ယာဉ်ကြောပိတ်မှုဖြစ်၍ မြဝတီ-ထို့ကော်ကိုးလမ်းကို အတက်တစ်ရက် အဆင်းတစ်ရက်သတ်မှတ်ထား

ယာဉ်ကြောပိတ်မှုဖြစ်၍ မြဝတီ-ထို့ကော်ကိုးလမ်းကို အတက်တစ်ရက် အဆင်းတစ်ရက်သတ်မှတ်ထား
Photo: CJ
Photo: CJ

ကော့ကရိတ် တိုက်ပွဲကြောင့် မြဝတီ- ကော့ကရိတ်အာရှလမ်းမကို ပိတ်ထားလိုက်ရသည့်အတွက် နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်း ပြန်လည်အသုံးပြုရသည့် မြဝတီ-ထို့ကော်ကိုးလမ်းပိုင်းသည် လမ်းပျက်ကာ ကားများ ပိတ်ခြင်းကြောင့် ယနေ့ ဒီဇင်ဘာ ၁၈ရက်မှစတင်၍ အတက်တစ်ရက် အဆင်းတစ်ရက်သာ သွားလာခွင့် ပေးတော့ကြောင်း ကားသမားများကဆိုသည်။

ထို့ကော်ကိုး-ကျောခို့ရွာအထိလမ်းသည် တောင်ပေါ်လမ်းဖြစ်ပြီး ကေအဲန်ယူ ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC) ထိန်းချုပ်နယ်မြေတွင်ရှိကာ လမ်း၏ထက်ဝက်ကျော်သည် မြေနီလမ်းကြမ်းဖြစ်ပြီး တောင်ပေါ် နေရာများတွင် ကားများပိတ်ခြင်းရှိသည့်အတွက် ယနေ့ ဒီဇင်ဘာလ ၁၈ရက်တွင် ကားလမ်းအတက်နေ့ အဖြစ် စတင်သတ်မှတ်လိုက်ကြောင်း အမည်မဖော်လိုသည့် KNU/KNLA_PCတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

”ဒီလမ်းက အခု အတက်တစ်ရက် အဆင်းတစ်ရက်ပြန်သတ်မှတ်လိုက်ပြီ။ ဘာဖြစ်လဲဆိုရင် လမ်းက ကျဉ်း တယ်။ ပြီးလဲမပြီးသေးဘူး။ ကားသမားတွေက သူလုသွား ကိုယ်လုသွား  ကားတွေပျက်တာတို့ ကားတွေ မတက်နိုင်တာတို့ နေရာတွေမှာဆိုရင် မျက်နှာချင်းဆိုတိုးတော့လမ်းပိတ်ပြီး။ အဲလိုလမ်းပိတ်တော့ မကြာသင့် ဘဲကြာသွားတယ်။ တောင်ပေါ်လမ်းမှာလူတွေ အိပ်ရတာတွေရှိတယ်။ အဲဒါကြောင့် အတက်တစ်ရက် အဆင်း တစ်ရက်ပြန်သတ်မှတ်လိုက်တာ ” ဟု ကေအိုင်စီသို့ပြောသည်။

ထိုလမ်းတစ်လျှောက်တွင် KNU/KNLA-PCတပ်ဖွဲ့ဝင်များမှ လမ်းလုံခြုံရေးယူထားခြင်းနှင့် လမ်းရှင်းပေးခြင်းများ လုပ်ဆောင်ပေးခြင်းရှိသလို လမ်းအသုံးပြုခကိုလည်း KNU/KNLA-PC အပြင် နယ်ခြားစောင့်တပ်-BGF လည်း ကောက်ယူခြင်းရှိကြောင်း ကားသမားများထံမှသိရသည်။

ဖားအံ-မြဝတီသွား ယာဉ်မောင်းတစ်ဦးက “ကားသမားတွေက တစ်စီးနဲ့တစ်စီးစောင့်တာမရှိဘဲ စည်းကမ်းမရှိ လုပြီး သွားကြတော့ မကြာသင့်ဘဲကြာတယ်။ ဒီလို အတက်တစ်ရက်အဆင်းတစ်ရက်တော့ ကောင်းသွားပါ တယ်။ ဒါပေမယ့် ကုန်သည်တွေအတွက်တော့အခက်အခဲရှိသွားတာပေါ့။ လမ်းမှာကြန့်ကြာတာတို့ ပစ္စည်းတွေ ပျက်ဆီးတာတို့ပေါ့။ လမ်းပျက်တဲ့အထဲလမ်းအသုံးပြုခတွေက တော်တော်ပေးရတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

လက်ရှိအချိန်တွင် ဓာတ်ဆီစျေးတက်ခြင်း နှင့် လမ်းကြောင်းခက်ခဲသည့်အတွက် ဖားအံမှ မြဝတီအထိသည် ခရီးသည်တစ်ဦးကို ကျပ်လေးသောင်းမှ ငါးသောင်းကျပ်အထိကားခပေးရကာ မြဝတီမှရန်ကုန်အထိကို ခြောက်သောင်းကျပ်အထက်ပေးရကြောင်းလည်း ကားသမားထံမှသိရသည်။

ထိုလမ်းကြောင်းသည် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့်အတွက် မြဝတီမှ ဖားအံ အထိသည် နယ်ခြားစောင့်တပ်-BGF၊ စစ်ကောင်စီတပ်နှင့် KNU/KNLA-PC (ငြိမ်းချမ်းရေးကောင်စီ) ငွေကြေး ကောက် ခံသည့် ဂိတ်အများအပြားရှိကာ သယ်ဆောင်သည့် ကုန်ပစ္စည်းပေါ်မူတည်၍ ဂိတ်ကြေး ကောက်ယူခြင်း ရှိကြောင်း ကားသမားများကဆိုသည်။

လက်ရှိအချိန်တွင် ပြည်တွင်းရှိ ဓာတ်ဆီဆိုင်များတွင် ဓာတ်ဆီများပြတ်လပ်ခြင်းရှိသည့်အတွက် အချို့သည် မြဝတီနယ်စပ်ရှိ ထိုင်းမှဝင်လာသည့် ဓာတ်ဆီများကို မြဝတီမှ သွားရောက်ဝယ်ယူခြင်းရှိကာ ၎င်းအတွက် လမ်းကြောင်းတစ်လျှောက်ရှိ လက်နက်ကိုင်တပ်ဖွဲ့များကို ဂိတ်ကြေးအများအပြား ကောက်ယူခြင်းရှိကြောင်း လည်း ကားသမားများက ဆိုသည်။

ထို့အပြင် ထို့ကော်ကိုး-ကျော်ခို့လမ်းပိုင်းရှိ လမ်းနှင့် တံတားများရေရှည်အသုံးပြုနိုင်ရေးအတွက် ၁၀ ဘီးနှင့် ၁၂ဘီး ကားကြီးများကိုသွားလာခွင့်မပေးတော့သလို ကားသေးမှစ၍ (၆) ဘီးကားအထိသာ ကုန်ပစ္စည်းသယ် ဆောင်သွားလာခွင့်ပေးကြောင်းလည်းသိရသည်။

Most read this week

October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...