စကစ၏ မာရှယ်လော ထုတ်ပြန်ချက် သက်ရောက်မှုရှိမည်မဟုတ်ဟု တော်လှန်ရေးအင်အားစုပြော

စကစ၏ မာရှယ်လော ထုတ်ပြန်ချက် သက်ရောက်မှုရှိမည်မဟုတ်ဟု တော်လှန်ရေးအင်အားစုပြော

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း လူ ၅ ဦးထက်ပို၍ သွားလာခြင်းမပြုလုပ်ရန် ထုတ်ပြန်ထားသည့် စစ်ကောင်စီ၏ မာရှယ်လောအမိန့်ထုတ်ပြန်ချက်သည် လက်ရှိမြေပြင်အခြေအနေနှင့် ကွဲလွဲနေ၍ သက်ရောက် မှုများရှိလာနိုင်မည်မဟုတ်ကြောင်း ကော့ကရိတ်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်နေသည့် ကျားဖြူတပ်ခွဲ−၄ ၏ ပြန်ကြားရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

လုံခြုံရေး၊ တရားစီရင်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက်ဟု ဆိုကာ ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ကို ဒီဇင်ဘာလ ၃ ရက်မှစ၍ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ သတ်မှတ်ကြောင်း စစ်ကောင်စီက ဒီဇင်ဘာလ ၃ ရက်နေ့တွင် အမိန့်ကြေငြာချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ ပြည်သူနှင့် တော်လှန်ရေးအဖွဲ့အစည်းအကြား သွေးခွဲလုပ်ဆောင်မှုဖြစ်သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ပြည်သူများအကြား ပြေလည်မှုရှိနေပြီဖြစ်၍ သက်ရောက်မှုရှိမည် မဟုတ်ကြောင်း ကျားဖြူတပ်ခွဲ−၄ ၏ ပြန်ကြားရေးမှ ရဲဘော်တစ်ဦးက ယခုလို ပြောသည်။

၎င်းက “ကျနော်တို့အနေနဲ့ကတော့ ၅ ယောက်ထက်မက သွားချင်သွားမယ်။ လျှောက်ချင်လျှောက်မယ်။ ကျနော် တို့ သဘောပေါ့နော်။ သူတို့ကတော့ ထုတ်ပြန်ချင်သလို ထုတ်ပြန်မှာပဲ။ သူတို့စာထုတ်ထားတာနဲ့ မြေပြင်မှာနဲ့က ကွဲလွဲနေတယ်။ ဘယ်လိုမှမတူဘူး။ အရင်တုန်းက ကျနော်တို့ မစိုးမိုးထားတဲ့နေရာမှလည်း ပြန်ရလာနိုင်တယ်။ ဘာသက်ရောက်မှုမှလည်း ရှိလာမှာမဟုတ်ပါဘူး။ မြေပြင်မှာ တကယ်ဖြစ်နေတဲ့အတိုင်းအတာအရ ဆိုလို့ရှိရင် ကျနော်တို့နဲ့ပြည်သူလူထုနဲ့က အေးဆေးပဲ ”ဟု ကေအိုင်စီသို့ ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူလူထုများထိခိုက်မှုမရှိစေရေး လူ ၅ ဦးထက် ပိုမစုရန် စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားသော်လည်း မြေပြင်လက်တွေ့တွင် စစ်ကောင်စီ တပ်၏ တပ်စခန်းကုန်းမှတစ်ဆင့် လက်နက်ကြီးများနှင့် လေကြောင်းမှတစ်ဆင့် ကျေးရွာနေအိမ်များအပေါ် ဗုံးကြဲတိုက် ခိုက်မှုများ မကြခဏပြုလုပ်နေလျက်ရှိနေကြောင်း တော်လှန်ရေးအဖွဲ့ဘက်က တုန့်ပြန်ပြောဆိုသည်။

