ပြည်သူလူထုကို နှစ်ရှည်လများ ဒုက္ခပေးနေသော လက်နက်ကြီးစခန်းကုန်းများ ကို မိမိတို့ ရက္ခိုင့်တပ်တော်မှလည်း ပြင်းထန်သော ထိုးစစ်ဆင်တိုက်ခိုက်မှုများဖြင့် ရယူသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ပလက်ဝဒေသအတွင်း စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင်စတင်ခဲ့ပြီး တရွန်အိုင် နှင့် နှုံးဘူး ဗျူဟာနှစ်ခုစလုံးကို ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ဤထိုးစစ်မစခင်ကတည်းကပင် မိမိတို့သည် ရက္ခိုင်နှင့် ပလက်ဝဒေသရှိ စစ်ကောင်စီ၏ ဗျူဟာကုန်း၊ အထိုင်စခန်းကုန်းအများအပြားကို နှစ်ရှည်လများ ဗျူဟာ မြောက်စွာ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားခဲ့ပြီး အဆိုပါစခန်းများအား ယခုအချိန်တွင်မှ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် ချေမှုန်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  

ထို့ကြောင့် စစ်ကောင်စီ၏ စခန်းများဖြစ်ကြသော (၁)၊ (၂)၊ (၃)၊ (၄)၊ (၅) နှင့် (၆) အစရှိသောစခန်းများကို ဗျူဟာမြောက် စွာဖြင့် စနစ်တကျ တစ်ခုပြီးတစ်ခု ခက်ခက်ခဲခဲသိမ်းပိုက်ရယူနိုင်ခဲ့သည်။ ဤကဲ့သို့ သိမ်းပိုက်ရရှိပြီးနောက်မှသာ ပလက်ဝမြို့တစ်မြို့လုံးကို နောက်ဆုံးတွင်မှ အလုံးစုံသိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သကဲ့သို့ အောင်မြင်စွာထိန်းချုပ်ထားနိုင်ပြီ လည်း ဖြစ်သည်။  

ပလက်ဝမြို့ ပတ်ဝန်းကျင်တွင် ခလရ (၂၈၉) တပ်ရင်းဌာနချုပ်၊ စကခ(၁၉) ရှေ့တန်းတပ်မဌာနချုပ်နှင့် တပ်မ(၁၁) လက်အောက်ခံတပ်ရင်းများသည် ပလက်ဝမြို့ကို ဗဟိုပြု၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် တပ်ဖြန့်ထားလျက်ရှိသည်။  

ခလရ (၂၈၉) တပ်ရင်းဌာနချုပ် သည် ပလက်ဝဒေသတစ်ခုလုံးရှိ ၎င်းတို့၏တပ်စခန်းများအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော အဓိကတပ်မဌာနချုပ်တစ်ခုဖြစ်ပြီး တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေသည့် စစ်ဗျူဟာ ကုန်းကြီး လည်းဖြစ်သည်။  

ပလက်ဝဒေသအတွင်းရှိ တပ်ရင်းများနှင့် ပလက်ဝဒေသအတွင်း အခြေချလှုပ်ရှားနေသော စကခ(၁၉) နှင့် တပ်မ (၁၁) တို့မှ တပ်မမှူးများအားလုံးသည် ပလက်ဝမြို့တွင် အတူရှိနေကြပြီး ၎င်းနေရာမှ ကွပ်ကဲအုပ်ချုပ်နေသောကြောင့် ပလက်ဝမြို့သည် အကြီးဆုံးဗျူဟာစခန်းကုန်းလည်း ဖြစ်သည်။  

ပလက်ဝမြို့ အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၈၉) တပ်ရင်းဌာနချုပ် အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်၊ နံနက် (၇) နာရီ (၁၀) မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ရန်သူ့လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့သည်။  

