ညီနောင်မဟာမိတ်အဖွဲ့ ၁၀၂၇ စစ်ဆင်ရေး စတုတ္ထနေ့ တပ်စခန်းများ ထပ်မံ သိမ်းပိုက်

ညီနောင်မဟာမိတ်အဖွဲ့ ၁၀၂၇ စစ်ဆင်ရေး စတုတ္ထနေ့ တပ်စခန်းများ ထပ်မံ သိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေး စတုတ္ထနေ့အထိ ညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ပြင်း ထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ တပ်စခန်းများကိုလည်း ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု ညီနောင်မဟာ ၃ ဖွဲ့က ပြောသည်။

၁၀၂၇ စစ်ဆင်ရေး စတုတ္ထနေ့အဖြစ် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟောင်နှင့် မုံးကိုးမြို့နယ်များတွင် စခန်းသိမ်း တိုက်ပွဲများကို ဆက်လက်လုပ်ဆောင်နေသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။

၁၀၂၇ စစ်ဆေင်း လုပ်ဆောင်ရတဲ့ အဓိက အကြောင်းနှင့် ပတ်သက်၍ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ယခုကဲ့သို့ ပြောသည်။

“အထူးသဖြင့်ကတော့  ဒီစကစက ဒီနှစ်ထဲမှာ ပိုများလာတဲ့ ကျနော်တို့ဖက်မှာ ဒီ ပြည်သူတွေရဲ့ အသက်အိုးအိမ် ကို လေကြောင်းတိုက်ခိုက်မှုတွေရော ဒီလက်နက်ကြီးတွေရော တောက်လျှောက် တိုက်ခိုက်ခံခဲ့ရတာရှိတယ်။ အဲ့ ဒါကြောင့်မို့လို့ ဒီပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့အတွက်က တစ်ကြောင်း၊ တစ်ကြောင်းက တော့ ကျနော်တို့ နယ်မြေပိုမိုထိန်းချုပ်နိုင်ဖို့ပေါ့နော။ နယ်မြေထိန်းချုပ်နိုင်ဖို့ ဆိုတာကတော့ အထူးသဖြင့်က ဒီအွန်လိုင်းလောင်းကစား  လိမ်လည်မှုက တော်တော်ကြီးများနေတာ။ အဲ့မှာ ရှိကြတဲ့ ပြည်သူလူထုတွေ ထိခိုက် မှုတွေ ရှိကြတယ်ပေါ့။ အဲ့ဒါကို ကျနော်တို့က ဆောင်ရွက်နိုင်ဖို့အတွက် ဒီနယ်မြေထိန်းချုပ်နိုင်မှ တရားဥပဒေ စိုးမိုးရေးက ပိုပြီးဆောင်ရွက်နိုင်တာ ဖြစ်တယ်။ အဲ့ဟာက တစ်ကြောင်း၊ တစ်ကြောင်းကတော့ ဒီအာဏာရှင်ကို ပိုပြီးတော့ အမြစ်ပြတ်တော်လှန်နိုင်ဖို့ ကျနော်တို့က အော်ပရေးရှင်း စတင်ပြီးမှ ဖော်ဆောင်တာဖြစ်တယ်။”

အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက် ၄ နာရီလောက်က တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်မဟာ ၂ စစ်ဒေသ နောင်ချိုမြို့နယ်ထဲက ကျောက်ကြမ်းကျေးရွာမှာ တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကို အပြီးသတ် တိုက်ခိုက်ချေမှုန်းခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောသည်။

ထို့နောက် နံနက် (၇) နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခဲ့သည့် နောင်ချိုမြို့နယ်၊ ကျောက် ကြမ်းကျေးရွာကို ဂျက်လေယာဉ်နှင့် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာက စစ်ကောင်စီတပ်စခန်းအပြင် သိန္နီမြို့နယ်ထဲက မာချီနော့ စစ်တပ် စခန်း၊ ချင်းရွှေဟော်ဒေသက ယာခုတ်တိုက် စစ်တပ်စခန်း၊ မုံးကိုးမြို့နယ်ထဲက နမ်ယမ် စစ်တပ်စခန်းနှင့် လားရှိုး မြို့နယ် အရှေ့ဘက်ခြမ်း ကီလိုမီတာ ၄၀၀ ကျော်အကွာတွင် ရှိသော စစ်တပ်စခန်း ၂ ခုကို အောက်တိုဘာလ ၂၉ ရက်နေ့၊ အစောပိုင်းမှာ ထပ်မံသိမ်းနိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ က ဆိုသည်။

ထို့အပြင် သိန္နီရဲစခန်းကိုလည်း အောက်တိုဘာလ ၂၉ ရက်နေ့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်နေ့တွင် သိန္နီမြို့နယ်ထဲက နမ့်စလပ် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့အထိ စခန်းသိမ်းတိုက်ပွဲ ပြုလုပ်ထားနိုင်ခဲ့သည့် အခြေအနေနှင့် ပတ်သက်ပြီး ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ဖက်က တိုက်ပွဲစဖြစ်တာကတော့ မနေ့ကတည်းစဖြစ်တာ မနေ့ကတော့ ပြင်ဦးလွင်အောက်နဲ့ မိုး ကုတ်လမ်းမှာရှိတဲ့ ကျနော်တို့ နောင်ချိုမြို့နယ်ထဲက သံဘိုကျေးရွာမှာ အဲမှာတော့ ဒီစကစ စခန်းကိုသိမ်းဆည်း ရမိတာတော့ရှိတယ်။ နောက်ထပ် ဒီနေ့ကတော့ နမ့်ခမ်းမြို့နယ်ထဲမှာရှိတဲ့ ၁၃ မိုင် စခန်းလို့ခေါ်တဲ့ တာဝါတိုင် စခန်း ဒေသအခေါ်ပေါ့ အဲဒီ တာဝါတိုင်စခန်းကို သိမ်းဆည်းရမိတာတော့ရှိတယ်။”

၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့အထိ စစ်ကောင်စီတပ်၏ စခန်းပေါင်း ၄၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ သည်ဟု ညီနောင်မဟာမိတ်က ဆိုသည်။

အောက်တိုဘာ ၂၉ ရက်နေ့မှာလည်း စခန်းသိမ်းတိုက်ပွဲများအပြင် TNLA နှင့် မန္တလေး PDF ပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာဖက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ သပိတ်ခရိုင် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် TNLA၊ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ ကြသည်။

လက်ရှိတိုက်ပွဲများကို ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ နွေဦးတော်လှန်ရေးမှ ပေါက်ပွားလာသည့် တော်လှန်ရေး အဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီ စစ်ဆင်ရေးကို အတူတကွ ဆက်လက်လုပ်ဆောင်နေပြီး သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟု  ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

Most read this week

October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...
October 21, 2024
ချင်းပြည်နယ်၊ ပလက်ဝဒေသထဲက စစ်ဘေးရှောင်၂၀၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ...