ဧရာဝတီတိုင်းမြို့နယ်အချို့တွင် မော်တော်ဆိုင်ကယ်များ ကျေးရွာအထိ လိုက်လံဖမ်းဆီးနေ

ဧရာဝတီတိုင်းမြို့နယ်အချို့တွင် မော်တော်ဆိုင်ကယ်များ ကျေးရွာအထိ လိုက်လံဖမ်းဆီးနေ

ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အချို့တွင် ကျေးရွာချင်းဆက်လမ်းထိပ်များအထိ စီမံချက်ဟု ခေါင်းစဉ် တပ်၍ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ၏ လိုင်စင်မဲ့မော်တော်ဆိုင် ကယ်များကို ယခင်လအောက်တိုဘာလမှစတင်ကာ လိုက်လံဖမ်းဆီးမှုများလုပ်ဆောင်နေကြောင်း ဒေသခံပြည်သူများက ကေအိုင်စီသို့ ပြောသည်။

ဝါးခယ်မ၊ ပန်းတနော်အပြင် အခြားသောမြို့နယ်များရှိ ကျေးရွာများ၏ ကားလမ်းမကြီးအထွက် လမ်းထိပ်များတွင် အင်အားဆယ်ဂဏန်းအထိပါဝင်သည့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များသည် လိုင်စင်မဲ့ မော် တော်ဆိုင်ကယ်များကို စောင့်ကြိုဖမ်းဆီးမှုများပြုလုပ်ပြီး တစ်စီးလျှင် ကျပ်ငွေ ၃ သောင်းနှုန်းဖြင့် ဒဏ် ငွေဆောင် ပြန်ရွေးခိုင်းကြောင်း ပန်းတနော်မြို့နယ် ဒေသခံတစ်ဦးက ယခုလိုပြောသည်။

 “သူတို့စဖမ်းတာက ပြီးခဲ့တဲ့လကတည်းကပဲ။ ဆက်တိုက်ဖမ်းနေတာ။ ဟိုတလောကဆို ဆိုင် ကယ် အများကြီး ဖမ်းမိတယ်။ ဖမ်းပြီးရင် ဆိုင်ကယ်ကို မသိမ်းဘဲနဲ့ တစ်စီးကို ဒဏ်ငွေသုံးသောင်းဆောင်ခိုင်း တယ်။ ပြီးရင် ပြန်ပေးတယ်။ သူတို့ကတော့ စီမံချက်လို့ ခေါင်းစဉ်တပ်တာပဲ။ ဒါပေမဲ့ ဒါက လုပ်စား တာပါ။ ဘာဖြစ်လဲဆိုတော့ အရင်ကဒီလိုမျိုးရွာလမ်းထိပ်တွေအထိ တခါမှဆင်းဖမ်းတာမရှိဘူးလေ” ဟု ၎င်းဒေသခံက ပြောသည်။

ပန်းတနော်မြို့နယ်အပါအဝင် အခြားသော မြို့နယ်များတွင်လည်း အလားတူ ဖမ်းဆီးမှုများ ပြုလုပ်နေပြီး အဆိုပါ ဆိုင်ကယ်များဖမ်းဆီးရာတွင် လိုင်စင်မဲ့ဘီးများအပြင် ဆိုင်ကယ်ဦးထုပ်မဆောင်ထားသူများကိုပါ ဖမ်းဆီးဒဏ်ရိုက်ကြောင်း ထိုဒေသခံက ဆက်ပြောသည်။

အဆိုပါ ဆိုင်ကယ်ဖမ်းဆီးမှုကို ပြုလုပ်ရန် သတိပေးပြောဆိုမှုများ မပြုလုပ်ခဲ့ဘဲ ရှောင်တခင်ဖမ်းဆီးမှုပုံစံ လုပ်ဆောင်ခဲ့သလို ယနေ့အချိန်ထိ လိုက်လံဖမ်းဆီး လုပ်ဆောင်နေဆဲဖြစ်သည်။ ဒေသခံရွာသားများ သွား လာနေကြ ရွာလမ်းထိပ်များအပြင် ရွာထဲအထိပါ စောင့်ကြိုဖမ်းဆီးမှုများ ပြုလုပ်နေသောကြောင့် ဒေသခံရွာသားများအနေဖြင့် သွားလာရေးတွင် စိတ်အနှောင့်အယှက်ဖြစ်ရသလို ပုံမှန်သွားလာရသူများ အတွက်ပါ အခက်တွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလကလည်း ငပုတောမြို့နယ်တွင် အလားတူ မော်တော်ဆိုင်ကယ် ဖမ်းဆီးမှုမျိုးပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထိုသို့ ဖမ်းဆီးမှုများ လုပ်ဆောင်သည့် တချိန်တည်းတွင် နယ်မြေခံ စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ကျေးရွာ ဥက္ကဋ္ဌများကို တွေ့ဆုံ၍ စစ်မှုထမ်းရန်အတွက် လူသစ်စုဆောင်းပေးရန် ခြိမ်းခြောက် ပြောဆိုမှုပြုလုပ်ခဲ့သေးကြောင်း ငပုတောမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ဦးထုပ်ဆောင်းရတယ်။ မဆောင်ရင် ဒဏ်ငွေ ကျပ် သုံးသိန်းလား  ငါးသိန်းလား။ ခုတော့ အဲ့တာ ပြန်ငြိမ်သွား ပြီး အရင်က အဲ့လို တစ်ခါမှ မဖမ်း ဖူးဘူး။ ခုမှ ထလုပ်တာ ပိုက်ဆံလိုချင်နေ တာလားပဲ။ အရင်နှစ်ပတ်ကတောင် စစ်သားတွေ ရောက်လာပြီး ဥက္ကဋ္ဌကို လူတွေတောင်းတယ်။ မပေးဘူးဆိုတော့ မပေးလို့ ကိုယ့်ဘာကို ဆွဲသွားရင် အဆိုးမဆိုနဲ့တဲ့ အဲ့လိုပြောသွားတယ်”ဟု ပြောသည်။

စစ်အာဏာမသိမ်းခင် ယခင်ကာလများက စီမံချက်အကြောင်းပြဖမ်းဆီးမှုများကို မြို့ပေါ် လမ်းဆုံ လမ်းဂွနှင့် မြို့အဝင်အထွက်နေရာများတွင်သာ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိပြီး ယခုလို ကျေးရွာ များအထိ လိုက်လံဖမ်းဆီးခြင်းမှာ အာဏာသိမ်း ပြီးနောက် ပထမဦးဆုံးအကြိမ် ကြုံတွေ့ကြရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်းဒေသအတွင်းရှိ ကျေးရွာအများစုတွင် တရုတ်နိုင်ငံထုတ်မော်တော်ဆိုင်ကယ်များကိုသာ အများစု အသုံးပြုစီးနင်းကြလေ့ရှိပြီး ကျေးရွာများရှိ လက်လုပ်လက်စား လယ်သမားအချို့မှာ လိုင်စင်မဲ့ ဆိုင်ကယ်အများစုကိုသာ စီးနင်းကြသည်။ ယခုလို ဖမ်းဆီးဒဏ်ရိုက်မှုများ ပြုလုပ်းခြင်းကြောင့် အခြေခံ လူတန်းစားများအတွက် သွားလာလုပ်ကိုင်ရေး အခက်အခဲဖြစ်လာကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...