“မိုခါ” မုန်တိုင်းကြောင့် ပျက်စီးမှုများ ၈ လကြာသော်လည်း မပြင်ဆင်နိုင်သေး

“မိုခါ” မုန်တိုင်းကြောင့် ပျက်စီးမှုများ ၈ လကြာသော်လည်း မပြင်ဆင်နိုင်သေး
မောင်သာဖြူ (ရသေ့တောင်မြို့နယ်၊ လောင်းချောင်းကျေးရွာ နှင့် ဒိုးဝေချောင်း ကူးတို့ဆိပ်ဇရပ် ပြင်ဆင်နေပုံ)
မောင်သာဖြူ (ရသေ့တောင်မြို့နယ်၊ လောင်းချောင်းကျေးရွာ နှင့် ဒိုးဝေချောင်း ကူးတို့ဆိပ်ဇရပ် ပြင်ဆင်နေပုံ)

‘မိုခါ’ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး ၈ လကြာပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသ များက ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ၊ ကျေးလက်ဆေးခန်းများ ယနေ့အချိန်ထိ မပြင်ဆင်နိုင်သေး ဟု ဒေသခံများက ပြောသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလခန့်အထိ ဒေသတွင်းရှိ မြို့ပေါ်က ဆေးရုံများကိုသာ ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြပြီး ကျေးလက်ရှိဆေးခန်းများကို ပြင်ဆင်နိုင်ခြင်း မရှိခဲ့ဘူးဟု ရခိုင်ပြည်သူများက ပြောသည်။

မြောက်ဦးမြို့နယ်၊ ဂုဏ်ကျွန်းကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက “ကျမတို့က ရွာကပါ၊ မြို့ပေါ်က မဟုတ် ဘူး။ မြို့ပေါ်က အဆောက်အအုံတွေက ပြင်ပြီးကုန်ပြီ။ ကျမတို့ရွာကတော့ မပြင်နိုင်ဘူး။ ဆေးခန်းဆို ဒီအတိုင်း ပဲ။ ဖွင့်တောင် မဖွင့်ထားဘူး။ မိုခါပြီးတာနဲ့ တိုက်ပွဲက ပြန်ဖြစ် ဘာအခုလည်း အဆင်မပြေဘူး။ အခုတောင် ဖုန်း ပြောတာ မြေတွင်းထဲကနေ ပြောနေရတာ။ လက်နက်ကြီးတွေကို နေ့တိုင်းပစ်နေကြတာ” ဟု ပြောသည်။

‘မိုခါ’ ဆိုင်ကလုန်းမုန်တိုင်းအလွန်တွင် ရခိုင်ပြည်တွင်းရှိ ဝေးလံခေါင်ဖျားသည့် ဒေသများတွင် အကူအညီများစွာ လိုအပ်ခဲ့သော်လည်း စစ်ကောင်စီက ထိရောက်သည့် ကူညီပံ့ပိုးမှုများ မလုပ်နိုင်ခဲ့သည့်အပြင် NGO/INGO နှင့် လူမှုကူညီရေး အသင်းအဖွဲ့များကိုလည်း ကန့်သတ်မှုများ လုပ်ခဲ့ကြသည်။

အထက်ပါ ဒေသခံ အမျိုးသမီးက “ကျမတို့ရွာဆို အားလုံးနီးပါး ကိုယ်ထူကိုယ်ထပဲ လုပ်ကြတာပါ။ အစိုးရကို စောင့်လည်း ရောက်မလာ။ ကျောင်းရော၊ တခြားဘော်ဒါဆောင်ရော အားလုံးပဲ ကိုယ့်ဟာကိုယ်ပဲ လုပ်ကြ တယ်။ အိမ်တွေမှာလည်း မပြင်ဘဲ ထားလို့မှ မရတာ။ အခုက သံတွေလည်းစျေးကြီးတယ်။ သွပ်လည်းစျေး ကြီးတယ်။ ဝယ်ဖို့တောင် ရောင်းမယ့်လူမရှိဘူး။ အားလုံးကိုယ့်အားနဲ့ပဲ ကိုယ်လုပ်ကြတာပါ” ဟု ဆက် ပြော သည်။

