ဖာပွန်ဒေသတွင် ဆန်စပါးပြတ်လပ်နေ၍ ဒေသခံပြည်သူများ နေရပ်စွန့်ခွာလာသူများရှိလာ

ဖာပွန်ဒေသတွင် ဆန်စပါးပြတ်လပ်နေ၍ ဒေသခံပြည်သူများ နေရပ်စွန့်ခွာလာသူများရှိလာ

ကရင်ပြည်နယ်၊ မူတြော်(ဖာပွန်)ဒေသတွင်၊ ကုန်းလမ်းရေလမ်းပိတ်ဆို့ခံထားရ၍ ဖာပွန်မြို့အတွင်းသို့ အခြေခံ စားသောက်ကုန်များမရောက်ရှိဘဲ ဆန်စပါးပြတ်လပ်မှုများ ဖြစ်ပေါ်နေသောကြောင့် ဒေသခံပြည်သူများ ရပ်တည်ရန် ခက်ခဲလာပြီး နေရပ်စွန့်ခွာမှုများရှိလာကြောင်း ဒေသခံများက ပြောသည်။

အဆိုပါနယ်မြေရှိ လမ်းပိုင်းတစ်လျှောက်ကို ၂၀၂၂ ခုနှစ်ကုန်းပိုင်းမှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်-KNLA ဘက်မှ စစ်ကောင်စီ၏ ရိက္ခာသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းကို ပိတ်ဆို့ထားခြင်းနှင့် ဒေသ ခံများ တောင်ယာလုပ်ငန်းများ မလုပ်ကိုင်နိုင်ကြသောကြောင့် နယ်မြေအတွင်း ဆန်စပါး ပြတ်လပ်လာသည့် အပြင် မိသားစု စားဝတ်နေရေး ခက်ခဲလာမှုများကြောင့် ထိုင်း၊ မလေးရှား စသည့် နိုင်ငံများထဲသို့ သွားရောက်ရန် မြေယာခြံများကို ရောင်း၍ နေရပ်စွန့်ခွာမှုများ ရှိနေသည်ဟု ဖာပွန်မြို့ခံတစ်ဦးက ပြောသည်။

၎င်းက “လမ်းတွေ အသွားအလာမရတော့ စားစရာလည်းမရှိဘူး။ ခုချိန်ကအားလုံးခက်ခဲနေပေမဲ့ ဒီမှာကဘာမှကို မရှိတော့တာ။ ဆန်တွေဆီတွေက မရောက်တာကြာပြီး။ လယ်ထဲမှာစပါးစိုက်ဖို့ကလည်း အဆင်မပြေဘူး။ အခု မြို့ထဲမှာ လူတွေသိပ်မရှိကြတော့ဘူး။ ထိုင်းနဲ့မလေးရှားဘက်ကို ထွက်သွားကြတာများတယ်။ အိမ်ရောင်း မြေ ရောင်း သွားကြတဲ့သူတွေလည်းရှိတယ်။ ဘာလို့လဲဆိုတော့ လူတွေက ငတ်နေကြပြီး။ ဘာမှလုပ်စား မရတော့ ထွက်သွားကြတာ။ တချို့ အဆင်မပြေတဲ့ သူတွေကျတော့ ဒီမှာပဲ ဒုက္ခမျိုးစုံနဲ့နေကြတာပေါ့” ဟု ကေအိုင်စီ သို့ ပြောသည်။

ထိုသို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုနှင့် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား ပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများက နည်းလမ်းအမျိုးမျိုးဖြင့် ပြည်ပသို့ထွက်ခွာသွားကြသလို အချို့ ပြည်သူများကလည်း ဖာပွန်မြို့နှင့် နီးစပ်သည့် ဖားအံ၊ မော်လမြိုင် စသည့်မြို့များအတွင်းသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသူ များလည်းရှိကြောင်း ဖာပွန်ဒေသခံများက ဆိုသည်။