“ ပြည်သူလူထုကို ထိခိုက်နစ်နာအောင် အဆောက်အဦးတွေ ဖျက်ဆီးတာတွေ၊ PDF ရဲဘော်အဖွဲ့ အစည်းထဲက လုပ်တာမရှိဘူး။ အခုလက်ရှိဆိုလည်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲတယ်။ ကျနော်တို့ဒါတွေပဲလုပ်တာပါ။ သူတို့ ပြောသလို ကော့ကရိတ်မြို့ထဲမှာ ကျနော်တို့က ပြည်သူတွေကို ထိခိုက်နစ်နာ အောင်လုပ်တာမျိုးတွေ မရှိဘူးပေါ့နော်။ ဒါကတော့ တစ်နိုင်ငံလုံးအတိုင်းအတာအရ တွက်မယ်ဆိုလို့ရှိရင် စစ်ကောင်စီပြုတ် ကျရေးအတွက်ကတော့ ပြည်သူတစ်ရပ်လုံးက တော်လှန်နေကြတာပဲပေါ့”ဟု အဆိုပါ ကျာဖြူးစစ်ကြောင်းမှ ပြန်ကြားရေးအဖွဲ့ဝင်က ဆက်ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ လမ်းဆုံ၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်ခြံ အစရှိသည့် အများပြည်သူ များနေထိုင်သည့်နေရာများတွင် လူ ၅ ထက်ပို၍ လူစုဝေးခြင်းမပြုလုပ်ကြရန် တားမြစ်ကန့်သတ်ခြင်းသည် မြဝတီမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖားအံမြို့နယ်နှင့််လှိုင်းဘွဲမြို့နယ်များတွင်လည်း အကျုံးဝင်ကြောင်း စစ်ကောင်စီ၏ အမိန့်ကြေညာချက်တွင် ဖော်ပြထားသည်။

လက်ရှိ စစ်ကောင်စီဘက်က မာရှယ်လော ထုတ်ပြန်ထားသည့် ကော့ကရိတ်မြို့ နှင့် အနီးအနားကျေးရွာများတွင် နှစ်ဖက်တိုက်ပွဲများကြောင့် သောင်းနှင့်ချီသည့် ဒေသခံပြည်သူများအနေဖြင့်် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရပြီး စားနပ်ရိက္ခာအရေးပေါ်လိုအပ်ချက်များရှိကြောင်းလည်း ကော့ကရိတ်ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အဒေါ်တို့ကတော့ ပြီးခဲ့တဲ့ရက်က လေယာဉ်လာကြဲကတည်းကနေ ပြေးနေပြီး။ လိုင်းကလည်းမရ ဘုန်းကြီးကျောင်းထဲမှာလည်း လူကများတော့ အဆင်မပြေဘူး။ ချက်ချင်းကြီးဘာမှတောင် မသယ်ခင်ပဲ ပြေးလာ ရတော့ အိပ်စရာအစားအသောက် လိုအပ်ချက်တွေတော့ရှိတာပေါ့။ ဒါပေမဲ့ အများနဲ့ဆိုတော့ ဒီလိုပဲရှာဖွေ စားရမယ်လေ။ သေနတ်အသံ ငြိမ်လည်းအိမ်ကိုပြန်မရဲသေးပါဘူး။ ဗုံးအစလက်နက်ကြီးတွေမပေါက်ကွဲတဲ့ ဟာတွေရှိသေးတယ်” ဟု ဆိုသည်။

အလားတူ လက်ရှိ ကော့ကရိတ်မြို့တွင်းမြို့ပြင်နေရာများတွင် စစ်တပ်၊ နယ်ခြားစောင့်တပ်-BGF တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်စစ်ကြောင်းများ နှစ်ဖက်စစ်ရေးတင်း မာနေဆဲဖြစ်ပြီး အာရှလမ်းမတစ်လျှောက် နေရာများနှင့် ဂိတ်များကို KNLA ပူးပေါင်းတပ်များ စိုးမိုးထိန်းချုပ်ထားသည်ဟု သိရသည်။

လတ်တလောတွင် စစ်ကောင်စီတပ်ဘက်က စစ်ကူအင်အား၊ လက်နက်ခဲယမ်းအင်အားဖြည့် တင်းနေပြီး လမ်းပိုင်းများ ဖြတ်သန်းသွားလာခွင့်ကိုလည်း ပိတ်ထားသည့်အပြင် တယ်လီဖုန်းလိုင်းများလည်း ဖြတ်တောက်ထားကြောင်း မြေပြင်သတင်းအရင်းမြစ်ထံမှ သိရသည်။

October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...