ကော့ကရိတ်ဒေသတွင်း ကျေးရွာများသို့ နေ့ညမပြတ် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ် ဆက်လက်လုပ်ဆောင်နေ

ကော့ကရိတ်ဒေသတွင်း ကျေးရွာများသို့ နေ့ညမပြတ် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ် ဆက်လက်လုပ်ဆောင်နေ

ကော့ကရိတ်ဒေသအတွင်း စစ်ကောင်စီတပ်များမှ ကော့ကရိတ်မြို့ထဲအပါအဝင် ကျုံဒိုး၊ တောင်ကြာအင်း ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဗုံးကြဲတိုက်ခိုက်ခြင်းများ နေ/ည မပြတ် တိုက်ခိုက်မှုဆက်လက်လုပ်ဆောင်နေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

ကော့ကရိတ်၊ တောင်ကြာအင်းနှင့် ကျုံဒိုးဒေသအခြေစိုက် စစ်ကောင်စီတပ်များသည် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် PDF တပ်များ ၎င်းတို့ တပ်စခန်းအနား ကပ်လာပြီး တိုက်ခိုက်မခံရရေးအတွက် နေရောညပါ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်တစ်ခုက ယခုလို ပြောသည်။

“စစ်တပ်က ကင်းထောက်ဒရုန်းတွေ ပျံတယ်၊ ကင်းထောက်တယ်။ နေရာတွေ သိပြီးဆို ဒရုန်း လေယာဉ်နဲ့ လက်နက်ကြီးဗုံးသီးတွေ ကြဲချတာ၊ တာဝေးပစ်လက်နက်ကြီးနဲ့ ပစ်တာတွေ လုပ်နေတယ်။ PDF တွေ ထိတာသေတာ ရှိတယ်။ အရပ်သားစစ်ရှောင်နေရာတွေ ဘုန်းကြီးကျောင်းတွေ၊ ရွာထဲတွေ ကျလို့ ရွာသား ထိတာလည်းရှိတယ် ”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ယခု ကော့ကရိတ် မြို့သိမ်းတိုက်ပွဲ တစ်လကျော်အကြာကာလအတွင်း စစ်တပ်နေရာများမှ တပ်ပြင်သို့ စစ်ကြောင်းထိုး နယ်မြေရှင်းလင်း တိုက်ခိုက်မှုပုံစံမျိုး မရှိတော့ဘဲ စစ်တပ်ဘက်က ဒရုန်းလေယာဉ်နှင့် ကင်းထောက်ပျံသန်း ထောက်လှမ်းမှု၊ ဒရုန်းဗုံးကြဲတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာသည်ဟု ကော့က ရိတ်မြို့တွင်းအနီးရှိ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းက “အခု စစ်တပ်က ချောင်းတောင်ဒုံးကွင်းခံစစ်ကတုတ်၊ ရဲစခန်း၊ ၉၇ တပ်၊ တောင်ပေါ်ကျောင်း BGF တပ်၊ လှိုင်ဝကုန်းနေရာတွေအနီးမှာ ပြောက်ကျားပိတ်ဆို့ တိုက်ခိုက်တာတွေ လုပ်နေတယ်၊ စစ်တပ်က ဒရုန်းကင်းထောက်ပျံနေတယ်။ ပြီးရင် ဗုံးလာကြဲတယ်လေ။ အောက်က PDF တွေ ထိခိုက် တာ တော့ရှိတယ်။ ကိုယ့်ဘက်က စနိုက်ပါပစ်တာ၊ ဒရုန်းနဲ့ ပြန်ဗုံးကြဲတာမှာလည်း သူတို့စစ်တပ်က ထိတာ၊ သေတာတွေ ရှိတယ်။ အလစ်မပေးရဲကြဘူး၊ စစ်ဆိုင်ထားတဲ့ သဘောဖြစ်နေတုန်းပဲ ”ဟု ပြောသည်။

လက်ရှိ ကော့ကရိတ်မြို့ တိုက်ပွဲ ရက်ရှည်ကြာလာသည်နှင့်အမျှ စစ်တပ်က မီးရှို့ခြင်းနှင့် လက်နက်ကြီး ကျပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးသွားသော အိမ်ခြေအလုံးတစ်ရာနီးပါးရှိလာနေပြီးဟု မြို့ခံများက ပြောသည်။

Most read this week

October 14, 2024
ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...