ထို့အပြင် ဆန်ရိက္ခာလမ်းကြောင်း ဖြတ်တောက်ခံထားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆန်ရိက္ခာများကို  ဖာပွန်မြို့ပေါ်နှင့် ကျေးရွာများထဲရှိ တောင်ယာ စိုက်ပျိုးလုပ်ကိုင်သူ ဒေသခံများထံမှ ဆန်စပါးများကို ကျသင့် တန်ဖိုးမပေးဘဲ အတင်းအဓမ္မ ယူဆောင်မှုများလည်း လုပ်ဆောင်နေကြောင်းလည်း ဖာပွန်ဒေသခံများက ပြော ဆိုသည်။

ဖာပွန်မြို့တွင် ယခင်က လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး အခြေခံစားသောက်ကုန်များ အဆင်ပြေနေသည့် ကာလတွင် ဒေသအတွင်းအလုပ်အကိုင်နှင့် စီးပွားရေးလုပ်ငန်းများ တွင်ကျယ်ခဲ့သော်လည်း လက်ရှိတွင် တိုက်ပွဲ များကြောင့် မြို့အတွင်း အလုပ်အကိုင်ရှားပါးလာပြီး မိသားစုအသက်ရှင် ရပ်တည်နိုင်ရန် ခက်ခဲလာကြောင်း နေ့စား လုပ်ကိုင်သူတစ်ဦးက ပြောသည်။

“အရင်နှစ် ရေလမ်းရော ကုန်းလမ်းရောသွားလို့ရတုန်းကဆိုရင် ဘာပဲဖြစ်ဖြစ် လုပ်စားကိုင်စားရတာ အဆင်ပြေ တယ်။ အခုက ကုန်းလမ်းဆိုလည်း မိုင်းတွေကြီးပဲ။ ဆိုင်ကယ်နဲ့သယ်လို့ရပေမဲ့ အခုတိုက်ပွဲဖြစ်တော့ သွားမရဲ ကြ တော့ဘူး။ ကျနော်ဆို အရင်က ပစ္စည်းကားမောင်းတယ်။ ဖာပွန်-ကမမောင်း၊ ဖားအံ ဂိတ်ကြေး ပေးရတာရော အဆင်ပြေတယ်။ အခုအလုပ်လည်းမရှိတော့ဘူး။ လမ်းကလည်းပိတ်တော့ ဒီမှာရတဲ့အလုပ်ပဲလုပ်နေတာ။ ရှေ့ ဆက်ဘာမှ မစဉ်းစားတတ်တော့ဘူး။ အဓိက က တစ်ရက်တစ်ရက် ကိုယ့်မိသားစု စားလို့သောက်လို့ရရုံပဲ ရုန်း နေရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ဖာပွန်မြို့အနီး ကျေးရွာများတွင် အခြေချစစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်များကလည်း ဒေသခံ ပြည် သူများ၏ နေအိမ်မှငွေကြေး၊ အသုံးအဆောင်ပစ္စည်း၊ ဆန်၊ အိမ်မွေးတိရစ္ဆာန်များကို အတင်းအဓမ္မ ယူဆောင် မှုများ ပြုလုပ်နေကြောင်းလည်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ထားမှုရှိသည်။

ယခင်နှစ်များမှ စ၍ ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းအချို့ တိုက်ခိုက်သိမ်း ပိုက်ခံထားရမှု ရှိသလို ဖာပွန်မြို့တွင်းရှိ စစ်ကောင်စီတပ်စခန်း၊ အုပ်ချုပ်ရေးရုံးစသည့် ဌာနဆိုင်ရာရုံးများလည်း KNLA ပူးပေါင်းတပ်ဖွဲ့ ၏ တိုက်ခိုက်မှုကို မကြာခဏခံနေရသည်။

အလားတူ ဖာပွန်မြို့တွင်းရှိ စစ်ကောင်စီဝန်ထမ်းများအနေဖြင့်လည်း ဌာနဆိုင်ရာရုံးများမှ ထွက်ခွာကြရန် ထုတ် ပြန်သတိပေးမှုများကြောင့် ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်၏ အုပ်ချုပ်ရေးယန္တရားများ ရပ်တန့်နေပြီး ဖြစ်ကြောင်း ကေအဲန်ယူဘက်က ပြောဆိုထားသည်။

Most read this week

October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...