မြောက်ဦးမြို့နယ်ထဲက မြို့နှင့်အလှမ်းဝေးသော မုန်တိုင်းသင့်ကျေးရွာများတွင် ယနေ့အချိန်ထိ ပြန်လည်ထူ ထောင်ရေး လုပ်ငန်းများ မလုပ်နိုင်သေးသည့်အပြင် အချို့မှာ တာလပတ်များ ကာပြီး နေနေကြရသည်များပင် ရှိနေသည်ဟု ဒေသခံများက ဆိုကြသည်။

မြောက်ဦးမြို့နယ်ထဲက ကျေးရွာများနည်းတူ ရသေ့တောင်မြို့နယ်ဘက်က ကျေးလက်ဒေသများ၌ပါ ယနေ့အချိန်ထိ ပြုပြင်နိုင်မှု မရှိသေးသည့် ကျေးလက်ဆေးခန်းများ၊ ကျောင်းဆောင်များ၊ ဘုန်းကြီးကျောင်းများ ရှိနေသေးသည်ဟု ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာက ဒေသခံအမျိုးသား တစ်ဦးက “ကျနော့် သမီးလည်း သူနာပြုပါ၊ သူ ဆေးခန်း ထိုင်ရတဲ့ ကျေးလက်ဆေးခန်းလည်း အခုထိ မပြင်နိုင်ဘူး။ ကျနော်တို့ ရသေ့တောင်မှာက မြို့ပေါ် မှာတော့ ပြင် ဆင်ပြီးပြီ။ ရွာတွေမှာပဲ မပြင်နိုင်သေးတာ” ဟု ပြောသည်။

ထို့ကြောင့် “အခုက ဆရာမတွေက လူနာရှိတဲ့နေရာကို သွားရတယ်။ ရွာသားတွေ လာခေါ်ရင် အိမ်တွေမှာ ဆေး လိုက်ကုပေးတယ်။ အဲ့လိုပဲ မိုခါပြီးကတည်းက။ တိုက်ပွဲဖြစ်လာတော့ ရွာမှာ ဘယ်သူမှ ကြာကြာ မနေရဲကြ ဘူး။ အခုတောင် ရွာမှာမဟုတ်ဘူး။ တခြားမှာ ခဏသွားနေလိုက် ပြန်လာလိုက် အဲ့လိုပဲ။ ဒီကြားထဲ ပြန် ပြင်နိုင် ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး” ဟု အဆိုပါ ဒေသခံ အမျိုးသားက ဆက်ပြောသည်။

၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် ‘မိုခါ’ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်ထဲက ကျေးရွာပေါင်း မြောက်များစွာ ပျက်စီးဆုံးရှုံးခဲ့ပြီး လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ခဲ့ သည်။

ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် မုန်တိုင်းခိုနေသော ကျေးရွာသား ၁၃ ဦးမှာ ဓမ္မာရုံပြိုကျပျက်စီးမှုကြောင့် သေဆုံးခဲ့ရကြောင်း ကျေးရွာသားများက ပြောသည်။

အင်အားပြင်း ‘မိုခါ’ ဆိုင်ကလုန်မုန်တိုင်းကြောင့် ရခိုင်ပြည်၌ လူဦးရေပေါင်း ၁၃၆ ဦး သေဆုံးကာ ဒဏ်ရာ ရသူ ၆၂ ဦးနှင့် အဆောက်အအုံပေါင်း ၂၄၁,၀၇၁ ပျက်စီးခဲ့သည်ဟု မေလ ၁၉ ရက်နေ့တွင် ပြည်နယ်ကောင်စီ ပြောခွင့် ရ ဦးလှသိန်းက ၎င်း၏လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

October 14, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်။တနင်္သာရီတိုင်းရှိ  ရေဖြူတံတားစစ်ဆေးရေးဂိတ်...
October 11, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်။စစ်မှုထမ်းဥပဒေ အကြောင်း ပြပြီး တနင်္သာရီတိုင်း...
October 11, 2024
ကရင်နီပြည်တွင် တော်လှန်‌ရေးအဖွဲ့များ၊ နိုင်ငံရေး အဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများ...
October 10, 2024
စစ်ဘေးအပြင် ရေဘေးနှင့် ရင်ဆိုင်နေရသော ပြည်သူများကို ထိရောက်သည့် အကူအညီများ ပေးနိုင်ရန်အတွက်...