ဤ ခလရ (၂၈၉) တပ်ရင်းဌာနချုပ် သည် ပလက်ဝဒေသအတွင်း မိမိတို့ ဝန်းရံပိတ်ဆို့ဖြတ်တောက်ထားသည့် စခန်း များစွာထဲမှ နောက်ဆုံးလက်ကျန်သိမ်းပိုက်ရန် ကျန်ရှိနေသေးသောစခန်းကြီးလည်း ဖြစ်သည်။ ထို့အပြင် ဤတပ်ရင်း ဌာနချုပ်သည် စစ်ကောင်စီ၏ ပလက်ဝဒေသတစ်ခုလုံး၏ စစ်ဆင်ရေးကို စီမံခန့်ခွဲညွှန်ကြားနေသော ဌာနချုပ်စခန်း ဖြစ်သည့်အပြင် ပလက်ဝဒေသတစ်ခုလုံးနှင့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်- မြန်မာ (ပလက်ဝ) သုံးနိုင်ငံ နယ်စပ်အထိ ၎င်းတို့၏ စစ်စခန်းများသို့ ထောက်ပို့ပေးနေသော ထောက်ပို့ဗျူဟာကုန်းကြီးလည်း ဖြစ်သည်။

ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နှမဒါဗျူဟာ နှင့် ခန်ခတောင်ဗျူဟာ စခန်းနှစ်ခုထဲမှ ခန်ခတောင်ဗျူဟာ စခန်းကိုလည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ဤ ခန်ခတောင်ဗျူဟာ မှ ရန်သူများမှာ အိန္ဒိယနိုင်ငံ ဘက်အတွင်းသို့ ထွက်ပြေးသွားခဲ့ကြသည်။  

ပလက်ဝဒေသအတွင်းမှ တစ်ခုတည်းသော မိမိတို့ နောက်ဆုံးသိမ်းပိုက်ရန်ကျန်ရှိနေသေးသော "နှမဒါဗျူဟာ မှ ဗျူဟာစခန်းကိုလည်း ယနေ့၊ ဇန်နဝါရီလ (၁၄) ရက်၊ နေ့လည် (၃) နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ပြီး ဖြစ်သည်။ ထို့ကြောင့် ယနေ့မှစ၍ ပလက်ဝဒေသတစ်ခုလုံးမှာ စစ်ကောင်စီလုံးဝကင်းစင်သောဒေသ ဖြစ်လာခဲ့ပြီဖြစ်သည်။  

ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းများ တစ်ခုမကျန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ယောက်မှမရှိရလေ အောင် မိမိတို့မှ ထိုးစစ်ဆင်တိုက်ခိုက်ပြီးသည့်နောက်တွင် ပလက်ဝဒေသတစ်ခုလုံး၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား နှင့် စစ်ကောင်စီ၏အာဏာစက် လုံးဝချုပ်ငြိမ်းသွားပြီဖြစ်သည်။ တစ်နည်းအားဖြင့် ပလက်ဝဒေသတစ်ခုလုံးအား ရက္ခိုင့် တပ်တော်မှ အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သည်။  

အခြားတစ်ဖက်တွင် တစ်ယောက်ချင်း (သို့မဟုတ်) အုပ်စုငယ်များဖြင့် ထွက်ပြေးလွတ်မြောက်နေသော ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်နက်ဖြင့် (သို့) လက်နက်မဲ့ဖြင့် ရှိနိုင်သောကြောင့် ပလက်ဝဒေသအတွင်း မိဘပြည်သူ များအနေဖြင့် အထူးသတိထားကြရန်နှင့် အသွားအလာများရှိပါက သတိထားသွားလာကြရန်လည်း အလေးအနက် သတိပေးအပ်ပါသည်။  

မိမိတို့အနေဖြင့် ပြည်သူတို့၏ အသက်၊ အန္တရာယ် ၊ အိုးအိမ်၊ စည်းစိမ်တို့ကို ယခုထက်ပိုမိုလုံခြုံစိတ်ချစေရန်အတွက် အဆိုပါ ထွက်ပြေး လွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်မှ လိုက်လံချေမှုန်းတိုက်ခိုက် လျက်ရှိသည်။

October 14, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို...
October 12, 2024
စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) လက်အောက်ရှိ ခမရ(၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသော...
October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...