စစ်တွေ DMGရုံး ဝင်ရောက်စီးနင်းခံရ၊ သတင်းထောက်တစ်ဦးနှင့် ညစောင့် ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရ

စစ်တွေ DMGရုံး ဝင်ရောက်စီးနင်းခံရ၊ သတင်းထောက်တစ်ဦးနှင့် ညစောင့် ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Development Media Group(DMG) သတင်းဌာနရုံးကို စစ်တပ်နှင့် ရဲပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် စီးနင်းသွားခဲ့ကြောင်း DMG သတင်းဌာန၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက် ၉ နာရီကျော် အချိန်ခန့်တွင် ရဲကားသုံးစီးနှင့် အင်အား ၁၀ ကျော်ခန့် ရှိသော ရဲ၊ စရဖ၊ စစ်တပ်ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ဝင်ရောက်စီးနင်းစဉ် ရုံးတွင်ရှိနေသည့် ညစောင့် ဝန်ထမ်းတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ရုံးကို စီးနင်းစဉ် ဖမ်းဆီးခံရသူမှာ ညစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင်ဖြစ်သည်။

စစ်သားများသည် DMG သတင်းထောက်တစ်ဦးဖြစ်သူ ကိုထက်အောင်ကို စစ်တွေမြို့ ဆွမ်းတော်ကြီး လောင်းလှူ ပွဲတွင် သတင်း ဓာတ်ပုံသွားရိုက်စဉ် အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက် ၈ နာရီကျော်အချိန်က ဖမ်းခေါ်သွားပြီး  DMG ရုံးကို ပြခိုင်းကာ ရုံးကိုစီးနင်းခဲ့ခြင်း ဖြစ်သည်ဟု သတင်းဌာနတာဝန်ရှိသူ တစ်ဦးကပြောသည်။

“ဖမ်းဆီးခံရသူ သတင်းထောက် ကိုထက်အောင်ကို မနက်တုန်းက ဆွမ်းတော်ကြီးလောင်းပွဲကို သတင်းဓာတ်ပုံ သွားရိုက်တုန်းက စစ်သားတွေက ဖမ်းပြီးတော့ ရုံးကိုတစ်ခါတည်းခေါ်သွားတာ။ ရုံးက ပစ္စည်းတွေအကုန် သိမ်း တယ်။ ဘဏ်စာအုပ်တွေရောပဲ။ ရုံးက ညစောင့်ကိုပါ ဖမ်းသွားတယ်။ ပွဲမှာဓာတ်ပုံသွားရိုက်တာကို စစ်သားတွေ က ဂွင်နဲ့စောင့်နေတာ ထင်တယ်” ဟု သူကပြောသည်။

အဆိုပါ သတင်းထောက်အား ဖမ်းဆီးပြီးနောက်တွင် ရုံးနေရာကို လမ်းညွှန်ခိုင်းပြီး DMG ရုံးတစ်ခုလုံးကို ဝင် ရောက်စီးနင်းကာ ရုံးကိုလည်း ချိတ်ပိတ်ခဲ့သည်ဟု DMG သတင်းဌာန တာဝန်ရှိသူကပြောသည်။

ထို့အပြင် ရုံးရှိ ကွန်ပျူတာ၊ ကင်မရာများနှင့် ရုံးသုံးပစ္စည်းများကိုလည်း စစ်ကောင်စီက သိမ်းဆည်းသွားခဲ့ သည်ဟု ရုံးတာဝန်ရှိသူက နိရဉ္စရာသို့ပြောသည်။

ဖမ်းဆီးခံရသည့် သတင်းထောက်ကိုထက်အောင်၏ အိမ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုနေ့ နေ့လည်တွင် ရောက်ရှိလာခဲ့သည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။

“သူက ရုံးပိတ်ရက်ပေမယ့် ရုံးမှာ ညစောင့်တစ်ယောက်နဲ့အတူရှိနေတာ။ နှစ်ယောက်လုံးကို ဖမ်းသွားတယ်။ ရုံးကိုလည်းချိပ်ပိတ်သွားတယ်” ဟု ပြောသည်။

ယခုကဲ့သို့ သတင်းထောက်ကို ဖမ်းဆီးခေါ်ဆောင်ကာ သတင်းဌာနအား ဝင်ရောက်စီးနင်းခြင်းသည် မီဒီယာလွတ် လပ်ခွင့်နှင့် ပြည်သူများ၏ သတင်းသိပိုင်ခွင့်ကို ပိတ်ပင်ရာရောက်သည်ဟု DMGသတင်းဌာန တာဝန်ရှိသူက ပြောသည်။

“အဓိကကတော့ မီဒီယာရဲ့လွတ်လပ်ခွင့်၊ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို ပိတ်ပင်ရာကျတယ်ပေါ့။ ဒါတွေကို မလုပ်သင့်ဘူး။ ရခိုင်ပြည်မှာလည်း DMG ဆိုတာကလည်း သတင်းမှန်ကန်မှုအပေါ်မှာ အဓိက ဘက်ပေါင်းစုံက  အသံအစုံနဲ့ လုပ်နေတဲ့ သတင်းဌာနဖြစ်တယ်။ အစိုးရဘက်က အသံလည်း ပါအောင်၊ ဒီဘက်က အသံလည်း ပါ အောင် လုပ်နေတာကို ဒီလိုလုပ်တယ်ဆိုတာက မကောင်းဘူးပေါ့။ သူတို့ဟာ ပြည်တွေရဲ့ မျက်စိနဲ့ နားကို အားလုံး ပိတ်ပင်ရာ ရောက်တယ်။ ဆုံးရှုံးမှုတွေအများကြီးရှိတယ် DMG ဒီလိုဖြစ်သွားတယ်ဆိုတော့။ နောက်ပိုင်းလည်း လုပ်ဖို့ကိုင်ဖို့ အခက်အခဲတွေ အများကြီးဖြစ်သွားတယ်။ ဒီဟာဟာ သတင်းလုပ်နေတဲ့ သတင်းလောက တစ်ခုလုံး ကိုလည်း ဂယက်ရိုက်စေတယ်” ဟု ပြောသည်။

လက်ရှိတွင် DMG သတင်းဌာနမှ ဖမ်းဆီးခံရသူနှစ်ဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...
October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...