ဆောထိ(ရွှေကျင်)မြို့နယ်တွင် တစ်နှစ်အတွင်း ဒေသခံသုံးသောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ထုတ်ပြန်

ဆောထိ(ရွှေကျင်)မြို့နယ်တွင် တစ်နှစ်အတွင်း ဒေသခံသုံးသောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ ဆောထိ မြို့နယ်တွင် တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်ဘက်က ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်း နှင့် လေကြောင်းဖြင့် တိုက်ခိုက်မှုများကြောင့် ကျေးရွာပေါင်း ၃၁ ရွာမှ လူဦးရေစုစုပေါင်း (၂၉,၈၁၂) ဦးဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကေအဲန်ယူ ဗဟိုက ဒီဇင်ဘာလ ၅ရက်တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က ကျေးရွာတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒေသခံ လူထုများကို အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ငွေတောင်းခံခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ကျေးရွာနေပြည်သူ လူထုများအနေဖြင့် အသက်သေဆုံးမှုများလည်းရှိနေသောကြောင့် ကျေးရွာအတွင်း မနေရဲတော့ဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဆောထိမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ညောင်လေးပင်အခြေစိုက်တပ်စခန်း၊ ပုဇွန်မြောင်းတာပျက်၊ ရွှေကျင်၊ မုက္ခမူ၊ သံဆိပ်စခန်းတွင် နေထိုင်သည့် စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ-၂၀)နှင့် ခြေလျင် တပ်ရင်း(ခလရ-၇၅) မြစ်ကျွန်းနှင့် ဇလုပ်ကြီး၊ ကွင်းဆိပ်၊ ဒုံဇရစ်၊ ပိန်းဇလုပ်အခြေစိုက် တပ်စခန်းတွင် နေထိုင်သည့် ခမရ-၅၉၈၊ ခမရ-၃၅၁၊ ခမရ-၅၈၉၊ ခလရ-၂၆၄ စသည့်တပ်များကလည်း (၁၅၅၊ ၁၂၂၊ ၁၂၀၊၈၀၊ ၆၀မမ) အစရှိသည့် လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို အကြိမ်ရေစုစုပေါင်း (၂၅)ကြိမ်နှင့် အလုံးရေစုစုပေါင်း(၈၆)လုံး ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ထောလူခို၊ ဝိုင်ကျွန်း၊ ရေဖြူကန် ပျဉ်ရေ၊ ဂွေးကုန်း၊ ကောက်မယ့်သူ၊ ချုံအင်း၊ ချောင်းဝ၊ ကွင်းဒလကြီး၊ ဝိုင်သစ်ဆိပ်၊ ပျဉ်ရေကြီး၊ သက်ကယ်ကုန်း၊ ညောင်ပင်ကြီး၊ ဝိုင်မင်္ဂလာကုန်း၊ ကျုံချောင်၊ သရက်သမင်၊ ကျုံကျိုက်၊ အင်းဗလာ၊ ကွီးစယ်လော် စသည့် ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟုလည်း KNU ၏  ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး  မြန်မာပြည်အ‌ရှေ့‌တောင်ပိုင်းရှိ‌ဒေသခံများ ကြုံ‌တွေ့‌နေရသည့် လူ့အခွင့်အ‌ရေး ချိုး‌ ဖောက်မှုများကို မှတ်တမ်းတင်ပြုစုပြီး အစီရင်ခံစာများ ထုတ်ပြန်ပေးလေ့ရှိသည့် ကရင်လူ့ အခွင့်အရေးအဖွဲ့−KHRG ၏ ပြောခွင့်ရ စောနန္ဒဆူးက ကေအိုင်စီသို့ ယခုလို မှတ်ချက်ပြု ပြောဆိုသည်။

၎င်းက “ဆောထိအပါအဝင် KNU ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ခရိုင် ၇ ခုစလုံး ဖြစ်ပွားနေ တယ်ဆိုတာ ကျနော် တို့မြင်တွေ့နိုင်တယ်။ အထူးသဖြင့် ခရိုင် ၇ ထဲမှာဆိုလို့ရှိရင် တပ်မဟာ ၁ (သထုံခရိုင်)ကနေ ၆ (ဒူးပလာယာ ခရိုင်)ထိ ပိုပြီးတော့မှ ဆိုးဆိုးရွားရွားထိခိုက်လာတယ်။ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပေါ် နေတာတွေ့ရတယ်။ စစ်တပ်က လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးတာတွေ၊ ဒဏ်ရာရမှုတွေ မတရားဖမ်းဆီးမှု၊ သတ်ဖြတ်မှုလုယူမှု၊ လူသားဒိုင်းအဖြစ်အသုံးပြုမှု ဒါတွေကဆိုလို့ရှိရင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး ဖြစ်ပွားကတည်းက အခုအချိန်အထိ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုဆိုင်ရာ ကရင်ပြည်နယ် အတွင်းမှာဖြစ်ခဲ့တဲ့ အခြေအနေလေး တွေဖြစ်တယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများသည် ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားပြီးမှဖြစ်ပေါ်လာ ခြင်းမဟုတ်ဘဲ ယခင်အုပ်စိုးသူ စစ်အာဏာရှင်ခေတ်အဆက်ဆက်ကတည်းကလည်း လူသားမျိုးနွယ်စုအပေါ် ပြစ်ဒဏ်ကင်းလွတ်ခြင်း အပြည့်အဝဖြင့် လူ့အခွင့်အရေးချိုးဖောက်လာခဲ့ခြင်းဖြစ်သည်ဟုလည်း KHRG ပြောခွင့်ရ စောနန္ဒဆူးက ဖြည့်စွက် ပြောသည်။

အလားတူ ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်အရ အာဏာသိမ်းစစ်ကောင်စီ သံဆိပ်စခန်းမှ ဗိုလ်မှူးအဆင့်ရှိသူ မျိုးဝင်းထွန်းသည် ကျေးရွာအတွင်းရှိ နေအိမ်မှ ပြည်သူများအာလုံးကို စစ်စခန်းအတွင်းသို့ ခေါ်တွေ့ပြီး တစ်အိမ် လျှင် ငွေကျပ် ၅ သောင်းနှင့် ရော်ဘာခြံတစ်ခြံလျှင် ငွေကျပ် ၅ သောင်း ခြံကြီးတခြံလျှင် ငွေကျပ် ၁ သိန်းအထိ ပေးဆောင်ခိုင်းသည့်အတွက်ကြောင့် ပြည်သူများအနေဖြင့်လည်း ကြောက်ရွံ့ စိတ်များဖြင့် မဖြစ်မနေ ပေးဆောင်ခဲ့ရသည့် ဖြစ်စဉ်မျိုးလည်းရှိခဲ့သည်ဟု ဖော်ပြထားသည်။   

Photo-KNU

Most read this week

October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...