မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အခြေပြုလှုပ်ရှားနေသည့် တောင်ပိုင်းဒေသ တော်လှန်ရေး အဖွဲ့အစည်း များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက်တို့ ဒီဇင်ဘာလ ၁၁ ရက် နေ့တွင် တွေ့ဆုံခဲ့ပြီး စစ်ရေးအရှိန်မြင့်လုပ်ဆောင်သွားနိုင်ရေး ပြောဆို ဆွေးနွေးသွားကြောင်း တော်လှန်ရေးအင်အားစုများထံမှသိရသည်။
အဆိုပါ တွေ့ဆုံမှုအရ နယ်မြေအတွင်းရှိ စစ်ဆင်ရေးနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF ၏ တပ်ဖွဲ့စည်းမှုဆိုင်ရာကိစ္စရပ်များအပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ရဲဘော်များ၏ စိတ်ဓာတ်ခွန်အားတက်ကြွစေရန် နှင့် တပ်ဖွဲ့များ၏ အခက်အခဲလိုအပ်ချက်အခြေအနေများ အားလုံးကို တင်ပြဆွေးနွေးခဲ့ကြသည်ဟု မွန်ပြည်နယ် အခြေပြုတော်လှန်ရေးတပ်ဖွဲ့ MSRO ၏တာဝန်ခံ ကိုဒီဃာ က ယခုလိုပြောသည်။
၎င်းက “အရင်ကထက်ပိုကောင်းတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ပေါင်းစည်းမှု အတိုင်းအတာတစ်ခုထိရောက် နေခဲ့ပါပြီ။ မြေပြင်မှာရှိတဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လိုအပ်ချက်များတင်ပြခြင်းနဲ့ ရဲဘော်များ တော်လှန်ရေး စိတ်ဓာတ်တက်ကြွဖို့ ရည်ရွယ်ပါတယ်။ အဓိက အကြောင်းအရာကတော့ မဟာမိတ်တပ်ပေါင်း စုများ အားလုံးပူးပေါင်းဆောင်ရွက်ပြီး စစ်ရေးအရှိန်မြှင့်တင်ဖို့ လိုအပ်ချက်တွေကို ဖြည့်တင်းပေးဖို့ဦးတည်ပြီး ပြောသွားပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ တွေ့ဆုံမှုတွင် တောင်ပိုင်းတိုင်းစစ်ဒေသတာဝန်ရှိသူများ၊ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ ဒေါန စစ်ကြောင်း၊ ABSDF တပ်ရင်း (၁) ၊ ရေးပြောက်ကျားတပ် (YGF) ၊ Ye Defense Force - YDF၊ Mon State Revolutions Organization-MSRO၊ နှင့် Ye Air Force-YAF စသည့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များက ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ထို့အပြင် ဆွေးနွေးဖလှယ်မှုများအပြင် ပြည်သူ့တော်လှန်ရေးအလံတော်ကို အလေးပြုခြင်းနှင့် နွေဦးတော်လှန် ရေးအပါအဝင် စစ်အာဏာရှင်စနစ်ဆန့်ကျင်မှုများတွင် ကျဆုံးခဲ့ရသူများအားလုံးကို ဂုဏ်ပြုဦးညွတ်ခြင်းအစီ အစဉ်များကိုလည်း ပြုလုပ်ခဲ့ကြောင်း NUG ၏ ယနေ့ ထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါနယ်မြေတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ရေးပြင်ဆင်မှုများပြုလုပ်နေသလို စစ်ကောင်စီ တပ်ဘက်ကလည်း နီးစပ်သည့်ကျေးရွာတစ်ချို့တွင် စစ်ကြောင်းဖွဲ့ သွားလာလှုပ်ရှားမှုရှိကြောင်း တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကဆိုသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင်လည်း မွန်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေလျက်ရှိသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် စစ်အာဏာရှင်စနစ်နှင့်အာဏာရှင်မှန်သမျှအမြစ်ပြတ်ရေးအတွက် အဆုံး တိုင် တိုက်ပွဲဝင်သွားကြမည်ဟု သစ္စာရေသောက် ကတိသစ္စာပြုထားကြောင်းလည်း နယ်မြေအတွင်းရှိ တော်လှန် ရေးအင်အားစုများက ၎င်းတို့၏ လူမှုစာမျက်နှာများတွင် အသီးသီးထုတ်ပြန်ထားသည်။