ကုလသမဂ္ဂတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံတကာခေါင်းဆောင်များသို့ ပြည်ပအခြေစိုက် ရခိုင်အဖွဲ့အစည်း(၆) ခုကစာပို့ပြီး အချက်(၆) ချက်ကို ကူညီဖြေရှင်းပေးရန်တောင်းဆို

ကုလသမဂ္ဂတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံတကာခေါင်းဆောင်များသို့ ပြည်ပအခြေစိုက် ရခိုင်အဖွဲ့အစည်း(၆) ခုကစာပို့ပြီး အချက်(၆) ချက်ကို ကူညီဖြေရှင်းပေးရန်တောင်းဆို

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်များသို့ ပြည်ပအခြေစိုက် ရခိုင်အဖွဲ့အစည်း(၆) ခုက လက်ရှိ ရခိုင်အရေးနှင့်ပတ်သက်ပြီး အိတ်ဖွင့် ပေးစာတစ်စောင်ကို ရေးသား ပေးပို့ခဲ့သည်ဟု သတင်းရရှိသည်။

ပေးပို့ သည့်စာထဲတွင် မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ (၁၃ ) ရက်နေ့က စတင်ပြီး မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲများ တစ်ဖန် ပြန်လည် စတင် ဖြစ်ပွားခဲ့ပါကြောင်း၊  ထိုတိုက်ပွဲဖြစ်ပွားသည့် နေ့မှ စ၍ အာဏာသိမ်းယူထားသည့် စစ်ကောင်စီသည် ရခိုင်ပြည်တွင် လူ့အခွင့်အရေးများကို ချိုးဖောက်ကျူးလွန်နေပါကြောင်း၊  ထိုသို့ ကျူးလွန်ရာတွင် ပြည်သူများသွားလာ အသုံးပြုနေသည့် ကားလမ်း၊ ရေလမ်း ခရီးလမ်းကြောင်းနှင့် သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းများအားလုံးကို ပိတ်ဆို့ ထားပါကြောင်း၊ သို့အတွက် ရခိုင်ပြည်နယ်တွင် အစားအစာများ ရှားပါးကာ အငတ်ဘေး ကျရောက်ရန် အခြေအနေနှင့် ကြုံတွေ့နေရပါကြောင်း၊ ပြည်သူများ အဓိက လိုအပ်နေသည့် ဆန်ရိက္ခာမှာ အလွန်ရှားပါးသွားပြီး တချို့ဒေသများတွင် ဆန်ဝယ်၍ မရသဖြင့် ဆန်ကွဲကို ကျိုသောက်ရသည့် အနေအထားသို့ ကျရောက်နေပါကြောင်း ဖော်ပြပါရှိသည်။

၎င်းပြင် လက်ရှိ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်များ အပါအဝင် အိုးအိမ်စွန့်ခွာနေရသူ (၂ ) သိန်း နီးပါးခန့်ထိ တိုးလာပါကြောင်း၊  မြန်မာ စစ်တပ်သည်  တိုက်ပွဲနှင့် သက်ဆိုင်မှုမရှိသည့် လူနေကျေးရွာများကို လက်နက်ကြီးများဖြင့် ဦးတည် ပစ်ခတ်နေမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက် ပို၍ တိုးပွားလာခြင်း ဖြစ်ကြောင်း၊  ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် ဒုတိယ အဆင်းရဲဆုံးပြည်နယ် တစ်ခုဖြစ်သလို သဘာ၀ ဘေးအန္တရာယ်ဘေး၊ စစ်ဘေးဒဏ်များကို ဆက်တိုက်ခံစားလာရသဖြင့် ပြည်သူလူထုအကြား အထွေထွေ အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် လူကြီးမင်းတို့ ၏ စာနာထောက်ထားမှု အကူအညီများကို အထူးလိုအပ်နေပါကြောင်း ပေးပို့သည့် စာထဲတွင် ဖော်ပြထားသည်။

ပေးပို့သည့်စာထဲတွင် အချက် (၆) ချက်ကို ကူညီဆောင်ရွက်ပေးရန်လည်း တောင်းဆိုထားသည်ဟု သိရသည်။

တောင်းဆိုထားသည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက ပိတ်ဆို့ထားသော လမ်းများကို ပြန်လည်ဖွင့်လှစ်ပေးပြီး လွတ်လပ်စွာ ကုန်စည်စီးဆင်းခွင့်ရရှိရေး ဆောင်ရွက်ပေးရန်

(၂) လူတိုင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် လွတ်လပ်စွာဆေးကုသခွင့်ရရှိရေး ဆောင်ရွက်ပေးရန်

(၃) ယခု အခါ စပါးရိတ်သိမ်းချိန်ဖြစ်သဖြင့် ရခိုင်လယ်သမားများ စပါးရိတ်သိမ်းခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးရန်

(၄)မြန်မာစစ်တပ်သည် တိုက်ပွဲနှင့် မသက်ဆိုင်ဘဲ လူနေတိုက်တာ အဆောက်အဦများကို ဗုံးများအပါအဝင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်နေမှုများအား ရပ်တန့်ရေး ဆောင်ရွက်ပေးရန်

(၅) မြန်မာစစ်တပ်သည် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးချုပ်နှောင်ခြင်း၊ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ သတ်ဖြတ်ခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ရပ်တန်ပေးရေး ဆောင်ရွက်ရန်နှင့်

(၆)တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ အပြစ်မဲ့ အရပ်သားများအား နိုင်ငံတကာမှ အကူအညီများ အဆောတလျင် ပေးဝေနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးရန်တို့ ဖြစ်ပါသည်။

အဆိုပါ စာကို ရေးသားပေးပို့ခဲ့သည့် အဖွဲ့များထဲတွင် (၁) နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း(WAO) (၂) ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း-ဂျပန်( AUN) (၃) ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ- ဂျပန် ( ANDP)( ၄) ရခိုင်လူမှုရေးအသင်း-နော်ဝေ (၅) ရခိုင်အသင်း (နယူးဇီလန်)နှင့် (၆) ဩစတြေးလျနိုင်ငံရခိုင်အသင်းတို့ ဖြစ်ကြသည်ဟု သိရသည်။

Most read this week

October 14, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို...
October 12, 2024
စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) လက်အောက်ရှိ ခမရ(၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသော...
October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...